fbpx

သောမတ်၏ ချက်ရင်းတန်းလန်း အလွမ်းဇာတ်

Photo: logodesignlove

ခရီးသွားလုပ်ငန်းကို ကမ္ဘာ့အကြီးဆုံး စီးပွားရေး ဈေးကွက်ကြီးအဖြစ် လူတိုင်း လက်ခံကြတယ်။ နိုင်ငံတစ်ခု ဒါမှမဟုတ် ဒေသတစ်ခု နိုင်ငံခြားဝင်ငွေတွေရ၊ အလုပ်အကိုင် အခွင့်အလမ်းတွေ မြင့်မား၊ လူနေမှု ဘဝတွေ တိုးတက်လာဖို့  ခရီးသွားလုပ်ငန်းကို မျက်စေ့ကျကြတယ်။ ဒါကြောင့်လည်း မီးခိုးမထွက်တဲ့ စက်ရုံရယ်လို့ တင်စားပြောဆိုကြတာပဲ။ ကိုယ့်နိုင်ငံထဲက ဆန်တစ်ပြည် ဆီတစ်မှုတ် အပြင်မထွက်စေရဘဲ၊ လာရောက် လည်ပတ်သူတွေရဲ့ အိတ်ကပ်ထဲက ပိုက်ဆံတွေ ကိုယ့်မြေမှာ ကျန်ခဲ့တာလေ။

ခရီးသွားဓလေ့ဟာ လူ့သမိုင်းအစ ရေကြည်ရာ မြက်နုရာရှာဖွေခြင်းကလို့ ယေဘုယျသဘော ပြောနိုင်ပေမဲ့ ဒီနေရာမှာ အင်္ဂလိပ်ဝေါဟာရနှစ်လုံးက ဆိုလိုရင်းကို ပိုပြီး ထင်းထင်းပေါ်စေတယ်။ ဒါကတော့ Travelling နဲ့ Touring စာလုံးနှစ်လုံးပါပဲ။ ကျွန်တော်တို့တတွေ ရုံးကိစ္စ၊ ဆွေရေးမျိုးရေး၊ သာရေးနာရေးစတဲ့ လူမှုကိစ္စ အဝဝအတွက် ခရီးသွားကြရတယ်။ မျှော်လင့်သည်ဖြစ်စေ၊ မမျှော်လင့်သည်ဖြစ်စေ မလွဲမသွေ ခရီးထွက် ကြရတယ်။ အဲဒါ Travelling ပါပဲ။ နောက်တစ်မျိုးကတော့ မိမိရဲ့ အားလပ်ချိန်၊ သုံးစွဲနိုင်မယ့် ငွေနဲ့ သွားချင်ရာအရပ်ဒေသကို ရွေးချယ်ပြီး ခရီးထွက်မယ်ဆိုရင်တော့ Touring အဖြစ် ရောက်သွားပါတယ်။ ဆရာ့ဆရာတို့ရဲ့ ကျမ်းရိုးအယူအဆမှာ “traveller တိုင်းဟာ Tourist မဟုတ်ပေမဲ့ Tourist တိုင်းဟာ Traveller ဖြစ်တယ်” လို့ ဆိုပါတယ်။

