fbpx

သထုံမြို့နယ်နှင့် ရေးမြို့နယ်များတွင် အရွယ်မရောက်သေးသည့်ကလေးငယ်များကို အဓမ္မပြုကျင့်မှုများဖြစ်ပွားခဲ့ပြီး ကျူးလွန်သူဟုယူဆရသူများအား အမှုဖွင့်အရေးယူ

သထုံမြို့နယ်နှင့် ရေးမြို့နယ်များတွင် အရွယ်မရောက်သေးသည့် ကလေးငယ်များ အဓမ္မပြုကျင့်မှုများဖြစ်ပွားခဲ့ပြီး ကျူးလွန်သူဟု ယူဆရသူများအား သက်ဆိုင်ရာနယ်မြေ ရဲစခန်းများ၌ အမှုဖွင့်အရေးယူထားဟုသိရသည်။

ဖြစ်စဉ်များမှာ အောက်တိုဘာ ၆ ရက် ညနေပိုင်းက သထုံမြို့နယ် ဇရစ်ချောင်းကျေးရွာကျေးရွာအုပ်စု သာယာကုန်းကျေးရွာနေ မ—-(၃၇ နှစ်) မှာ ၎င်း၏ သမီးဖြစ်သူ မ—-(၉ နှစ်)အား ရေချိုးပေးနေစဉ် သမီးဖြစ်သူ၏ မိန်းမကိုယ်အင်္ဂါစပ်မှာ ပုံမှန်မဟုတ်သည်ကို မြင်တွေ့ရသဖြင့် သမီးဖြစ်သူအား မေးမြန်းခဲ့ရာ စက်တင်ဘာ ၁၂ ရက်ကညနေ ကျောင်းမှ ပြန်လာပြီး ညနေ ၄ နာရီတွင် အိမ်နောက်ဖေးရှိအိမ်သာသို့သွားခဲ့ပြီး ပြန်လာစဉ် နေအိမ်နောက် ဘေးခြံချင်းကပ်လျက်နေသူ ကျော်သီဟ (ခ) သီဟသည် မ—-အား ၎င်းနေအိမ်ပေါ်သို့ အတင်းဆွဲခေါ်သွားခဲ့ပြီး မုန့်ကျွေးခဲ့ပြီးနောက် တွန်းလှဲ၍ သားမယား အဖြစ်တစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း သထုံမြို့မ ရဲစခန်းထံမှ သိရသည်။

ထို့နောက် အောက်တိုဘာ ၄ ရက် ညနေ ၃ နာရီခန့်တွင်လည်း မ—-မှာ ကျောင်းမှ စက်ဘီးဖြင့်ပြန်လာစဉ် ကျော်သီဟ (ခ) သီဟ ကနေအိမ်အနီးလမ်းတွင် စောင့်၍ အတင်းဆွဲ ခေါ်ကာ ၎င်း၏နေအိမ်ပေါ်တွင် ထပ်မံ၍ သားမယားအဖြစ် ဒုတိယအကြိမ်တစ်ကြိမ် ပြုကျင့်ခဲ့ပြီးမိဘများအား ပြန်ပြောပါက သတ် ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်းအား မိခင် ဖြစ်သူအား ပြန်လည်ပြောကြားခဲ့ကြောင်း၊ အရွယ်မရောက်သေးသည့် ၎င်း၏သမီးဖြစ် သူအား အလိုမတူဘဲအဓမ္မပြုကျင့်ခဲ့သူ ကျော် သီဟ (ခ) သီဟအား အရေးယူပေးပါရန် မိခင် ဖြစ်သူက သထုံမြို့မရဲစခန်းသို့ အောက်တိုဘာ ၆ ရက် ည ၇ နာရီ မိနစ် ၃၀ ခန့်က လာရောက်တိုင်တန်းခဲ့ကြောင်း သထုံမြို့မရဲ စခန်းမှ သိရသည်။

“ဖြစ်စဉ်နှင့် ပတ်သက်ပြီး စခန်းမှ (ပ) ၂၂၉၇/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၆၃/၃၇၆ အရ အမှုဖွင့်အရေးယူထားပါတယ်။ ကျော်သီဟ (ခ) သီဟကို စစ်ဆေးဖို့အတွက် အောက်တိုဘာ ၇ ရက်က တရားရုံးမှာ ရမန်ယူထားပါတယ်”ဟု သထုံမြို့မရဲစခန်း မှူးဒုရဲမှူးဇော်မင်းထွန်းက ပြောကြားသည်။

အလားတူ ရေးမြို့နယ် လမိုင်းမြို့ သောင်ပြင်ကျေးရွာ၌ အောက်တိုဘာ ၄ ရက် ည ၇ နာရီက ယင်းကျေးရွာနေ ဒေါ်—-(၄၀ နှစ်) မှာ နေအိမ်နောက်ဖေးတွင် ထမင်းချက် ပြုတ်နေစဉ် သမီးဖြစ်သူ မ—- (၁၀) နှစ်မှာ နေအိမ်ရှေ့တွင် တီဗွီကြည့်နေစဉ် ဦးပလုံ (၆၂) နှစ် (ဘ) ဦးမောင်စိန်ရောက်ရှိလာပြီး မ—-အား အိမ်ရှေ့ကွပ်ပျစ်သို့ ခေါ်ဆောင်သွားကာ အလိုမတူဘဲ သားမယားအဖြစ် အတင်းအဓမ္မတစ်ကြိမ် ပြုကျင့်ခဲ့သည်ကို အိမ်နီးချင်းဖြစ်သူ ဒေါ်ခင်မြင့်ဌေးက တွေ့ရှိ ရာ မိခင်ဖြစ်သူအား ပြောပြသိရှိရသဖြင့် အောက်တိုဘာ ၆ ရက် ညနေ ၅ နာရီခန့်က လမိုင်းနယ်မြေရဲစခန်းသို့ လာရောက်ပြီး ဦးပလုံအား အရေးယူပေးပါရန် လာရောက်တိုင် ကြားသဖြင့် လမိုင်းနယ်မြေရဲစခန်းမှ (ပ) ၁၁၇/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ၃၇၆၊ အမှုကြီးအမှတ်စဉ် (၉/၂၀၁၉) အရ အမှု ဖွင့်အရေးယူထားပြီး ဦးပလုံအား ဖမ်းဆီးကာ စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Source : Eleven Media Group