fbpx

ကျော်ထက်အောင်နဲ့ တွေ့ဆုံခြင်း

“ဒရာမာမင်းသားဆိုတော့ ဒရာမာကားပဲပေါ့”
သရုပ်ဆောင်ကျော်ထက်အောင်နဲ့တွေ့ဆုံခိုက် တိမ်တွေပေါ်က ဇာတ်ကားအကြောင်း ချင်းတောင်မှာ သွားရောက်ရိုက်ကူးခဲ့ရတဲ့ အတွေ့အကြုံ အကြောင်းအရာတွေကို မေးမြန်းထားပါတယ်။ 
Voice : ချင်းတောင်မှာ ရုပ်ရှင်ရိုက်ခဲ့တဲ့ အတွေ့အကြုံလေး ပြောပြပါဦး။ 
KHA : တော်တော်လည်း ပင်ပန်းတယ်။ ပင်ပန်းရကျိုးလည်း နပ်ခဲ့ကြတယ်။ လမ်းခရီးကလည်း တော်တော်ကြမ်းတယ်။ မိုးတွင်းလည်း ဖြစ်နေတယ်။ ဒေသခံတွေတောင် သိပ်မသွားတဲ့ မြို့ကို ကျွန်တော်တို့က သွားပြီး ရိုက်ခဲ့တာ။ ရိုက်ကူးရေးအတွေ့အကြုံကတော့ အများကြီးရတာပေါ့။ ကိုယ့်ထက်ငယ်တဲ့ သူဆီကလည်း ရတယ်။ ဦးမောင် (စင်ရော်မောင်မောင်) ဆီကလည်း သင်ကြားရတယ်။ ကိုယ်နဲ့ ဒေသမတူတဲ့လူတွေရဲ့ အတွေ့အကြုံတွေလည်း အများကြီးရပါတယ်။ 
Voice : ဘယ်လိုဇာတ်မျိုးဖြစ်မလဲ။
KHA : ဒရာမာမင်းသားဆိုတော့ ဒရာမာကားပဲပေါ့နော်။ ဒီကားက ပိုပြီးတော့မှ အပြိုင်လိုဖြစ်တဲ့အတွက် လုပ်ပိုင်ခွင့်ပိုရတယ်။ အင်္ဂလိပ်လိုလည်း ပြောရတဲ့အတွက် စိန်ခေါ်မှုလည်း ဖြစ်ပါတယ်။ အဓိကတော့ ကိုရီးယားမင်းသားနဲ့ ကိုရီးယားမင်းသမီးနဲ့က အင်္ဂလိပ်လိုပြောကြတဲ့အခါမှာ ကျွန်တော်တို့ရဲ့ မြန်မာစကားတွေကို ခံစားပြီးတော့ သရုပ်ဆောင်တဲ့အပိုင်းတွေမှာ ဘာသာစကား အခက်အခဲရှိတယ်။ သူတို့က ဘယ်လိုခံစားပြီး ဒီစကားကို နားထောင်ရမလဲ။ ဘာပြောနေတာလဲဆိုတာကို ခန့်မှန်းပြီး ခံစားရတာဆိုတော့လေ။
Voice : တိမ်တွေပေါ်ကပန်း ဇာတ်ကားက ကျော်ထက်အောင်ရဲ့ ဘဝမှာ ဘယ်လိုဇာတ်ကားမျိုးဖြစ်မလဲ။ 
KHA : ဒီကားက နှစ်နိုင်ငံချစ်ကြည်ရေးကား ဖြစ်သလို အမှတ်တရဖြစ်စေတယ်။ တစ်ဦးချင်းစီတိုင်း အမှတ်တရဖြစ်စေမှာပါ။ ကစ်ကစ်အတွက်လည်း အမှတ်တရဖြစ်စေမယ့်ကားပါ။ ပိုပြီးတော့ လုပ်ပိုင်ခွင့်ရပြီး ဒီကားထဲမှာ ပါဝင်ခွင့်ရတဲ့ ပီတိကလည်း မနည်းပါဘူး။ 
Voice : ချင်းဒေသရဲ့ အကြောင်းဘာတွေ ဗဟုသုတရခဲ့တာရှိလဲ။
KHA : ရိုက်ကူးရေးအမှတ်တရတွေတော့ အများကြီးရှိခဲ့တာပေါ့နော်။ ခက်ခက်ခဲခဲ အမှတ်တရတွေ ထမင်းချက်ပါတယ်ဆိုပေမယ့် အစားအသောက် ငတ်ခဲ့တယ်။ အနေအထိုင်လေးလည်း ဆင်ခြင်ရတယ်။ ဟိုတယ်ကလည်း မပြီးသေးတဲ့ ဟိုတယ်နေရတော့ ကျွန်တော် အင်းဆက်လေးတွေနဲ့ အတူတူအိပ်ရတာပေါ့။ တစ်ခေါက်တော့ ဖျားသွားတယ်။ ကိုယ်ဖျားနေလို့ အကုန်လုံးရပ်သွားမယ် မဖြစ်အောင်တော့ လုပ်ရတာပေါ့။ 
Voice : ချင်းကောင်မလေးနဲ့ ပုံလည်း တင်ထားတာ တွေ့တယ်နော်။ ပရိသတ်တွေကတစ်မျိုး ထင်နေကြတယ်။ 
KHA : အဲဒါ ချင်းကောင်မလေးပေါ့။ ကျွန်တော်တို့က ဆရာမလို့ခေါ်တယ်။ Marry ဆိုတဲ့ ကောင်မလေးပေါ့။ သူက ကလေးတွေကို ဘာသာပြန်လိုမျိုး လုပ်တာပေါ့နော်။ မြန်မာစကားနားမလည်တဲ့ ကလေးတွေကို ချင်းစကားလာပြီးတော့ ပြောပေးပြီးတော့ သရုပ်ဆောင်ရတဲ့ ဦးဆောင်ပေးတဲ့ ဆရာမပါ။ သူ့ကို ချင်းဝတ်စုံလေးအကူအညီတောင်းပြီး ရိုက်လိုက်တာပါ။ 

ခင်ညိုညိုသိမ့်

Source : The Voice