ဇာတ်အဖွင့်

ခုပြောခဲ့တဲ့ Travelling ကနေ Touring အဖြစ် ပြောင်းပေးခဲ့တဲ့ ဘိုးအေကြီးကတော့ အင်္ဂလန်က သောမတ်ကွတ် (၁၈၀၈  – ၁၈၉၈) ပါပဲ။ သူ့ခေတ် အင်္ဂလန်မှာ လူတွေ အစုလိုက်အပြုံလိုက် ကုန်းပေါ်မှာ ရွှေ့ချင်ရင် သုံးတဲ့ယာဉ်က မီးရထားပါ။ မော်တော်ကား ဆိုတာ အိပ်မက်တောင် မမက်နိုင်သေးတဲ့ ကာလ ဖြစ်ပါတယ်။ သူ့ရဲ့ ပထမဆုံး ခရီးစဉ် ကို ၁၈၄၁ ခုနှစ်မှာ အရက်သေစာ ရှောင်ကြဉ်ရေး လှုပ်ရှားသူများ အုပ်စုအတွက် စီစဉ်ခဲ့ပါတယ်။ လက်စတာကနေ ၁၁ မိုင်ခရီးရှိတဲ့ လက်ဘိုရိုထိတစ်ယောက်ကို တစ်သျှီလင်နဲ့ ရထားခရီးစဉ် စခဲ့တာပါ။ ခန့်မှန်းလို့ ရနိုင်တဲ့ ခေတ်ပြိုင်သမိုင်းကို ဆက်စပ်ပြရရင် ကျွန်တော်တို့ရဲ့ တတိယမြန်မာနိုင်ငံတော်၊ ကုန်းဘောင်မင်းဆက် အဋ္ဌမမြောက်မင်းဖြစ်တဲ့  သာယာဝတီမင်း  အမရပူရရွှေနန်းတော်မှာ စိုးစံနေချိန် ဖြစ်ပါတယ်။

          မီးရထားတို့ရဲ့ ပုံမှန်ခေါင်းတွဲတစ်ခု ဆွဲနိုင်တဲ့ဝန်၊ ရထားခုံခရဲ့ ပုံမှန်ဈေးနှုန်းနဲ့ သူခရီးစဉ်ဖန်တီးပြီး ရောင်းချပုံတွေကတစ်ဆင့် အမြတ်အစွန်း (Profit Margin) တစ်ခု ထွက်လာပြီး အဲဒါဟာ ခရီးသွား ကုမ္ပဏီတစ်ခုရဲ့ ဝင်ငွေအဖြစ် ရောက်ရှိရုံမျှမက ဒီနေ့ဆို ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလုပ်ငန်းကြီးကို ဖြစ်နေပါပြီ။ သူဟာ အဲဒီလို ခရီးစဉ်စတင်ခဲ့ပြီး  နောက်နှစ်နှစ်အကြာ ကျောင်းသားကျောင်း သူ ၃,၀၀၀ ကျော်ရဲ့ လေ့လာရေး ခရီးစဉ်အဖြစ် လက်စတာကနေ   ဒါဘီအထိ အောင်အောင်မြင်မြင် ပို့ပေးနိုင်ခဲ့တယ်။ နှစ် ၁၈၀ အကြာ ဒီနေ့က ပြန်ကြည့်ရင် အလွန်တီထွင် ဆန်းသစ်မှုရှိတဲ့ ဈေးကွက်ရွေးချယ်မှုပါ။ တကယ်တမ်း အဲဒီကာလက Marketing ဆိုတဲ့ ပညာရပ် မပေါ်သေးပါဘူး။ ဒီစာသင်သားလေးတွေကို နယ်သစ်ပယ်သစ် အောင်အောင်မြင်မြင်ပို့ပေးနိုင်ပြီ ဆိုကတည်းက မိဘနဲ့ ဆွေမျိုးအသိုင်းအဝိုင်း တွေကြားမှာ သောမတ်ရဲ့ ကောင်းသတင်း ပြန့်ခဲ့တာပေါ့။ နောက်ပိုင်း ၁၈၄၈ က ၁၈၆၃ ခုနှစ်အတွင်း စကော့တလန် တစ်လွှားမှာ ခရီးသွားရာသီတစ်ခုအတွင်း ခရီးသည် ၅,၀၀၀ အထိ ဝန်ဆောင်မှု ပေးနိုင်ခဲ့ပြီး သူ့ကုမ္ပဏီကို ၁၈၆၅ ခုနှစ် လန်ဒန်မှာ တည်ထောင်ခဲ့ပါတယ်။ ၁၈၇၂ ခုနှစ် ရောက်တဲ့အခါ သားဖြစ်သူ ဂျွန်မေဆင်အင်ဒရူးနဲ့ အစုစပ်အဖြစ် Thomas Cook & Son လို့  အမည်ပြောင်းခဲ့ပါတယ်။ သူဟာ ခရီးစဉ်တွေ ရောင်းချခြင်းသာမက ခရီးသည်အသုံးအဆောင်၊ ခရီးဆောင်အိတ်၊ ခရီးလမ်းညွှန်စာအုပ်၊ တယ်လီစကုပ်၊ ခြေအိတ်နဲ့ဖိနပ် စတာတွေ တွဲဖက်ရောင်းချတဲ့ ဆိုင်လည်း ဖွင့်ခဲ့တယ်။ နောက်ပြီး ဟိုတယ် အငယ်စားတစ်လုံး တည်ထောင်ရင်း အစားအသောက်ရော ညအိပ်တည်းခိုခွင့်ပါ ရနိုင်တဲ့ ဟိုတယ် ကူပွန်စနစ်ကို အောင်အောင်မြင်မြင် ဖော်ထုတ်နိုင်ခဲ့တယ်။

