fbpx

ဇနီးနှင့်သား ဓာတ်လိုက်နေသည်ကို ဝင်ကယ်သည့်ဖခင် သေဆုံး

မကွေး၊ အောက်တိုဘာ ၆
မကွေးမြို့တွင် ဇနီးနှင့်သားဓာတ်လိုက်နေသည်ကို ဝင်ကယ်သည့်ဖခင် ဓာတ်လိုက်သေဆုံးခဲ့ကြောင်း ယင်းမြို့ရဲတပ်ဖွဲ့ထံမှ သိရသည်။
မကွေးမြို့၊ ရွာသစ်ရပ်၊ (၁၈) လမ်းတွင် အောက်တိုဘာ ၆ ရက်၊ နံနက်ပိုင်းက အားကစားပစ္စည်းဆိုင်ပိုင်ရှင် ဒေါ်စန်းစန်းဝင်း အိမ်ရှေ့တွင် ပြတ်ကျနေသည့် လျှပ်စစ်မီးကြိုးကို ဖယ်ရှားရာမှတစ်ဆင့် ဓာတ်လိုက်ခဲ့သည်။
မိခင်ကို သားဖြစ်သူ သတ္တမတန်းကျောင်းသား မောင်ကျော်မျိုးထက်က ဆွဲယူရာ ထပ်မံဓာတ်လိုက်ခဲ့ပြီး ယင်းကိုမြင်တွေ့သည့် ဖခင် ကားပေါ်မှဆင်းကာ ဇနီးနှင့်သားကို တွန်းထုတ်ကာ ကယ်တင်ခဲ့ခြင်းဖြစ်သည်။
ယင်းသို့ကယ်တင်သဖြင့် ၎င်းတို့ဖခင် ဦးဇော်ဇော်(၄၂နှစ်) လက်နှစ်ဖက်တွင် ညိုမည်းဒဏ်ရာများရရှိသဖြင့် မကွေးဆေးရုံကြီးသို့ ပို့ဆောင်ကုသစဉ် ဆေးရုံအရောက်တွင် သေဆုံးခဲ့ကြောင်း မကွေးမြို့မရဲစခန်းထံမှ သိရသည်။
အိမ်နီးချင်း ဦးအုန်းရွှေက “အော်သံကြားလို့သွားကြည့်တော့ လင်​မယားနှစ်​​ယောက်​စလုံး ပက်​လက်​လန်​​နေတာ။ ကျွန်​​တော်​လည်း သူတို့နဲ့ထိ​နေတဲ့ ကြိုးတွေကို ဝါးလုံးနဲ့လိုက်​ရိုက်​တာ။ သားကလွတ်​သွားတဲ့အတွက်​ ကျန်းမာတယ်​။ မိခင်​ကို​တော့ နီးစပ်​ရာလူ​တွေက ဝိုင်းပြီး နှလုံးခုန်​​အောင်​ ပြန်​လုပ်ပေးခဲ့ရတယ်​။ အခုမ​ကွေးတိုင်း​ဆေးရုံကြီးမှာ ​ဆေးကုသမှုခံယူ​နေပါတယ်” ဟု ရှင်းပြသည်​။
ယင်းအမှုနှင့်ပတ်သက်၍ မကွေးမြို့မရဲစခန်းက သေမှုသေခင်းဖွင့်ကာ ဒုရဲမှူးမိုးဇော်နိုင်က တာဝန်ယူစစ်ဆေးလျက်ရှိကြောင်း ယင်းရဲစခန်းထံမှ သိရသည်။
လွင်​​အေး

Source : The Voice