fbpx

မာန်အောင်ကျွန်း နှင့် ကိုကိုးကျွန်း ဒေသများအား ဆိုလာဖြင့် လျှပ်စစ်မီး ဖြန့် ဖြူးပေးနိုင်ရေး စီမံကိန်းများ ချမှတ် ဆောင်ရွက်လျက်ရှိ

အမျိုးသား အဆင့် ပြန်ပြည့်မြဲ စွမ်းအင်ဆိုင်ရာ ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၁၉) ကျင်းပစဉ် (ဓာတ်ပုံ – Ministry of Electricity and Energy,Myanmar)

ရန်ကုန် ၊ သြဂုတ် ၂၇ ရက်(ဆင်ဟွာ)

မာန်အောင်ကျွန်း နှင့် ကိုကိုးကျွန်း ဒေသများအား ဆိုလာဖြင့် လျှပ်စစ်မီး ဖြန့် ဖြူးပေးနိုင်ရေးကို စီမံကိန်းများချမှတ် ဆောင်ရွက်လျက် ရှိကြောင်း အမျိုးသားအဆင့် ပြန်ပြည့်မြဲ စွမ်းအင် ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က ပြောကြားခဲ့သည်။

လက်ရှိတွင် ပြည်တွင်း ၊ ပြည်ပ ကုမ္ပဏီ များမှ တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် ပြန်ပြည့်မြဲ စွမ်းအင် စီမံကိန်း များ အကောင်အထည်ဖော်ရန် အဆိုပြုချက်များ လက်ခံရရှိ ထားကြောင်း ၊ အဆိုပါ စီမံကိန်းများ လျင်မြန်စွာ အကောင်အထည် ဖော်နိုင်ရေး အတွက် လိုအပ်သည့် ဥပဒေပိုင်း ဆိုင်ရာများ ရေးဆွဲပြဋ္ဌာန်းရေး နှင့် လုပ်ငန်းများ ဆက်လက် ဆောင်ရွက် သွားနိုင်ရေး အတွက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ၎င်းက သြဂုတ် ၂၆ ရက်တွင် ပြုလုပ်သော အမျိုးသား အဆင့် ပြန်ပြည့်မြဲ စွမ်းအင်ဆိုင်ရာ ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၁၉)တွင် ပြောကြားခဲ့သည်။

လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီး ဌာန အနေဖြင့် ယခုနှစ်ကုန်တွင် တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်း လျှပ်စစ်မီး ရရှိရေး ရည်မှန်းချက် အောင်မြင်စေရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း ၊ ၎င်းအပြင် မြဝတီနယ်စပ်ဒေသများအထိ ၂၃၀ ကေဗွီ ဓာတ်အားလိုင်းများကို သွယ်တန်း ပေးနိုင်ခဲ့သည့် အပြင် ကျိုင်းတုံ ဒေသသို့ လည်း ပေးနိုင်ရန် ဆောင်ရွက် လျက် ရှိကြောင်း ၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့ များ အားလုံးနည်းပါး လျှပ်စစ်မီး ရရှိစေရေး ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း ၊ ဆက်လက်၍လည်း တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်-မြိတ် ဒေသများအထိ ဓာတ်အားလိုင်းများ တိုးချဲ့ တည်ဆောက် နိုင်ရန် အထူး ဦးစားပေး ဆောင်ရွက်လျက် ရှိကြောင်း ၊ ပြန်ပြည့်မြဲ စွမ်းအင်ကဏ္ဍတွင်လည်း မြန်မာနိုင်ငံ၏ ပထမဆုံး ဆိုလာ စီမံကိန်း ဖြစ်သည့် မင်းဘူး ဆိုလာ စီမံကိန်းကို ဖွင့်လှစ် နိုင်ခဲ့ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က ပြောကြားခဲ့သည်။

ယင်းအစည်းအဝေးတွင် အမျိုးသား အဆင့် ပြန်ပြည့်မြဲ စွမ်းအင်ဆိုင်ရာ ကော်မတီကို အထောက်အကူပြုနိုင်ရန် လုပ်ငန်း ကော်မတီများ ဖွဲ့ စည်းမည့် အဆိုပြု အစီအမံများ ၊ ပြန်ပြည့်မြဲ စွမ်းအင်ဆိုင်ရာ စီမံကိန်း အဆိုပြုချက်များ ၊ ပြန်ပြည့်မြဲ စွမ်းအင်ဆိုင်ရာ ဥပဒေရေးရာ အကြံပြုချက်များ ရှင်းလင်းတင်ပြခြင်းများ ပြုလုပ်ခဲ့ပြီး ကဏ္ဍအလိုက် ပူးပေါင်း ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။(Xinhua)

Source : Xinhua Myanmar