သူ ချန်ရစ်တဲ့ သမိုင်း

သောမတ် ချန်ရစ်ခဲ့တဲ့ အမွေတွေထဲမှာ အထင်ကရအဖြစ် ပြောမယ်ဆိုရင် အီတလီမှာ သူကြိုးပမ်းခဲ့ပုံတွေ ထည့်ပြောရပါမယ်။ ပထမဆုံးက သူသတ်မှတ်ထားတဲ့ လမ်းကြောင်းအစဉ်အတိုင်း သတ်မှတ်ရက်အတွင်း ခရီးသည်ကိုယ်တိုင် ရွေးချယ်စီးနင်းခွင့်ရှိတဲ့ Circular Ticket ဖြစ်ပါတယ်။  ဒုတိယ ဟိုတယ် ကူပွန်တွေကိုလည်း အစားအစာ၊ အဖျော်ယမကာနဲ့ ညအိပ်ခွင့်ပါ စိတ်ကြိုက် သုံးနိုင်အောင် ဖန်တီးခဲ့တာပါ။ အဲဒီအတွက် အီတလီလူလတ်တန်းစားအကြား ခရီးသွားဓလေ့ ပျိုးထောင်ပေးနိုင်ခဲ့တယ်။ နောက်ဆုံး သူ့ဖန်တီးမှုဖြစ်တဲ့ Circular Notes ကတော့ လက်ဖျားခါလောက်အောင် အံ့သြစရာပါ။ အဲဒီ Notes ဟာ သတ်မှတ်ထားတဲ့ အီတာလျံ လိုင်ယာ တန်ဖိုးအလိုက် ခရီးစဉ်တွေ၊ ဟိုတယ်တွေ၊ ဘဏ်တွေမှာ တရားဝင် ငွေစက္ကူအလား သုံးစွဲနိုင်တာပါပဲ။ အီတလီမှာ ရှိတဲ့မြို့ကြီးတွေမှာ သောမတ်ရဲ့ ငွေစက္ကူ တွင်ကျယ်မှုဟာ လိုင်ယာငွေကြေးကို ပိုပြီး ပျံ့နှံ့စေခဲ့သလို ခေတ်သစ် အီတလီဘူဇွာ စီးပွားရေးကို ချဲ့ထွင်ပေးခဲ့တယ်လို့ သုံးသပ်ကြပါတယ်။

တကယ်တော့ ဘဝဆိုတာ ခေါက်ရှာ ငှက်တွေပျံသလို နိမ့်လိုက်မြင့်လိုက်ပဲဆိုတဲ့ ဆိုရိုးစကားလိုပါပဲ။ သောမတ်ရဲ့ဘဝ နေဝင်ချိန်ဟာ ခေတ်စကားနဲ့ပြောရင် ရိုလာကိုစတာလို ဆင်းသွားခဲ့ရရှာတာ။ သူ့သားနဲ့ သူ့အကြား အမြင်ကွာဟချက်တွေ၊ ပဋိပက္ခတွေ အကြိမ်ကြိမ် ဖြစ်ပွားရာက ၁၈၇၈ ခုနှစ်မှာ ကုမ္ပဏီကနေ အနားယူ၊ လုပ်ငန်းဇာတိ လက်စတာ ပြန်နေရပြီး ၁၈၉၂ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ အဲဒီလို သောမတ်ရဲ့ ဘဝနိဂုံးဟာ သူ့ကုမ္ပဏီကိုလည်း အလားတူစွာ နိမိတ်ဖတ်ခဲ့လေသလား။

