fbpx

ကန်ဒေါ်လာသန်း ၁၆၀ ကျော် ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၀ ခွင့်ပြု

ရန်ကုန်၊ အောက်တိုဘာ ၃
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း အမေရိကန်ဒေါ်လာသန်း ၁၆၀ ကျော် ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်း ၂၀ ကျော် ခွင့်ပြုပေးလိုက်ကြောင်း ယင်းကော်မရှင်ထံမှ သိရသည်။ 
ခွင့်ပြုပေးလိုက်သည့်လုပ်ငန်း ၂၀ ထဲတွင် အဆိုပြုလုပ်ငန်း ၄ ခုနှင့် အတည်ပြုလုပ်ငန်း ၁၆ ခုဖြစ်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က အဆိုပြုလုပ်ငန်း ၄ ခု၊ အတည်ပြုလုပ်ငန်း ၁ ခု၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီက အတည်ပြုလုပ်ငန်း ၁၂ ခုနှင့် မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီက အတည်ပြုလုပ်ငန်း ၁ ခုနှင့် ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီက အတည်ပြုလုပ်ငန်း ၂ ခု ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်။
“၂၀၁၀ -၂၀၁၁ တုန်းက အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၉ ဘီလီယံ အဲဒီ တစ်နှစ်ထဲမှာ ဝင်ပါတယ်။ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ကုမ္ပဏီတွေက ရေနံရှာဖွေရေးမှာ တောက်လျှောက်ဝင်လာလို့ပါ။ ၂၀၁၃-၁၄ အထိ ဓာတ်ငွေ့ကဏ္ဍက ရင်းနှီးမြှုပ်နှံမှုအများဆုံးပဲ။ အဲဒါက ဒေတာအရပေါ့။ တကယ်တမ်းပြန်ကြည့်မယ်ဆို ကုန်ထုတ်ကဏ္ဍက ရင်းနှီးမြှုပ်နှံမှု တက်လာတယ်”ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။
ထို့ပြင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်လည်း ကုန်ထုတ်လုပ်သည့်ကဏ္ဍ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လာမည်ဟု မျှော်မှန်းထားကြောင်း ၎င်းက ပြောဆိုသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၀ ခုမှာ စက်မှုကဏ္ဍမှ ၁၇ ခုနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍမှ ၁ ခု၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍမှ ၁ ခုနှင့် အခြားဝန်ဆောင်မှု ကဏ္ဍမှ ၁ ခုတို့ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၆၉ ဒသမ ၅၈၄ သန်းကို ခွင့်ပြု/အတည်ပြုပေးခဲ့ကာ ယင်းလုပ်ငန်းများမှ ပြည်တွင်း လုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၈၀၃၆ ဦးကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။ 
၂၀၁၈-၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ စက်တင်ဘာလ ၂၇ ရက်နေ့အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု၊ အတည်ပြုပေးမှုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၈၂ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ ၂၇၆၄ ဒသမ ၁၂၈ သန်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၄၁၅၈ ဒသမ ၄၇၄ သန်းဖြစ်သည်။

J-11

Source : The Voice