fbpx

ရန်ကုန်မြို့ အပြင်ပတ်လမ်းပေါ်တွင် တစ်နိုင်ငံလုံးသို့ ဆက်သွယ်နိုင်မည့် Logistic Hub, Trucks Terminal yard များတည်ဆောက်ရန် စီစဉ်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးကျင်းပစဉ် (ဓာတ်ပုံ–YRG)

ရန်ကုန်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) 

ရန်ကုန်မြို့ အပြင်ပတ်လမ်းပေါ်တွင် တစ်နိုင်ငံလုံးသို့ ဆက်သွယ်နိုင်မည့် ကုန်တင်ကားများရပ်ရန် အတွက် ထောက်ပံ့ပို့ဆောင်ရေးအချက်အချာနေရာတစ်ခု (Logistic Hub, Trucks Terminal yard) အမြန်ဆုံးတည်ဆောက်ရန် စီစဉ်လျက်ရှိပြီး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းစနစ် အကောင်အထည်ဖော်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောသည်။

ယနေ့၊ နံနက်(၁၀)နာရီတွင် ကျင်းပသော လွှတ်တော်အစည်းအဝေး၌ လသာမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းဟန်၏ ရန်ကန်တိုင်းဒေသကြီးအတွင်း ပြည်သူများ၏ ကုန်စည်ပို့ဆောင်ယူရေးအတွက် လွယ်ကူစိတ်ချ လုံခြုံမြန်ဆန်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ထွက်လာရန် ကုန်စည်ဝန်ဆောင်မှုလုပ်ငန်း စနစ်တစ်ခုကို အကောင်အထည်ဖော်ရန် အစီအစဉ်ရှိ၊မရှိကို သိရှိလိုပါကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ကုန်းလမ်းကုန်စည်ပို့ဆောင်ရေးကဏ္ဍတွင် ၂၂ ဘီး၊ နောက်တွဲပါယာဉ်များ၊ ၁၂ ဘီး၊ ၆ ဘီး၊ စီးလုံးယာဉ်များ၊ စက်ရုံများမှ တိုက်ရိုက်သော်လည်းကောင်း၊ ဘုရင့်နောင်အဝေးပြေး ယာဉ်ရပ်နားစခန်းရှိ ကားဂိတ်များသို့ ကုမ္ပဏီမှ ပို့ဆောင်၍ တစ်နိုင်ငံလုံးရှိ မြို့များသို့ ၁၂ ဘီး၊ ၆ဘီး မော်တော်ယာဉ်များဖြင့် ပြန်လည်ပို့ဆောင် ပေးလျက်ရှိပါတယ်။ ယခုအခါ လှိုင်သာယာ၊ ရွှေပြည်သာစက်မှုဇုန်များ၊ မင်္ဂလာဒုံမြို့နယ်၊ တောင်ဒဂုံ၊ အရှေ့ဒဂုံ အစရှိသည့် စက်မှုဇုန်များမှ ဘုရင့်နောင်၊ မရမ်းကုန်မြို့နယ်သို့ တစ်ဆင့် ကုန်ပြန်ပို့နေရခြင်း၊ ဘုရင့်နောင် ယာဉ်ရပ်နားဝင်းတွင် ရပ်နားသည့် ယာဉ်နှင့်ရပ်နားဝင်း မမျှတ၍ ယာဉ်ပိတ်ဆို့မှုများ လျှော့ချနိုင်ရန် မြန်မာနိုင်ငံအဝေးပြေး ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းနှင့် ဆွေးနွေး၍ နောက်တွဲယာဉ်များ၊ ၁၂ ဘီးလုံးယာဉ်များ မြို့တွင်းသို့ အဝင်အထွက် လျှော့ချနိုင်ရန် နောင်တည်ဆောက်မည့် ရန်ကုန်မြို့ အပြင်ပတ်လမ်းပေါ်တွင် တစ်နိုင်ငံလုံးသို့ ဆက်သွယ်နိုင်မည့် Logistic Hub, Trucks Terminal yard အမြန်ဆုံးတည်ဆောက်ရန် စီစဉ်နေလျက်ရှိပြီး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းစနစ် အကောင်အထည်ဖော်လျက်ရှိပါတယ်။”ဟု ဝန်ကြီးဦးမြင့်သောင်းက ပြောသည်။