ဒါပေမဲ့ ခေတ်တစ်ခုရဲ့ ကန့်လန့်ကာအဖွင့်ကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့တဲ့ သောမတ်ကို သူ့လူမျိုး၊ သူ့နိုင်ငံက ဂုဏ်ပြုတဲ့အနေနဲ့ လက်စတာ ရထားဘူတာရုံအနီးမှာ သူ့ရုပ်တုကို အထင်ကရ စိုက်ထူ ပေးခဲ့ကြတာပါ။

မြန်မာစာပေထဲက သောမတ်

ကျွန်တော် ခရီးသွားလုပ်ငန်းကို စိတ်ဝင်တစား လေ့လာချိန် သောမတ်ကွတ်ကို တွေ့တဲ့အခါ မြန်မာစာပေထဲ သူ့အကြောင်း ဘယ်သူ မှတ်တမ်းတင်ဖူးလဲ လိုက်ရှာပါတယ်။ လွန်ခဲ့တဲ့ နှစ် ၉၀ က ရေးခဲ့တဲ့ သိပ္ပံမောင်ဝရဲ့  ‘အောက်စဖို့တက္ကသိုလ်သွား နေ့စဉ်မှတ်တမ်း’ ထဲမှာ အသေအချာ တွေ့ရပါတော့တယ်။ ဆရာက သူ့ပညာတော်သင်ခရီးကို မှတ်တမ်းရေးတဲ့အခါ မျက်စိဖွင့် နားစွင့်တတ်ရုံမက စာဖတ်သူကို သိစေ ကြားစေ မြင်စေ လိုတဲ့ စေတနာ အထင်းသားပေါ်နေတာ တွေ့ရတယ်။ သူ အနောက်နိုင်ငံကို ပညာတော်သင်ခရီးထွက်ချိန် ပင်လယ်ကူးသင်္ဘောနဲ့ သွားခဲ့တဲ့ ခရီးစဉ်မှာ ပြင်သစ်နိုင်ငံ မာဆေးဆိပ်ကမ်းမှာ သင်္ဘောဆိုက်ချိန် သောမတ်ကွတ်ကုမ္ပဏီနဲ့ စ မိတ်ဆက်တော့တာပါပဲ။

၁၂၈၉ ခုနှစ်၊ တော်သလင်းလဆုတ် ၆ ရက်နေ့ (၁၆  ၉  ၁၉၂၇)

၈နာရီခွဲလျှင် မာဆေးကမ်းတွင် သင်္ဘောဆိုက်ကပ်လေ၏။ သောမတ်(စ်)ကွတ်(က်)ကုမ္ပဏီမှ ကိုယ်စားလှယ်နှင့် အခြားကုမ္ပဏီမှ ကိုယ်စားလှယ်များပါ သင်္ဘောပေါ်သို့  တက်လာကြပြီးလျှင် မြို့အတွင်း ကြည့်ရှုရန် ကောင်း သော နေရာများကို လိုက်ကြည့်လိုက အခနှင့် လိုက်ပြမည်ဟု ပြောကြလေသည်”

