fbpx

ဘူဆန်အပြည်ပြည်ဆိုင်ရာရုပ်ရှင်ပွဲတော်၏ Asia Contents Award ဆန်ခါတင်စာရင်းတွင် Descendants of The Sun ဇာတ်လမ်းတွဲ ပါဝင်

(၂၄) ကြိမ်မြောက် ဘူဆန်အပြည်ပြည်ဆိုင်ရာရုပ်ရှင်ပွဲတော် BIFF တွင် ဆောင်ဂျွန်ကီနှင့် ဆောင်းဟေကိုတို့ တွဲဖက်သရုပ်ဆောင်ခဲ့သည့် Descendants of The Sun ဇာတ်လမ်းတွဲက ထိပ်တန်းဆုတစ်ခုဖြစ်သည့် Asia Contents Award ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သည်။

၂၀၁၆ ခုနှစ်တွင်ထုတ်လွှင့်ခဲ့သည့် Descendants of The Sun ဇာတ်လမ်းတွဲသည် အာရှတစ်ဝန်းတွင် အလွန်အမင်းအောင်မြင်မှု ရရှိခဲ့ပြီး တောင်ကိုရီးယားတွင် ပရိသတ်ကြည့်ရှုမှုနှုန်း ၃၈.၈ ရာခိုင်နှုန်းအထိ ရရှိခဲ့သည်။ ယင်းဇာတ်လမ်းတွဲသည် Song- Song တို့၏ အချစ်ဇာတ်လမ်းစတင်ခဲ့သည့် ဇာတ်လမ်းတွဲလည်းဖြစ်သည်။ Descendants of The Sun ဇာတ်လမ်းတွဲ ရိုက်ကူးပြီးနောက် ချစ်သူအဖြစ်တွဲခဲ့ပြီး လက်ထပ်ခဲ့သည့် ဆောင်ဂျွန်ကီနှင့် ဆောင်းဟေကိုတို့သည် ယခုနှစ်ဇူလိုင်တွင် ကွာရှင်းခဲ့သည်။

ယခုနှစ်တွင် စတင်ပေးအပ်မည့် ဆုအမျိုးအစားအသစ်တစ်ခုဖြစ်သည့် Asia Contents Award အတွက် ဆန်ခါတင်စာရင်းတွင် ကိုရီးယားဇာတ်လမ်းတွဲများဖြစ်သည့် Descendants of The Sun နှင့် The Fiery Priest, တရုတ်ဇာတ်လမ်းတွဲ The Longest Day In Chang An ၊ အမေရိကန်ရုပ်သံဇာတ်လမ်းတွဲကို ဂျပန်က ပြန်လည်ဆန်းသစ်ရိုက်ကူးထားသည့် Suits ဇာတ်လမ်းတွဲ၊ Netflix ၏ The Naked Director ဇာတ်လမ်းတွဲတို့ လျာထားခံခဲ့ရသည်။

ငါးနှစ်အတွင်း ကိုရီးယား၊ ဂျပန်၊ တရုတ်၊ ဟောင်ကောင်၊ ထိုင်ဝမ်နှင့် အာဆီယံနိုင်ငံများတွင် ထုတ်လွှင့်ပြသခဲ့သည့် ရုပ်သံဇာတ်လမ်းတွဲများထဲမှ အကောင်းဆုံးများကို ဂုဏ်ပြုရန် ယင်းဆုကို စီစဉ်ခဲ့ခြင်းဖြစ်သည်။ ယခုနှစ် BIFF ကို အောက်တိုဘာ ၃ ရက်မှ ၁၂ ရက် အထိကျင်းပမည်ဖြစ်ပြီး Asia Contents Awards ကို အောက်တိုဘာ ၆ ရက်တွင် Sohyang ပြဇာတ်ရုံ၌ ပေးအပ်မည်ဖြစ်သည်။

၁၉၉၆ ခုနှစ်တွင် စတင်ခဲ့သည့် BIFF သည် ဇာတ်ကားသစ်များနှင့် ဒါရိုက်တာအသစ်များ အထူးသဖြင့် အာရှမှ ဒါရိုက်တာအသစ်များကို မိတ်ဆက်ရန်ရည်ရွယ်သည့် ရုပ်ရှင်ပွဲတော်တစ်ခုဖြစ်သည်။ ယခုနှစ်ရုပ်ရှင်ပွဲတော်တွင် နိုင်ငံပေါင်း ၈၅ နိုင်ငံမှ ဇာတ်ကား ၃၀၃ ကား ပြသမည်ဖြစ်သည်။ သရုပ်ဆောင် Jung Woo Sung နှင့် Lee Hanee တို့က အစီအစဉ်တင်ဆက်ကြမည်ဖြစ်သည်။

Source : Eleven Media Group