fbpx

၂၁ ရာစု သီတင်းကျွတ်မှာ လမ်းလျှောက်ထွက်သော အတွေးများ

(၁)
အင်းလျားကန်ဘောင်တစ်လျှောက် ပေါ့ပါးလွတ်လပ်တဲ့ ဝတ်ဆင်မှု ကိုယ်စီ၊ ခြေလှမ်းကိုယ်စီနဲ့ အစုလိုက်အစုလိုက်။ ကိုယ်စီလက်ဝယ် ဘက်ထရီ စွမ်းအားနဲ့ ရောင်စုံအလင်းထုတ်ပေးနေတဲ့ လက်ပတ်လေးတွေ၊ ပူဖောင်းလေးတွေ၊ လက်ကိုင်တုတ်ချောင်းလေးတွေ၊ ကိုယ်အမည်နာမ မတပ်တတ်တဲ့အရာလေးတွေ ဝှေ့လို့၊ ယမ်းလို့။ မီးပန်းရောင်စုံကြီးတွေကလည်း ဖွားခနဲ ဖွားခနဲ ပေါက်ကွဲသံကျယ်ကျယ်နဲ့ ကောင်းကင်မြင့်မြင့်ဆီ ဦးတည်လို့။ ပျံတက်လုလုမီးပုံးကြီးတွေ ဘေးမှာတော့ ယနေ့အချိန်အခါရဲ့ လူတန်းစားပေါင်းစုံ လက်ဝယ်ပိုင်ပိုင် နှစ်ခြိုက်စွာကိုင်ဆောင်တဲ့ လက်ကိုင်ဖုန်းကိုယ်စီနဲ့ ကိုယ့်ဘဝ၊ ကိုယ့်အလှ၊ ကိုယ့်သဘာဝကို ကိုယ့်စိတ်တိုင်းကျ ပုံဖော်မှတ်တမ်းတင်ကြ။ လျှပ်စစ်မီးရောင်၊ ဘက်ထရီမီးရောင်၊ မီးပန်းရောင်စုံ၊ လမ်းလျှောက်တတ်စ ကလေးငယ်လေးတွေတောင် သူခြေလှမ်းတိုင်း မီးပွင့်ပွင့်လာတဲ့ သူ့ဖိနပ်သူ ကျေနပ်လို့၊ ပျော်ရွှင်လို့။ ၂၁ ရာစု သီတင်းကျွတ်ညများဆီမှာ။
(၂)
ဝါးခြမ်းပြားလက်ကိုင်ရိုးရှည်တပ်၊ ပလတ်စတစ်အကြွပ်စရောင်စုံကို ယုန်ရုပ်၊ လခြမ်းရုပ်၊ ဂျိုကာရုပ်အမျိုးမျိုးကိုပုံဖော်ပြီး သစ်သားဘီး အဝိုင်းတပ်ထားတဲ့ လှည်းလေးတွေ။ “မင်းယုန်က အဝါရောင်၊ သူ့လခြမ်းက အနီရောင်၊ ငါ့ဂျိုကာက အပြာရောင်။” အလယ်မှာ ဖယောင်းတိုင်တိုတိုလေးထည့်ထွန်းလို့ပေါ့။ ကိုယ်ပြေးသလောက် လိုက်ရွေ့မယ့် လှည်းလေးတွေ အပြိုင်တွန်းကြ။ ဖယောင်းတိုင်လေး နည်းနည်းစောင်းလို့ ဘေးက ပလတ်စတစ်စ မီးကျွမ်းသွားရင် နောက်တစ်ခု ရဖို့မလွယ်။ ဒီတစ်နှစ်အတွက် ဘတ်ဂျက်က ဒီတစ်ရုပ်သာ။ ဒီလိုနဲ့များ ဘေးကာပလတ်စတစ် ပြဲသွား၊ ပေါက်သွားရင် လူကြီးတွေသောက်တဲ့ မြန်မာဆေးဘူးတချို့အပေါ်က ပါကင်စလေးတွေ တောင်းယူရတယ်။ ပြဲတဲ့နေရာလေးတွေ ခက်ခက်ခဲခဲ ကိုယ်တတ်သလောက် ပြန်ကပ်။ ကပ်မရတော့လည်း ဘေးပေါက်နဲ့ပဲ ဆက်တွန်းပေါ့။ နောက်တစ်ခေတ်ဆန်းတော့ အချိုရည်ဘူး၊ ဘီယာဘူးလို သံဘူးလေးတွေကိုအပေါ်ပိတ် အောက်ပိတ်ချန် ကိုယ်ထည်ကို အမွှားလေးတွေဖြစ်အောင် ခွဲဖြတ်ပြီးချိုးထားတဲ့ မီးပုံးအဝိုင်းလေးတွေ။ အလယ်မှာ သံချောင်းဝင်ရိုးနဲ့ တွန်းလိုက်တိုင်းလည်လို့။ လည်တိုင်းလည်း မြည်သံတတောက်တောက်ပေးလို့။