သိပ္ပံမောင်ဝစာအရ အနှစ်ချုပ်ရရင် ၁၈၄၁ ခုနှစ်မှာ ပထမဆုံးခရီးစဉ်ပို့ခဲ့တဲ့ Thomas Cook & Son ဟာ နောင် အနှစ် ၈၀ ကျော်အကြာ ပြည်ပနိုင်ငံမှာ စီးပွားထူထောင် တဲ့ Multinational ကုမ္ပဏီတစ်ခုအဖြစ် ရောက်ရှိခဲ့ပြီး ဧည့်လမ်းညွှန် (Tour Guide)၊ ခရီးသည်ကား  (Tour Transportion)၊ နိုင်ငံခြားငွေ လဲလှယ်ခြင်း (Money Changer)၊ စာပို့ဝန်ဆောင်မှု (Postal Service) တွေပါ ပေးနိုင်တဲ့ အနေအထားကို ရောက်နေပါပြီ။

နေမဝင်အင်ပိုင်ယာဖြစ်ခဲ့တဲ့ အင်္ဂလန်ရဲ့ ဘုန်းမီးနေလ တောက်ပခဲ့ချိန်မှာ Thomas Cook & Son ကုမ္ပဏီဟာ တကယ့်ကို လက်သည်းကြီး ခြေသည်းကြီးလို့ ပြောစမှတ်တွင် ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး အင်္ဂလန်ဟာ ကိုလိုနီနယ်ပေါင်းများစွာကို လက်လွှတ်ပေးခဲ့ရတဲ့တိုင် သောမတ်ကုမ္ပဏီကတော့ အသစ်ပေါ်ထွက်လာတဲ့ လေကြောင်းပို့ဆောင်ရေးအထိ တွင်တွင်ကျယ်ကျယ် နေရာယူနိုင်ခဲ့ပါတယ်။

တက်ကြွားကြွကြွ မြင့်လွန်းလှလည်း

၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၃ ရက်မှာ ကုမ္ပဏီအတွက် အရေးပေါ်ကယ်တင်ဖို့ လိုအပ်တဲ့ အမေရိကန် ဒေါ်လာ သန်း ၂၅၀ ကို ထပ်မံထည့်ဝင်ခြင်း မပြုနိုင်တော့တဲ့ အလျောက် အကြွေးပမာဏ အမေရိကန် ဒေါ်လာ ၂.၁ ဘီလီယံ ( စတာလင်ပေါင် – ၁.၇ ဘီလီယံ) နဲ့ Thomas Cook & Son ကုမ္ပဏီ ပြိုလဲသွားပြီ ဖြစ်ကြောင်း အမှုဆောင်အရာရှိချုပ် ပီတာဖရန့်ဟောက်ဆာက ကြေညာလိုက်တယ်။

ကုမ္ပဏီရဲ့ ခရီးစဉ် ဝယ်ယူပြီး သွားလာဆဲခရီးသည် ၆၀၀,၀၀၀ လောက်ဟာလည်း ကမ္ဘာ့နေရာအနှံ့ ခရီးထွက်နေဆဲကာလမှာ အခက်အခဲ၊ ဒုက္ခမျိုးစုံ ကြုံတွေ့သွားကြရပြီး ဝန်ထမ်း ၂၀,၀၀၀ ကျော် အလုပ်ပြုတ်သွားခဲ့တယ်။

ဒေဝါလီခံတဲ့ ကုမ္ပဏီတစ်ခုအဖြစ် ရောက်သွားပြီဆိုတော့ သူတို့ရဲ့ သင်ခန်းစာ ဖော်ထုတ်တတ်တဲ့ အလေ့အတိုင်း Thomas Cook & Son ဘာကြောင့်ပြိုဆင်းသွားရတယ်ဆိုတာ စိစစ်ကြတယ်။ သိပ်စိတ်ဝင်စားစရာကောင်းပြီး ခရီးသွားကုမ္ပဏီတိုင်းအတွက် စဉ်းစားပြုပြင်စရာတွေ အများကြီး ပါပါလိမ့်မယ်။

