fbpx

‘ပိုက်ဆံ’ ရုပ်ရှင်ကားရုံမတင်ဖြစ်တော့ဘဲ တီဗွီချယ်နယ်မှ ထုတ်လွှင့်ပြမည်

Myanmar Media 7 ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ရိုက်ကူးခဲ့တဲ့ ပိုက်ဆံရုပ်ရှင်ကားကို ရုံမတင်ဖြစ်တော့ပဲ စကိုင်းနက်ရုပ်သံလိုင်းကနေတဆင့်သာ  ထုတ်လွှင့်ပြသ သွားတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

နေခြည်အောင်သစ်ရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းကို ဒါရိုက်တာ နေပိုင်က ရိုက်ကူးပုံ ဖော်ပေးထားတဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ နာမည်ကြီးသရုပ်ဆောင်မင်းသားမင်းသမီး တွေဖြစ်ကြတဲ့ ကျော်သူ၊ မို့မို့မြင့်အောင်၊ အောင်ရဲလင်း၊ သင်ဇာဝင့်ကျော်တို့က ခေါင်း ဆောင်ပါဝင်ထားကြပြီး ရိုက်ကူးခဲ့ချိန်ကတည်းက ပရိသတ်တွေကြား စိတ်ဝင်စားမှုမြင့် တက်ခဲ့တဲ့ ဇာတ်ကားတကားဖြစ်ပါတယ်။

လတ်တလောမှာတော့ ဒီကားကို ရုံမတင်ဖြစ်တော့ပဲ ရုပ်သံမှတဆင့် ထုတ်လွှင့် တင်ဆက်ပေးသွားမှာမို့ အွန်လိုင်းပေါ်မှာတော့ လူပြောများနေခဲ့တာပါ။

Myanmar Media 7 မှ ထုတ်လုပ်သူ ကိုဝေမင်းမောင်ကတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ် အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် ခုလိုရေးသားပြီး မျှဝေထားခဲ့တာကို တွေ့ရပါတယ်။

“ရွှေသံလွင် မီဒီယာ နှင့် Myanmar Media 7 တို့မှ ပူးပေါင်းစီစဉ်တင်ဆက်သည့် …….💰💸💵 ပိုက်ဆံ ဇာတ်ကားကြီး 💰💸💵 အား SKY NET (Pay-par-view) တွင် မကြာမီတင်ဆက်ပေးပါတော့မည်”

တချို့ပရိသတ်တွေကတော့ ဒီကားကို ရုံတင်ပြသစေလိုကြပြီး ၀ါရင့်ဒါရိုက်တာတ ဦးဖြစ်တဲ့ ဒါရိုက်တာ မီးပွားကတော့ ပို့စ်အောက်မှာ “ဒါပဲဗျာ!!!!!!!!!!!!!!!!!”လို့ မှတ်ချက် ရေးသားခဲ့ပါတယ်။

ဒီကားကို ဘာကြောင့်ရုံမတင်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ မသိရပဲ ပို့စ်ကို ပြန်လည်မျှဝေတဲ့ အနုပညာရှင်တွေလည်း များစွာရှိနေခဲ့ပါတယ်။

တေးသံရှင် မေခလာကတော့ ဒီပို့စ်ကို ပြန်လည်မျှဝေခဲ့ပြီး “ခဲလေသမျှ သဲရေကျ ဖြစ်လေရော့သလားကွယ်… ရုံမတင်တော့တာဘာဖြစ်လို့လဲ?”လို့ ရေးသားထားခဲ့တာပါ။

Source : DVB