မီးပုံးလှည်းလေးတွေ တွန်းရင်းမောတော့ ပိုးစုန်းကြူးသာသာ တဖျောက်ဖျောက်လင်းတဲ့ အမွှေးတိုင်လို မီးပန်းတိုင်လေးတွေ ဝှေ့ကြ၊ ယမ်းကြ။ သူငယ်ချင်းတွေနဲ့ တစ်ပြိုင်တည်းမီးရှို့ပြီး လက်ပြုတ်မတတ် ပြိုင်ယမ်းကြပေါ့။ မာကျူရီလို့ခေါ်တဲ့ လင်းအားကောင်းတဲ့ မီးပန်းခဲလေးတွေ မီးတို့ပြီးမြှောက်ပစ်ကြတာလည်း ရှိသေးတယ်။ ပြန်ကျလာတဲ့မီးပွားကို စီးထားတဲ့ဖိနပ်ကိုင်ပြီးရိုက်ချရင် ဖုန်းခနဲမြည်လို့ မီးပွားတွေလွင့်သွား အောင်လုပ်ရဲတဲ့သူက ဆရာပဲ။ ကျောပေါ်တို့၊ လက်ပေါ်တို့ မီးပွားကျတဲ့ သူငယ်ချင်းတွေအတွက် ဦးတဲ့သူက အိမ်ကသွားတိုက်ဆေးပြေးယူ လူကြီး တွေမသိအောင် လိမ်းပေးကြ။ ဘယ်သူမှ အသံမထွက်ရဲဘူးလေ။ ဆက်မကစားရမှာ ကြောက်ကြတာကိုး။ ဒီကစားနည်း ကစားခွင့်ရဖို့ စောင့်ခဲ့ရတာ တစ်နှစ်ပတ်လုံးလုံး။ မီးပန်းလွှတ်ပြီး ကျန်ခဲ့တဲ့ နောက်မြီး သံကြိုးစလေးကိုသုံးလို့ သူ့အိမ်၊ ကိုယ့်အိမ် မီးဖိုခန်းထဲက သွားနှိုက်လာကြတဲ့ပုစွန် ခြောက်တွေ၊ ကြက်သွန်ဖြူတွေကိုပတ်ပြီး အိမ်ရှေ့မှာ အစီအရီထွန်းထားတဲ့ ဖယောင်းတိုင်မီးနဲ့တို့ပြီး ကင်စားတာလည်းရှိသေးတယ်။ ဘာရယ်မှန်းမသိ၊ ကောင်းလိုက်ပုံများ။ အခုခေတ်လို အကင်ဆိုင်တွေ ဖောဖောသီသီ မတွေ့ဖူးသေးတဲ့အချိန်လေ။ အလုအယက်လုစားကြတာ မလောက်နိုင်၊ မဝနိုင်။ နောက်တစ်မျိုး ငရဲမီးဆိုပဲ။ ဖယောင်းတွေ၊ နို့ဆီခွက်လွတ်တွေ၊ အုတ်ခဲနဲ့မီးဖိုလုပ်။ တချို့လည်း မြေကြွင်းတူးပြီး မီးဖိုလုပ်တာမှတ်မိတယ်။ လူကြီးတွေကတော့ အန္တရာယ်များလို့ဆိုပြီး ကစားခွင့်မပြု။ သူများလုပ်တာ ခပ်လှမ်းလှမ်းက ငေးရတာပေါ့။ တစ်ခါတောက်ဖို့ အတော်စောင့်ရသား။ လက်ခုပ်နဲ့ရေယူ၊ ဖျန်းလိုက်လို့ ဟုန်းခနဲထတောက်ပုံက အင်မတန်ကြည့်ကောင်း။