(၁) အင်တာနက်ရဲ့ အရှိန်ကို Thomas Cook & Son က မလိုက်နိုင်ဘူး။ လက်မှတ် ရောင်းဌာနတွေနဲ့ တယ်လီဖုန်းအထပ်ထပ် ဆက်ပြီး ခရီးစဉ်ဝယ်ရောင်း လုပ်နေချိန်မှာ အွန်လိုင်းဝယ်ယူခြင်းက ခရီးသည်တွေကြား အလုပ်ဖြစ်နေပြီ။ (အဲဒီ လက်မှတ်ရောင်း ဌာနနေရာ၊ ဝန်ထမ်းနဲ့ ဖုန်းလိုင်းတွေရဲ့ ကုန်ကျစရိတ်က ထပ်ထောင်းနေတာထိမြင်အောင် ကြည့်ကြဖို့)

(၂) အသင့်ဝယ်ရောင်းခရီးစဉ် (Package tour) အတွက် အသုံးစရိတ် ချွေတာလာတတ်တာ။ ခရီးသည်ဟာ သူ့ခရီး အစအဆုံး ကောင်းပေ့ညွန့်ပေ့ စတဲ့ယာဉ်၊ ဟိုတယ်တွေတောက်လျှောက် မသုံးတော့ဘဲ လိုသလောက်သာ ဖြတ်ဝယ်တဲ့ဓလေ့ ရှိလာပြီ။ တစ်ခါ Package တိုင်းကလည်း နိုင်ငံအလိုက် စွဲမြဲသတ်မှတ်ထားတဲ့ ခရီးသွားရာသီ (Tour Season)ပေါ် အခြေပြုနေတာကလည်း အားနည်းချက် ဖြစ်လာတယ်။ သာဓက အနေနဲ့ အီဂျစ်လို တိုင်းပြည်မျိုးမှာ နွေရာသီ သိပ်ပူရင် အဲဒီခရီးစဉ်တစ်ခုလုံး ရောင်းရ ကျပ်သွားတာပဲ။ (ခရီးသည်တွေရဲ့ ကိုယ့်ခရီးစဉ် ကိုယ်ဖန်တီးစဉ်းစားချင်စိတ် တိုးပွားလာပုံကိုလည်း မျက်ခြည်မပြတ်ကြဖို့)

(၃) Thomas Cook & Son ပိုင်ဆိုင်တဲ့ လေကြောင်းလိုင်းတွေ ကုန်ကျစရိတ် မြင့်လွန်းတာ။ ခရစ်နှစ် ၂၀၀၀ ပြည့်နောက်ပိုင်း သောမတ်ကုမ္ပဏီဟာ သူ့ဓန အတော်များများကို လေကြောင်းလိုင်းဘက်အရင်း ရွှေ့ပစ်ခဲ့တယ်။ ဒါဟာ နလန်မထူတော့တဲ့ အကြီးဆုံးအမှားပဲ။ “ခရီးသွားကုမ္ပဏီတစ်ခုကို လည်ပတ်ရတာ ခက်ခဲသလို လေကြောင်းလိုင်းတစ်ခုကို စီမံရတာလည်း မလွယ်ပါဘူး။ နှစ်ခုလုံး သူ့အထာနဲ့သူ ရှုပ်ထွေးတဲ့ လုပ်နည်းလုပ်ဟန်တွေနဲ့ပါ” လို့ ခရီးအကြံပေးအဖွဲ့ ကြီးက မစ္စတာကာဘီက ပြောပါတယ်။ (လေကြောင်း၊ ဟိုတယ်၊ စားသောက်ဆိုင်နဲ့ ခရီးသွားလုပ်ငန်း အတွဲလိုက်လုပ်နေကြတဲ့ ကုမ္ပဏီအုပ်စုကြီးတွေ သတိလည်းမူ မြင်လည်း မြင်ကြဖို့)

