
အင်္ဂလန်၊ ဇူလိုင် ၁၃
ကစားသမားဘဝတွင် ဂိုးသွင်းပြီးတိုင်း စက်ရုပ်အကဖြင့် အောင်ပွဲခံလေ့ရှိသော အင်္ဂလန်တိုက်စစ်မှူးဟောင်း ပီတာခရော့သည် ကစားသမားဘဝမှ အနားယူပြီဖြစ်ကြောင်း တရားဝင်ကြေညာခဲ့သည်။
ပီတာခရော့သည် လူငယ်ကစားသမားဘဝကို ဘရန်ဖို့ဒ်၊ ကျူပီအာနှင့် စပါးအသင်းတို့တွင် ဖြတ်သန်းခဲ့ပြီး ၂၀၀၀ ခုနှစ်တွင် ကျူပီအာအသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်များကို စတင်ကစားခဲ့ရပြီး ကျူပီအာအသင်းအတွက် ၄၂ ပွဲကစားပေးကာ သွင်းဂိုး ၁၀ ဂိုး သွင်းယူနိုင်ခဲ့သည်။
ယင်းနောက် ပီတာခရော့သည် ပို့စ်မောက်၊ အက်စတွန်ဗီလာ၊ နောဝှစ်ခ်ျ၊ ဆောက်သမ်တန်၊ လီဗာပူး၊ စပါး၊ စတုတ်စီးတီးနှင့် ဘန်လေ အသင်းတို့တွင် ကစားခဲ့ကာ အောင်မြင်မှုမှတ်တိုင်အဖြစ် လီဗာပူးအသင်းနှင့်အတူ အက်ဖ်အေဖလား (၂၀၀၅-၀၆) ခုနှစ်၊ ကွန်မြူနတီဒိုင်း (၂၀၀၆) ခုနှစ်တို့တွင် ရရှိခဲ့ပြီး ဥရောပဖလား အောင်မြင်မှုအဖြစ် (၂၀၀၆-၀၇) ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို လီဗာပူးအသင်းနှင့်အတူ တက်ရောက်နိုင်ခဲ့သော်လည်း အေစီမီလန်ကို (၂-၁) ဂိုးဖြင့် ရှုံးနိမ့်ကာ ချန်ပီယံဆုနှင့် လွဲချော်ခဲ့ရသည်။
နိုင်ငံတကာပွဲစဉ်များအဖြစ် ပီတာခရော့သည် ၂၀၀၆ ခုနှစ် ကမ္ဘာ့ဖလားနှင့် ၂၀၁၀ ကမ္ဘာ့ဖလားတို့တွင် ပါဝင်ကစားခဲ့ကာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် (၄၂) ပွဲကစားပေးကာ (၂၂) ဂိုး သွင်းယူနိုင်ခဲ့သည်။
အသက် (၃၈) အရွယ်ရှိ ပီတာခရော့က “ဖြစ်နိုင်ရင် အသက် (၄၀) လောက်ထိ ကစားချင်တာပါ။ ဆုံးဖြတ်ချက်ကိုချနိုင်ဖို့ အချိန်တော်တော်ကြာ သွေးအေးအေးနဲ့ စဉ်းစားခဲ့ရတယ်။ အခုတော့ ဘောလုံးသမားဟောင်းဆိုတဲ့ ရေးသားမှုမျိုးကို မြင်ရပြီပေါ့။ ဒီအခြေနေထိ ရောက်ရှိခဲ့လို့ အားလုံးကို ကျေးဇူးတင်ပါတယ်”ဟု Daily Mail သို့ ပြောကြားခဲ့သည်။
ထို့ပြင် ပီတာခရော့က ကစားသမားဘဝတွင် အတူတွဲကစားခဲ့ဖူးသည့် အကောင်းဆုံး ကစားသမား (၁၁) ဦးကို ရွေးချယ်ပေးခဲ့ပြီး ရိန်နာ၊ ဂလင်းဂျွန်ဆင်၊ လက်ဒလေကင်း၊ ဂျွန်တယ်ရီ၊ အက်ရှ်လေကိုးလ်၊ လူကာမိုဒရစ်၊ စတီဗင်ဂျရတ်၊ ဇာဗီအလွန်ဆို၊ ဝိန်းရွန်နေး၊ ဖာနန်ဒိုတောရက်စ်နှင့် ဂါရတ်ဘေးလ် စသည့် ကစားသမားများ ပါဝင်ခဲ့သည်။
Source : The Voice