ကိုယ့်ပတ်ဝန်းကျင်မှာ နည်းနည်းငြီးငွေ့လာရင် အနီးအနားလမ်းတွေကို အုပ်စုလိုက်လျှောက်ကြည့်ကြ။ ဘယ်လမ်းမှာ ဘယ်လိုမီးပုံးတွေထွန်း ထားတာ။ ဘယ်အိမ်ကထွန်းတဲ့ မီးပုံးပုံစံက ဘယ်လိုလှတာ တစ်ယောက်ကိုတစ်ယောက် အကြောင်းကြားကြ။ သူတို့သွားချင်တဲ့ဘက် ကိုယ်လိုက်ပေး၊ ကိုယ်သွားချင်တဲ့ဘက် သူတို့ပြန်လိုက်ပေး။ အပေးအယူမျှလိုက်တဲ့ သူငယ်ချင်းတွေ။ ၂၀ ရာစုနှောင်းပိုင်းဆီက သီတင်းကျွတ်ညတွေဆီကပေါ့။
(၃)
ဆရာကြီးဦးအောင်သင်း ရှိစဉ်က ပြောလေ့ရှိတဲ့စကား။ “လူကြီးတွေက လူငယ်တွေကို ခပ်နှိမ်နှိမ်နဲ့ ငါတို့လည်း ငယ်ရာကကြီးလာတာပါ။ မင်းတို့ထက်သိတယ်၊ တတ်တယ်သွားမလုပ်ကြနဲ့။ ငယ်ရာကကြီးတာတော့ မှန်ပါတယ်။ ကျုပ်တို့က ကျုပ်တို့ခေတ်မှာ ငယ်ဖူးခဲ့တာလေ။ သူတို့ခေတ်မှာ ငယ်ဖူးတာမဟုတ်ဘူး။ သူတို့ခေတ်မှာ ပြန်ငယ်ချင်ပါတယ်ဆိုလို့လည်း မရတော့ပါဘူးဗျ” လို့ ဆရာကြီးက ဆိုတယ်။
ကိုယ်သိခဲ့တာထဲက သူတို့သိသင့်တာ မျှဝေပေးရုံပေးပေါ့။ ကိုယ်မှားခဲ့တာမျိုး သူတို့မမှားအောင် သတိပေးတန်ပေးပေါ့။ ကိုယ့်တုန်းကလိုပဲ ဖြစ်ရမယ်လို့တော့ဖြင့် မတွေးသင့်။ နှစ်တွေလည်းဟောင်းလို့ ခေတ်တွေလည်း ပြောင်းရောပေါ့။ လူ့ဘောင် လူ့ပတ်ဝန်းကျင်ဟာ အမြဲသာ ပြောင်းလဲနေမည်သာ။ ခေတ်နှင့်သင့်မည့် အသစ်အသစ်သောစနစ်တို့ကို ခေတ်သူ ခေတ်သားတို့ ရွေးချယ်ထွင်မြှောက်ရင်း မပြတ်ပြောင်းလဲထွန်းကားနေဦးတော့ မည် မလွဲ။ ရှောင်လွှဲလို့မဖြစ်နိုင်တဲ့ အပြောင်းအလဲတွေကို နားလည်လက်ခံတတ်ရမှာပေါ့။
(၄)
ကြည်ပြာရောင်မီးလင်းနေသော ကွင်းလေးတွေကိုယ်စီ လက်မှာစွပ်ထားတဲ့ လူငယ်အုပ်စုတွေ၊ တဝုန်းဝုန်း ပေါက်ကွဲအားကောင်းကောင်းနဲ့ ဖြာထွက်လာတဲ့ မီးပန်းရောင်စုံတွေလွှတ်ရင်း ပျော်မြူးဟစ်အော်နေသူတွေ။ မီးရောင်စုံမှိတ်တုတ်မှိတ်တုတ်နဲ့ ပလတ်စတစ်ပူဖောင်းအကြည် လေးကိုင်ထားတဲ့ ကလေးတစ်ဦး ကိုယ့်ဘေးက ဖြတ်ပြေးသွားတယ်။ သူ့ခြေလှမ်းတိုင်းအတွက် သူ့ဖိနပ်က မီးရောင်စုံတွေဖြာနေလိုက်တာ အလုအယက် လွန့်လွန့်လူးလူး။ အတိတ်နှစ်တွေကြားက ရုန်းထွက်လိုက်တော့ ခေတ်တွေခြားသွားတာ ပြက်ပြက်ထင်ထင်။ သူတို့အပျော်တွေကို ကိုယ့်ဆီကိုပါ ကူးစက်စေအောင် လိုက်ပါစီးမျောရင်း လမ်းဆက်လျှောက်လာခဲ့တယ်။ ၂၁ ရာစု သီတင်းကျွတ်ညများထဲမှာ။
Z မောင်

Source : The Voice