fbpx

အစိုးရရောင်းချမည့် မြေကွက်များအတွက် လျှောက်လွှာလာရောက်ဝယ်ယူသူ နှစ်ထောင်ကျော်ရှိ

ရန်ကုန်၊ အောက်တိုဘာ ၇
စီးပွားရေး၊ စက်မှုလုပ်ငန်းများလုပ်ကိုင်ရန်နှင့် လူနေထိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြေဝယ်ယူခွင့်လျှောက်လွှာများ အောက်တိုဘာလ ၇ ရက်နေ့က စတင်ရောင်းချပြီး လူဦးရေနှစ်ထောင်ကျော် လာရောက်လျှောက်ထားကြောင်း အရှေ့ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှုးရုံးထံမှ သိရသည်။
အဆိုပါမြေများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် အစိုးရအဖွဲ့ မြေစီမံခန့်ခွဲရေးကော်မတီက ရောင်းချခြင်းဖြစ်ပြီး ဒဂုံမြို့သစ်လေးမြို့နယ်နှင့် လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ်တို့မှ မြေကွက်များကို ရောင်းချခြင်းဖြစ်ကြောင်း မြေစီမံခန့်ခွဲမှုကော်မတီထံမှ သိရသည်။
“လျှောက်လွှာတွေကို အကန့်အသတ်တော့ မသတ်မှတ်ထားဘူး။ လာလျှောက်တဲ့သူအကုန်လုံး လျှောက်ထားလို့ရအောင် ရောင်းချပေးသွားမယ်။ ဒီလကုန်အထိ ဖောင်တွေ ရောင်းချပေးသွားမယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါမြေကွက် လျှောက်ထားခွင့်လျှောက်လွှာများကို တစ်စောင်လျှင် ကျပ်တစ်သောင်းနှုန်းဖြင့် မြေကွက်လျှောက်ထားမည့်သူ၏ မှတ်ပုံတင်မူရင်းနှင့် မိတ္တူတစ်စုံတင်ပြ၍ အရှေ့ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှုးရုံးတွင် လာရောက်ဝယ်ယူနိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြေယာဌာနထံမှ သိရသည်။
အဆိုပါလျှောက်ထားလွှာများကို ယခုလကုန်အထိ ရောင်းချသွားမည်ဖြစ်ပြီး လျှောက်လွှာများကို နိုဝင်ဘာလ ၁ ရက်နေ့မှ ၈ ရက်နေ့အထိ လာရောက်လျှောက်ထားနိုင်ကြောင်း ယင်းဌာနထံမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံခန့်ခွဲပိုင်ခွင့်ရှိသော တိုင်းဒေသကြီးအတွင်းရှိ မြေများကို စီးပွားရေးနှင့် စက်မှုလုပ်ငန်းလုပ်ကိုင်ရန်၊ လူနေထိုင်နိုင်ရန် မြေအသုံးပြုခွင့်များကို သတ်မှတ်စည်ပင်စရိတ် ပေးသွင်း၍ အသုံးပြုခွင့်ပေးမည်ဖြစ်ကြောင်း မြေစီမံခန့်ခွဲမှုကော်မတီထံမှ သိရသည်။
လက်ရှိအောက်တိုဘာလ ၇ ရက်နေ့ မွန်းတည့် ၁၂ နာရီအထိ လာရောက်ဝယ်သည့် ဖောင်အရေအတွက် တစ်ထောင်ကျော်ရှိပြီး လာရောက်လျှောက်ထားသူ နှစ်ထောင်ခန့်ရှိကြောင်း ခရိုင်ထွေအုပ်ရုံးထံမှ သိရသည်။
“မနက် ၆ နာရီလောက်ကတည်းက လာတန်းစီတာ။ အခုနေ့လယ်ပိုင်းမှ ဖောင်ရတယ်။ တစ်မိသားစုလုံးလာဝယ်ကြတာ။ တစ်စောင်ကိုတစ်ယောက်ပဲရောင်းတော့ မိသားစုလိုက်လာဝယ်ဖြစ်တယ်။ နေရာကတော့ ကိုယ်နေတဲ့ မြောက်ဒဂုံဘက်ကိုပဲ လိုချင်တယ်။ ဘယ်နေရာတွေကို လျှောက်ရမလဲဆိုတာတော့ ဖောင်မှာပါတဲ့ နေရာတွေကြည့်ပြီးမှ ပြောနိုင်မှာ” ဟု မြောက်ဒဂုံမြို့နယ်မှ မြေကွက်ဝယ်ယူခွင့်လျှောက်လွှာ လာရောက်ဝယ်ယူသည့် ဒေါ်ဝင်းဝင်းက ပြောဆိုသည်။
အဆိုပါ မြို့နယ်အလိုက် ရောင်းချမည့်မြေကွက်များမှာ စုစုပေါင်း နေရာ ၃၈ ခုမှမြေများကို ရောင်းချသွားမည်ဖြစ်ပြီး အနိမ့်ဆုံး ကျပ်သိန်း ၆၀ ဝန်းကျင်ဖြင့် စတင်ရောင်းချသွားမည်ဖြစ်ကြောင်း မြေစီမံခန့်ခွဲမှုကော်မတီထံမှ သိရသည်။
အဆိုပါမြေကွက်များကို ရန်ကုန်မြို့ရှိ မြို့နယ်စုံမှ မြေကွက်ဝယ်ယူနေထိုင်လိုသူနှင့် စီးပွားရေးလုပ်ကိုင်လိုသူများ လာရောက်လျှောက်ထားကြပြီး ခရိုင်ထွေအုပ်ရုံးတွင် နေရာသုံးခုခွဲ၍ ရောင်းချလျက်ရှိကြောင်း အထွေထွေအုပ်ချုပ်ရေးမှုးရုံးထံမှ သိရသည်။
မြေကွက်ဈေး ပြင်ပပေါက်ဈေးများမှာ မြောက်ဒဂုံမြို့နယ်တွင် မြေကွက်သီးသန့် ပေ ၄၀ ပေ ၆၀ တစ်ကွက်လျှင် ကျပ်သိန်း ၆၀၀ မှ သိန်း ၈၀၀ အထိပေါက်ဈေးရှိပြီး ဒဂုံအရှေ့ပိုင်းမြို့နယ်များတွင် ကျပ်သိန်း ၆၀ ဝန်းကျင်မှ ရာဂဏန်းအထိ ရပ်ကွက်အလိုက် ဈေးနှုန်းကွာခြားမှုရှိကြောင်း သုခစံရာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေဂျာ ဦးဝဏ္ဏဝင်းထွဋ်က ပြောကြားသည်။
ပြည့်ဖြိုးမြင့်မွန်

Source : The Voice