fbpx

ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးခဲ့သည့် ဆားကွင်းများကို အခွန်ကင်းလွတ်ခွင့် ပေးမည်

မွန်ပြည်နယ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးခဲ့တဲ့ ဆားကွင်းတွေကို ဆားလိုင်စင်ကြီးကြပ်ခွန်နဲ့ အမြတ်ခွန် ကင်းလွတ်ခွင့် ပေးအပ်သွားမယ်လို့ မွန်ပြည်နယ် ဆားလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းက ရေကြီးရေလျှံတာကြောင့် သိုလှောင် ဆားဂိုထောင်ရုံ ၄၇ ရုံ ရေနစ်မြုပ်ခဲ့ပြီး ဆားပိဿာချိန် ၄၇ သိန်းလောက် ပျက်စီးသွားခဲ့တာပါ။ အခုပမာဏဟာ မွန်ပြည်နယ်မှာ နှစ်စဉ် သိုလှောင်နေတဲ့ သိုလှောင်ဆား ထက်ဝက်ကျော် ပျက်စီးဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် အခုနှစ် ဆားရာသီမှာ ပျက်စီးဆုံးရှုံးခဲ့တဲ့ ဆားကွင်းတွေကို ဆားလိုင်စင် ကြီးကြပ်ခွန်နဲ့ အမြတ်ခွန် ကင်းလွတ်ခွင့် ပေးအပ်သွားမယ်လို့ မွန်ပြည်နယ် ဆားလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးခင်စိုးက ပြောပါတယ်။

ရေကြီးတာ‌ကြောင့် ပျက်စီးခဲ့တဲ့ ဆာဂိုဒေါင်ရုံတွေ ပြန်ဆောက်နိုင်ဖို့ ဈေးနှုန်းသက်သာတဲ့ သစ်တွေ ဝယ်ယူနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ဆီ တင်ပြပေးသွားမယ့်အပြင် ဆားကွင်းမှာ အသုံးပြုမယ့် ကုန်ထုတ်လမ်းကိုလည်း ဖောက်လုပ်ပေးဖို့ စီစဉ်နေတာပါ။ 

လက်ရှိမှာတော့ ဆားလုပ်ငန်းရှင်တွေက sme ချေးငွေထုတ်ပေးဖို့ အစိုးရအဖွဲ့ဆီ တင်ပြ တောင်းဆိုထားတာ ဖြစ်ပြီး၊ ချေးငွေ ရရှိရေးအတွက် ဆားကွင်းတွေကို တခြားနည်း သုံးစွဲခွင့် ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။ 

ရေကြီးတာတွေကြောင့် ပျက်စီးခဲ့တဲ့ ဆားကွင်းတွေကို ကိုယ်ထူကိုယ်ထ ပြန်လည် ဆောင်ရွက်နေပြီ ဖြစ်တယ်လို့ သံဖြူဇရပ် ပင ဆားကွင်း တာဝန်ခံ ဦးကျော်လွင်က ပြောပါတယ်။

ဆားကွင်းအတွက် လိုအပ်နေတဲ့ ကုန်ထုတ်လမ်းတွေကိုတော့ အပိုင်းအလိုက် လုပ်ဆောင်ပေးသွားဖို့ လိုအပ်နေတယ်လို့ ဆားကွင်းတာဝန်ခံက ဆိုပါတယ်။

မွန်ပြည်နယ်မှာတော့ နေလှန်းဆားကို ရေး၊ သံဖြူဇရပ် ပငကျေးရွာနဲ့ ကျိုက္ခမီတို့မှာ အဓိက လုပ်ကိုင်ကြနေတာဖြစ်ပြီး၊ နှစ်စဉ် ဆားမက်ထရစ် တန်ချိန် ၃၀၀၀၀ ကျော် ထွက်ရှိနေတဲ့ ပြည်နယ်တခုလည်း ဖြစ်ပါတယ်။‌

ဇော်လွင်ထွတ်

Tags:

Source : DVB