(၄) စီးပွားရေးဟာ ကြီးလာလေလေ နိုင်ငံရေးနဲ့ ဆက်နွှယ်လာလေလေပဲ။ ဥရောပသမဂ္ဂက ဗြိတိသျှ ထွက်ခွာမယ့် Brexit အရေးကြောင့် အစိုးရနဲ့ ကော်ပိုရိတ်ဘဏ်တွေဟာ တောင်မင်းကို မြောက်မင်း မကယ် နိုင်လို့  Thomas Cook & Son ကို အရေးပေါ် ကယ်ဆယ်ငွေ လက်တွန့်ခဲ့ကြတယ်။ အဲဒီ တစ်ချိန်တည်း ၂၀၁၈ ဗြိတိသျှနွေရာသီရဲ့ စံချိန်တင်အပူချိန်ကြောင့် နိုင်ငံရပ်ခြား သွားလည်တဲ့ ခရီးသည်ဦးရေ ကျဆင်းပြန်တယ်။ တစ်ခါ ဥရောပသမဂ္ဂက ထွက်ခွာရင် ငါတို့နိုင်ငံရဲ့ ငွေတန်ဖိုးအကျဖြစ်မှာ တွေးပူသူတွေ ရှိလာပြန်တော့ ခရီးအတွက် ခြိုးခြံလိုက်ကြ တဲ့ နှစ်ဖြစ်ပြန်ရော။ (ပိတ်ရက်တွေတိုင်း ခရီးသွား များမယ် ယုံကြည်ပြီး ခရီးစဉ်ကြောင်း ရေများများ ဆွဲနေကြတဲ့ ရွှေပြည်ကြီးက ကုမ္ပဏီများ ချိတ်ဆက်စဉ်းစားတတ်ကြဖို့)

(၅) ခရီးသည် ၆၀၀,ဝဝဝရဲ့ လမ်းခုလတ်ကိစ္စအတွက် အဆင်ပြေဖို့ စီမံချက်မဆွဲဘဲ စာနာခြင်းကင်းမဲ့တဲ့ ဒီဆုံးဖြတ်ချက်က Thomas Cook & Son အတွက် အပြီးအပြတ်ကျဆုံးခန်းပါပဲ။ တကယ့် မူလဇာစ်မြစ် အရ ဝန်ဆောင်မှုကို ရှေ့တန်းတင်ခဲ့ပြီး ကြီး ပွားလာတဲ့ ကုမ္ပဏီတစ်ခုက Service ကို ပစ်ပယ်လိုက်တာဟာ ကိုယ့်ကြိုးကွင်းကိုယ် စွပ်လိုက်တာပါပဲ။ တစ်ချိန်တည်းမှာ ထပ်မံပေါ်ထွက်လာတာတွေက ကုမ္ပဏီရဲ့ အမှုဆောင်တွေဟာ ပြိုလဲနိုင်ခြေ အရိပ်အယောင်ကို မြင်ပါလျက်နဲ့ နောက်ဆုံးငါးနှစ်အတွင်း ဆုကြေး (Bonus) တွေ  ယူခဲ့ကြတာပါပဲ။ (ဝန်ဆောင်မှုကို ဖြစ်ကတတ်ဆန်း လုပ်တတ်ပြီး လူယုံလို့ ယူဆရင် အလုံးစုံ ပုံအပ်၊ ပြင်ပ စာရင်းစစ် External Audit နဲ့ စစ်ဆေး လေ့မရှိတဲ့ ကုမ္ပဏီအပေါင်း သတိပြုကြဖို့)

လွမ်းစရာ့ ဆောင်ပုဒ်

“Don’t just book it, Thomas Cook it.”

ခရီးစဉ်တွေရဲ့ကြိုတင်မှာကြားခြင်း အလေ့အထ (Booking) ကို သူ့နာမည် Thomas Cook ရဲ့ ထမင်းအသင့်ဟင်းပွဲရှေ့အရောက်ချက်ပြုတ်ပေးခြင်း (Cook)ရဲ့ သံတူကြောင်းကွဲ အဓိပ္ပာယ်နဲ့ ချီတက်ခဲ့တဲ့ Thomas Cook & Son ကုမ္ပဏီဟာ ခုတော့ ချက်ရင်းတန်းလန်း အလွမ်းဇာတ်ခင်းခဲ့ပြီ။

စီးပွားရေး သံဝေဂ ယူနိုင်ကြပါစေသတည်း။

Source : Eleven Media Group