အစိုးရအနေဖြင့် ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မြန်မာ့ မီးရထားဌာနပိုင် ကုန်လှောင်ရုံကြီးများတွင် ကုန်စည်များကို သိုလှောင်ပြီး နိုင်ငံတော်ပိုင် မီးရထားဖြင့် သယ်ယူပို့ဆောင်စေခြင်းဖြင့်လည်းကောင်း၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဆိပ်ကမ်းငယ်များ ဝါးတန်း၊ ဗားကရာစသည့် ဆိပ်ကမ်းများရှိ ကုန်လှောင်ရုံများတွင် ကုန်စည်များကို သိုလှောင်ပြီး နိုင်ငံပိုင်ရေယာဉ်များ၊ ပုဂ္ဂလိကပိုင် ရေယာဉ်များတို့ဖြင့် သယ်ယူပို့ဆောင်စေခြင်းဖြင့်လည်းကောင်း၊ အဝေးပြေးကုန်စည် ပို့ဆောင်ရေးဂိတ်များရှိ ကုန်လှောင်ရုံများတွင် ကုန်စည်များကို သိုလှောင်ပြီး (၁၂ဘီး၊ ၁၀ ဘီး၊ ၆ ဘီး) မော်တော်ယာဉ်များဖြင့် သယ်ယူပို့ဆောင်စေခြင်းဖြင့်လည်းကောင်း၊ နိုင်ငံတကာမှ ပင်လယ်ရေကြောင်း ကုန်သွယ်မှုစနစ်ဖြင့် ဝင်ရောက်လာသည့် ကုန်စည်များကို ရန်ကုန်မြို့ရှိ နိုင်ငံတော်ပိုင်ဆိပ်ကမ်းကြီးများ ဆူးလေဆိပ်ကမ်းများရှိ ကုန်လှောင်ရုံကြီးများ၊ ပုဂ္ဂလိကပိုင် ဆိပ်ကမ်းကြီးများရှိ ကုန်လှောင်ရုံကြီးများတွင် သိုလှောင်၍ ရန်ကုန်မြို့တွင်းနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးသို့ သယ်ယူပို့ဆောင်စေခြင်းဖြင့် လည်းကောင်း၊ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ နိုင်ငံတော်အစိုးရအနေဖြင့် လည်းကောင်း၊ ပုဂ္ဂလိကကဏ္ဍကိုလည်း လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်စေခြင်းဖြင့် လည်းကောင်း အားပေးကူညီ ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးက ဆိုသည်။ 

ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု အခြေအနေမှာ မြန်မာ့မီးရထားဖြင့် တန်ချိန် (၅၂၆,၁၀၀)၊ ကုန်တန်မိုင် (၁၃၃,၀၁၇,၀၀၀)မိုင်၊ ကုန်တင်ယာဉ် (ဝန်ပေါ့ ဝန်လေး၊ အခြား၊ နှစ်ဘီးတပ်၊ သုံးဘီးတပ်၊ ထော်လာဂျီ၊ စက်ယန္တရား၊ နောက်တွဲ စသည့်ယာဉ်များ) စီးရေ (၅၃၃,၄၁၂)စီး၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးလမ်းကြောင်းဖြင့် ကုန်တန်ချိန်(၄၂၂,၁၃၅)၊ ကုန်တန်မိုင် (၂၃,၁၂၄)မိုင်၊ နိုင်ငံပိုင်ရေယာဉ် (၁၂)စီး၊ ပုဂ္ဂလိကပိုင် (၃၃၆)စီး၊ ပြည်တွင်းလေကြောင်းဖြင့် ကုန်တန်ချိန် (၁,၃၇၂)တန်၊ ကုန်တန်မိုင်(၂၈၆,၃၄၆)မိုင်ကို ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု ပေးနိုင်ခဲ့ကြောင်း သိရသည်။  (Xinhua) 

Source : Xinhua Myanmar