fbpx

အသားစားကြက်သားပေါက်ကို ဈေးနှုန်းအပေါ် အခြေခံတင်သွင်းခွင့်ပြုပေးရန် ဆုံးဖြတ်

ရန်ကုန်၊ စက်တင်ဘာ ၃
ပြည်ပမှ အသားစားကြက်သား ပေါက်တင်သွင်းမှုကို ဈေးနှုန်းကြီးမြင့်သည့်အချိန်တွင် အရေအတွက်အပေါ် အခြေမခံဘဲ ဈေးနှုန်းအပေါ်အခြေခံတင် သွင်းခွင့်ပြုပေးရန် အသားစားကြက် မွေးမြူရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။
ဩဂုတ်လနောက်ဆုံးပတ်က မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၏ (မန္တလေးတိုင်းဒေသကြီး) အသားစားကြက်မွေးမြူရေးဆိုင်ရာ ဆွေးနွေးပွဲတွင် လတ်တလောဖြစ်ပေါ်လျက်ရှိသည့် အသားစားကြက်အရှင် ဈေးနှုန်းကျဆင်းနေမှုများ၊ အသားစားကြက်ပေါက်ဈေးနှုန်း ကြီးမြင့်နေခြင်းများနှင့် ကြက်သားဈေးကွက်ဆိုင်ရာများ ဆွေးနွေးခဲ့ကြပြီး ယင်းဆွေးနွေးပွဲတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ကြက်သားများ ဈေးနှုန်းလွန်စွာ ကြီးမြင့်ခြင်းမဖြစ်စေရန် အသားစား ကြက်ပေါက်ဈေးနှုန်း ၇၀၀ ကျပ် ကျော်လာပါက အကန့်အသတ်မပြုဘဲတင်သွင်း ခွင့်ပြုထားရန်၊ ကြက်အရှင်ဈေးနှုန်းဖွင့်ရာတွင် အမှန်တကယ်ရောင်းဝယ်နေသည့် ကြက်အရှင်ဈေးနှုန်းများဖြစ်စေရန် Myanmar Livestock Federation-Mandalay အမည်ဖြင့် ပေ့ခ်ျဖွင့်ဆောင်ရွက်ရန် စသည့်အချက်များ ဆုံးဖြတ်ခဲ့ကြသည်။
“လောလောဆယ် ကြက်သားဈေးက ထုတ်လုပ်မှုစရိတ်အောက် လျော့နေတယ်။ သူတို့အတွက် အဆင်ပြေအောင် ဘယ်လိုလုပ်မလဲပေါ့။ ကြက်ပေါက်ဈေးကမြင့်နေတယ်။ ကြက်သား ဈေးမတက်ရင်တောင် ကြက်ပေါက်ဈေးက လျော့ဖို့လိုတာပေါ့။ အဓိကက အဲဒါ တွေကိုဆွေးနွေးတာပါ”ဟု မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် (မန္တလေး) ဥက္ကဋ္ဌ ဒေါက်တာကျော်ထင်က ပြောကြားသည်။
လက်ရှိတွင်လည်း ကြက်သားဈေး သတ်မှတ်ရာ၌လည်း ဈေးနှိမ့်ခြင်း၊ ဈေးမြှင့်ရောင်းခြင်းတို့ မပြုလုပ်ဘဲ အမှန်တကယ် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတစ်ခုတည်းကိုသာ သတ်မှတ်ရောင်းဝယ်ကြရန် မန္တလေးနှင့် ပြင်ဦးလွင်တွင် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
ထို့ပြင် အသားစားကြက်အရှင် ခြံဖမ်းဈေးမှာ ထုတ်လုပ်မှုစရိတ်အောက် အလွန်အကျွံကျဆင်းပါက ဈေးနှုန်းတစ်ခု သတ်မှတ်ရောင်းကြရန်၊ ကြက်သားပေါက် ဈေးနှုန်းလျော့ကျနိုင်ရန်အတွက် ပြည် တွင်းကြက်သားပေါက် ထုတ်လုပ်သည့် ကုမ္ပဏီများကို မေတ္တာရပ်ခံပေးရန် စသည့် အချက်များပါဝင်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် (မန္တလေး) ထံမှ သိရသည်။
စက်တင်ဘာလ ၄ ရက်နေ့တွင်လည်း အဆိုပါအချက်များဆွေးနွေးဆုံး ဖြတ်ခဲ့ခြင်းနှင့်ပတ်သက်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တို့ တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း ယင်းအဖွဲ့ချုပ်ထံမှ သိရသည်။
စက်တင်ဘာလ ၃ ရက်နေ့တွင် မင်္ဂလာတောင်ညွန့်ကြက်ဘဲဒိုင်၏ အသားတိုးကြက်ခြံဖမ်းဈေးမှာ ၂၇၀၀ ကျပ်ရှိကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်ထံမှ သိရသည်။ 

J-11

Source : The Voice