fbpx

DKBA တပ်ရင်းမှူးတစ်ဦး လုပ်ကြံခံရသဖြင့် သေဆုံး

ရန်ကုန်၊ အောင်တိုဘာ ၆
ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) အဖွဲ့၏ ဒုဗိုလ်မှူးကြီး အဆင့်ရှိသူ တပ်ရင်းမှူးတစ်ဦး အောက်တိုဘာ ၅ ရက်နေ့ ညပိုင်းက အမည်မသိ သေနတ်သမားတစ်ဦးက နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းကြောင့် သေဆုံးသွားကြောင်း DKBA ဆက်ဆံရေးရုံးမှ သိရသည်။
ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) အဖွဲ့ ၉၀၉ တပ်ရင်းမှုး ဒုဗိုလ်မှုးကြီး စောဝေ့ထူး နေထိုင်ရာ ကော့ကရိတ်မြို့ ချောင်းတောင်ရပ်ကွက်ရှိ နေအိမ်အတွင်းသို့ အဆိုပါ အမည်မသိ သေနတ်သမားမှ အောက်တိုဘာ ၅ ရက် ည ၇ နာရီခွဲအချိန်ခန့်တွင် အိမ်ထဲဝင်ရောက်ကာ သေနတ် ၆ ချက်ခန့် ပစ်ခတ်သွားခြင်းကြောင့် သေဆုံးသွားခြင်းဖြစ်ကြောင်း DKBA ကော့ကရိတ်ဆက်ဆံရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ သေနတ်သမားအနေနှင့် ထွက်ပြေးလွတ်မြောက်သွားပြီး လာရောက်ပစ်ခတ်သည့် အကြောင်းအရင်းကိုလည်း မသိရသေးကြောင်း လက်ရှိတွင် ယင်းနေအိမ်တွင် ဈာပနအခမ်းအနား ပြင်ဆင်ထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“ရင်ဘတ်တွေ နံဘေးတွေမှာ သေနတ်ထိတာ။ ဆေးရုံပို့တာမမီတော့ဘူး။ ဘာကြောင့်လဲဆိုတာက မပြောတတ်ဘူး။ ဘယ်သူလည်းဆိုတာလည်း မသိကြဘူး” ဟု ၎င်းက ဆိုသည်။
ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) လက်နက်ကိုင်အဖွဲ့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လည်း ဖြစ်သည်။
J-08

Source : The Voice