fbpx

ရဲတပ်ဖွဲ့စစ်ဆေးချက်အရ တစ်ပြားလျှင် WY စိတ်ကြွဆေးပြား လေးပြား ထုထည်ပမာဏခန့်ရှိ ကတ်တမင်းဟု ယူဆရသော ဆေးပြား ၁၀ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် အဆိုတော်ဖြိုးပြည့်စုံပါသုံးဦးအား ရုံးထုတ်ရီမန်ယူ

ဓာတ်ပုံ- မင်းသိန်းနိုင်

ရဲတပ်ဖွဲ့ စစ်ဆေးချက်အရ တစ်ပြားလျှင် WY စိတ်ကြွဆေးပြား လေးပြား ထုထည်ပမာဏခန့်ရှိ ကတ်တမင်းဟု ယူဆရသော ဆေးပြား ၁၀ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် အဆိုတော်ဖြိုးပြည့်စုံအပါအဝင် သုံးဦးအား အောက်တိုဘာ ၈ ရက်နံနက် ၁၀ နာရီ ခွဲခန့်က ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်တရားရုံးတွင် ရုံးထုတ်၍ အောက်တိုဘာ ၂၁ ရက်အထိ ချုပ်ရီမန်ရယူခဲ့ကြောင်း သိရသည်။

“မူးယစ်ဆေးဝါးသတင်းအရ မြန်မာပလာဇာမှာရှိတဲ့ ကော်ဖီဆိုင်ရှေ့မှာ  စွပ်စွဲခံရသူသုံးဦးဖြစ်တဲ့ ဖြိုးပြည့်စုံပါသုံးဦးကို တွေ့တယ်။ အဲ့ဒီထဲက ရော်နီစန်းလွင်ဆီက ကားသော့ကိုတွေ့တာကြောင့် မေးတဲ့အခါမှာ ဖြိုးပြည့်စုံရဲ့ ကားသော့ဖြစ်တယ်လို့ပြောတယ်။ နောက်တော့ ကားသော့ကိုယူပြီး ကားကိုရှာလိုက်တဲ့အခါမှာ ကားထဲမှာရှိတဲ့ ကျောပိုးအိတ်ထဲကနေပြီးတော့ ကတ်တမင်းလို့ခေါ်တဲ့ ဆေးပြားတွေကို တွေ့တယ်။ ပြီးတော့အဲ့ဒီ အိတ်ထဲကနေပြီးတော့ ဖြိုးပြည့်စုံနာမည်နဲ့ မှတ်ပုံတင်တစ်ခုကိုလည်း တွေ့တယ်။ အဲ့ဒီအိတ်ထဲမှာပဲ ဖုန်းတစ်လုံးလည်း တွေ့တယ်။ ကျန်နဲ့နှစ်ယောက်ဆီကနေလည်း ဖုန်းတစ်လုံးလည်းတွေ့တယ်။ တရားလိုကတော့ မူးယစ်ရဲတပ်ဖွဲ့က ဒုရဲအုပ်တစ်ဦးပေါ့” ဟု ဗဟန်းမြို့နယ်တရားရုံးမှ ပြန်ကြားရေး အရာရှိက ပြောကြားသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၇ ရက် ညနေ ၅ နာရီခွဲခန့်က မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စု (၄၀) ရန်ကုန်(မြောက်)မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်း၊ မြန်မာပလာဇာရှိ ကော်ဖီဆိုင်တစ်ဆိုင်တွင် ရောက်ရှိနေသူ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဍ၊ (၂၉)ရပ်ကွက်နေ အဆိုတော်ဖြိုးပြည့်စုံ(၃၂)နှစ်၊ မြောက်ဒဂုံမြို့နယ်နေ ရော်နီစန်းလွင်(၃၂)နှစ် နှင့် စမ်းချောင်းမြို့နယ်နေ ငြိမ်းချမ်းကို(၂၄) နှစ်တို့အား တွေ့ရှိရသဖြင့် ၄င်းတို့သုံးဦးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်ကာ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စစ်ဆေးရာ ၄င်းတို့စီးနင်းလာသည့် ယာဉ်၏နောက်ခန်းထိုင်ခုံပေါ်ရှိ ကျောပိုးအိတ်အတွင်းမှ ပလတ်စတစ်ဘူးဖြင့် ထည့်ထားသည့် ကတ်တမင်းဆေးပြား ၁၀ ပြားနှင့် ဖုန်းသုံးလုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့သုံးဦးကို ဗဟန်းမြို့မရဲစခန်းမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် ဖမ်းဆီးစစ်ဆေးခဲ့ကြောင်းသိရသည်။

“မူးယစ်ဥပဒေမှာသတ်မှတ်ပြီးသားရှိတယ်။ သုံးဂရမ်အထက်ဆိုရင် ၁၉ (က) နဲ့ ဖွင့်ရတယ်။ စုစုပေါင်းဆေးပြား ပမဏက ၄ ဂရမ်ဆိုတော့ ၁၉(က)နဲ့ဖွင့်ရတာပေါ့။ မူးယစ်တပ်ဖွဲ့ကစစ်တာတော့  ကတ်တမင်းဆေးပြားပေါ့။ Final Test ကတော့ ဓာတုဗေဒဝန်ရုံးကနေ အသေးစိတ်ထပ်စစ်မှာပေါ့။ ဒီနေ့တော့ သူတို့သုံးယောက်ကို သက်ဆိုင်ရာရဲစခန်းက ရီမန်ယူတာတွေ၊ ဆေးစစ်တာတွေ လုပ်နေတယ်လို့သိရတယ်” ဟု မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က အဆင့်မြင့်ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“မသေချာလို့ ဆေးပြားကို မူးယစ်ရဲတပ်ဖွဲ့က ချက်ချင်းဓာတ်ခွဲတော့ ကတ်တမင်း ဆေးပြားလို့ သိရတယ်။ အဲဒီဆေးပြားတစ်ပြားမှာ WY ဆေးပြား လေးပြားပမာဏလောက် ရှိတာပေါ့။ အစက ဆယ်ပြားဆို ၁၆(ဂ)နဲ့ပဲ မြို့နယ်မှာ တရားစွဲရမှာပေါ့။ အခုက ဆေးတစ်ပြားမှာ WY လေးပြားစာ ပမာဏလောက် ပါနေတော့ အပြားလေးဆယ်ပမာဏ ဖြစ်သွားတယ်။ အဲဒါကြောင့် ၁၉(က) /၂၁ ဖြစ်သွားပြီးတော့ ခရိုင်တရားရုံးမှာ တရားစွဲမှာဖြစ်တယ်” ဟု ရန်ကုန်အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ဆေးပြားများတွင်ပါဝင်သည့် ဓာတုဆေးဝါးများ၏ အာနိသင်အသေးစိတ်၊ ပါဝင်သည့် ဓာတုပစ္စည်းများကို သိရှိရန်အတွက် ဓာတုဗေဒဝန်ရုံးက စစ်ဆေးပြီးမှသာ သိရှိနိုင်မည်ဖြစ်ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ အဆင့်မြင့် ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ပုဒ်မ ၁၉(က)/၂၁မှာ ပြစ်မှုထင်ရှားပါက အနည်းဆုံး ထောင်ဒဏ်ဆယ်နှစ်မှ နှစ်အကန့်အသတ်မရှိ ချမှတ်နိုင်သောပုဒ်မဖြစ်ကြောင်း သိရသည်။

Source : Eleven Media Group