fbpx

တရုတ်ပြည်၌ နှစ် ၇၀ ပြည့်အထိမ်းအမှတ်ပွဲများဖြင့်စည်ကားနေချိန် ဟောင်ကောင်တွင် အဆိုးရွားဆုံးဆူပူအုံကြွမှုများဖြစ်ပေါ်

ဟောင်ကောင်၊ အောက်တိုဘာ ၂ 
တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် နိုင်ငံထူထောင်ခြင်း နှစ် ၇၀ ပြည့်အထိမ်း အမှတ်အဖြစ် အခမ်းအနားများ ကျင်းပနေချိန်တွင် တရုတ်လက်အောက်ခံကိုယ် ပိုင်အုပ်ချုပ်ရေးပြဋ္ဌာန်းခွင့် ရထားသော ဟောင်ကောင်၌ ဆူပူအကြမ်းဖက်မှုများ အဆိုးရွားဆုံး ဖြစ်ပေါ်လျက်ရှိကြောင်း ဟောင်ကောင်ရဲချုပ်က ပြောကြားသည်။ 
ယမန်နေ့က ဖြစ်ပေါ်သော ဆန္ဒပြပွဲတွင် အသက် ၁၈ နှစ်အရွယ် ဆန္ဒပြသူ တစ်ဦးမှာ ရင်ဘတ်တွင် သေနတ်ပစ်ခံလိုက်ရသည်။ 
ဓာတ်ဆီဗုံးများနှင့် အခြားလက်နက်များ ကိုင်ဆောင်ထားသော ဆန္ဒပြသူအချို့မှာ ရဲတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခဲ့ကြသည်။ 
ပဋိပက္ခများအတွင်း ဆန္ဒပြသူ ၁၀၄ ဦး ဒဏ်ရာရရှိသွားပြီး ဆေးရုံတင်လိုက်ရသည်။ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်သော ဆန္ဒပြသူပေါင်း ၁၈၀ ရှိသည်ဟုဆိုသည်။ 
တရုတ်ပြည်တွင် ကွန်မြူနစ်ပါတီနှင့် နိုင်ငံတော်ထူထောင်ခြင်း နှစ် ၇၀ ပြည့်နှစ် အထိမ်းအမှတ် အခမ်းအနားများမပြုလုပ်မီ ရက်ပိုင်းကတည်းက ဟောင်ကောင်တွင် တင်းမာမှုများ မြင့်တက်လျက်ရှိခဲ့သည်။ 
ယခုနှစ် ဟောင်ကောင်တွင် ဆန္ဒပြမှုများနှင့် ဆူပူအကြမ်းဖက်မှုများဖြစ်ပေါ် လာခဲ့သည်မှာ လေးလကျော်ကြာမြင့်လာ ပြီဖြစ်သည်။ အစပိုင်းက ဥပဒေမူကြမ်းတစ်ရပ် ဖျက်သိမ်းရေးအတွက် ဆန္ဒပြမှုများ စတင်ခဲ့ခြင်းဖြစ်သည်။ ယင်းဥပဒေ မူကြမ်းကိစ္စကို ဟောင်ကောင်အစိုးရက ဖျက်သိမ်းပေးလိုက်သော်လည်း ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပေါ်ခဲ့သည်။ 
ယခုအခါတွင်မူ ဆန္ဒပြသူများက ဥပဒေမူကြမ်းကိစ္စထက် ဒီမိုကရေစီစနစ်ကို ပိုမိုကျယ်ပြန့်စွာအသုံးပြုခွင့်ရရှိရန် တောင်းဆိုနေကြခြင်းဖြစ်သည်။ 
ယမန်နေ့က ဖြစ်ပေါ်သော ဆူပူအကြမ်းဖက်မှု၌ ပစ်ခတ်ခံလိုက်ရသော ဆောင်ချီကင်ဆိုသူမှာ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ဝင်ရောက်တိုက်ခိုက်စဉ် ပစ်ခတ်ခံလိုက်ရခြင်းဖြစ်သည်ကို လူမှုကွန်ရက်များပေါ်တွင် တက်လာသော ဗီဒီယိုဖိုင်များအရ သိရသည်။ 
“ကျွန်တော် ရင်ဘတ်နာနေပြီ၊ ဆေးရုံသွားမှဖြစ်မယ်”ဟု အသက် ၁၈ နှစ် အရွယ်ရှိ ဆောင်ချီကင်ကပစ်ခတ်ခံလိုက်ရပြီးနောက် ပြောကြားသည်။ 
ဟောင်ကောင်အစိုးရ၏ ထုတ်ပြန်ချက်အရ ဆောင်ချီကင်သည် ယခုအခါ ဆေးရုံတွင် ကုသမှုခံယူနေပြီးစိတ်ချရသည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ 
ယခင်က ဆန္ဒပြသူများကို ရော်ဘာ ကျည်ဆန်များဖြင့်သာ ပစ်ခတ်ခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ ဟောင်ကောင်ရဲတပ်ဖွဲ့က ကျည်ဆန်အစစ်များအသုံးပြု လာခြင်းဖြစ်သည်။ 
ဟောင်ကောင်ရဲချုပ်၏ ပြောကြားချက်အရ ကျည်ဆန်သုံးကာ ပစ်ခတ်ခြင်းသည် တရားဥပဒေနှင့် ကိုက်ညီပြီး ကျိုးကြောင်းဆီလျော်မှုလည်းရှိသည်ဟု ဆိုသည်။ ဟောင်ကောင်ရဲအရာရှိသည် ၎င်းနှင့် ၎င်း၏ ရဲတပ်ဖွဲ့ဝင်များ အသက်အန္တရာယ်ခြိမ်းခြောက်ခြင်းခံနေရပြီဟု ထင်သောကြောင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ရဲချုပ်က ပြောကြားသည်။ 

F-01

Source : The Voice