fbpx

မန္တလေးမြို့၌် ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် AA အဖွဲ့ဝင် ခြောက်ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် စတင်တရားစွဲ

မန္တလေးမြို့၌ ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် AA လက်နက်ကိုင်အဖွဲ့ဝင် ခြောက်ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် မန္တလေးခရိုင်တရားရုံးတွင် အောက်တိုဘာ ၈ ရက်က စတင်တရားစွဲဆိုခဲ့ကြောင်း သတင်းရရှိသည်။

AA လက်နက်ကိုင်အဖွဲ့ဝင်  ခြောက်ဦးကို ၂၀၁၄ခုနှစ် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၁(ဂ)၊ /၅၂(က) တို့ဖြင့်တရားစွဲဆိုရန် အမှတ် ၁၁ ရဲစခန်းမှူး ဒုရဲမှူးဇော်နိုင်က  တရားလိုပြုလုပ်ကာ မန္တလေးခရိုင်တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

“ဒီကနေ့ AAအကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ဖမ်းဆီးရမိတဲ့အဖွဲ့ဝင် ခြောက်ဦးကို မန္တလေးခရိုင်တရားရုံး ရာဇဝတ်ကြီးအမှတ် ၂၈၉/၂၀၁၉နဲ့လက်ခံထားပါတယ်။ဖမ်းဆီးရမိတဲ့တရားခံက ခြောက်ဦးပါ။တရားလိုကတော့ ဒုတိယရဲမှူးဇော်နိုင်ပါ။ဒီအမှုနဲ့ ပတ်သက်ပြီး ဆက်စပ်တရားခံပြေး သုံးဦးရှိတဲ့အတွက် တရားစွဲတင်ခဲ့ရာမှာ မန္တလေးခရိုင်တရားရုံးရဲ့ ရာဇဝတ်ကျင့်ထုံး အမှုအမှတ် ၇၄/၂၀၁၉ နဲ့ လက်ခံထားပါတယ်။ ဒီနေ့တရားစွဲတင်ရာမှာ တရားခံပြေး သုံးဦးပါတာကြောင့် ဖမ်းဝရမ်း ထုတ်ထားပါတယ်။ဖမ်းဝရမ်း ပြန်သွင်းရန်နဲ့ မင်နီ သက်သေတွေကို စစ်ဖို့အတွက် အောက်တိုဘာ ၂၂ ရက်နေ့ကို ချိန်းဆိုထားပါတယ်”ဟု မန္တလေးခရိုင် တရားရုံး သတင်း ပြန်ကြားရေးအရာရှိ ဒေါ်မာလာထွဋ်က ပြောကြားခဲ့သည်။

၎င်းတို့ကိုစွဲဆိုထားသည့် ၂၀၁၄ ခုနှစ် အကြမ်းဖျက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၁(ဂ)သည် ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်သလို ၅၂(က)သည် ထောင်ဒဏ် ၃ နှစ်မှ ၇ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်သည်ဟု သိရသည်။

စက်တင်ဘာ ၁၀ ရက်က မန္တလေးတိုင်းရဲတပ်ဖွဲ့မှ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် ၅ ရပ်ကွက်၊ လမ်း ၇၀ နှင့် ဒသနလမ်းရှိ နေအိမ်တစ်ခုသို့ ဝင်ရောက်ရှာဖွေခဲ့ရာ အောင်လင်းထက်၊ မြတ်ခိုင်၊ ချမ်းငြိမ်း နှင့် ဖိုးကျော်တို့ကို ဂြိုလ်တုဖုန်း အလုံး ၄၀၊မှန်ပြောင်း ၃၀၊ GPS ၂၅ လုံး ၊ ယမ်းတုံးဟု ယူဆရသော အထုပ်၂၈ ထုပ်၊ ဒီတိုနေတာ အခု ၁၀၀၀ ခု၊ယမ်းဖြူဟု ယူဆရသော အိတ် ၅ အိတ်တို့နှင့် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါနေအိမ်တွင် ကနဦးဖမ်းဆီးရမိသည့် လေးဦးအပြင် ထပ်မံစစ်ဆေးပေါ်ပေါက်ချက်အရ နှစ်ဦးထပ်မံထပ်မံဖမ်းဆီးရခဲ့ကာ တရားခံပြေးအဖြစ်ကျန်ရှိနေသူများလည်း ရှိနေသေးကြောင်း သိရသည်။

၎င်းတို့ကို ချမ်းမြသာစည်မြို့နယ်တရားရုံးတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆ရဖြင့်လည်း တရားစွဲဆိုထားသည်ဟု သိရသည်။

Source : Eleven Media Group