fbpx

အကယ်ဒမီပိုင်ဖြိုးသုနှင့် တွေ့ဆုံခြင်း

အနုပညာလောကအတွင်း စတင်ဝင်ရောက်စဉ်ကတည်းကပင် အမူအရာပီပြင်သူတစ်ဦးအဖြစ် ပရိသတ်လက်ခံအားပေးစေခဲ့သူက သရုပ်ဆောင်အကယ်ဒမီပိုင်ဖြိုးသုပဲဖြစ်ပါတယ်။ “မီ” ရုပ်ရှင်ဇာတ်ကားနဲ့ မှတ်တိုင်တစ်ခု ခိုင်မြဲစွာတည်ဆောက်အပြီးမှာတော့ တစ်ကားနဲ့တစ်ကား မတူကွဲပြားတဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ ရိုက်ကူးပါဝင်ထားသူလည်း ဖြစ်ပါတယ်။ အောက်တိုဘာလကုန်မှာ ရုံတင်ပြသတော့မယ့် “Now & Ever” ဇာတ်ကားမှာတော့ ထူးခြားတဲ့ ကာရိုက်တာပုံစံတစ်ခုနဲ့ ထပ်မံမြင်တွေ့ရမှာပါ။ အကယ်ဒမီပိုင်ဖြိုးသုနဲ့တွေ့ဆုံပြီး စပွန်ဆာဇာတ်ကား၊ “Now & Ever” ဇာတ်ကားတွေမှာ ပါဝင်ထားတဲ့ အတွေ့အကြုံတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး – စပွန်ဆာရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ အမှတ်တရတွေကို ပြောပေးပါဦး။

ဖြေ – ဒီဇာတ်ကားလေးက ရိုက်ကူးတုန်းကလည်း တော်တော်လေးကို ပင်ပန်းခဲ့တယ်။ ပါဝင်ခဲ့သူတွေအားလုံးလည်း ပင်ပန်းခဲ့ကြသလို အမှတ်တရတွေလည်း အများကြီးရှိခဲ့တဲ့ ကားလေးပါ။

မေး – ဒီဇာတ်ကားမှာ သရုပ်ဆောင်ခဲ့ရတဲ့ ကာရိုက်တာပိုင်းနဲ့ပတ်သက်ရင်ရော ဘယ်လိုပြင်ဆင်ခဲ့ရလဲ။

ဖြေ – ဒီဇာတ်ကားထဲက မိန်းကလေးကတော့ အမြဲတမ်းစိတ်ညစ်နေရတဲ့ မိန်းကလေးတစ် ယောက်ပေါ့။  မိသားစုကလည်းစိတ်ညစ်စရာတွေ၊ အခက်အခဲတွေကြားမှာ နေထိုင်ရတဲ့အတွက် ဒီဇာတ်ကားရိုက်ကူးနေစဉ်တစ်လျှောက်လုံးမှာတော့ အဲဒီခံစားမှုနဲ့နေခဲ့ရတယ်။ ဇာတ်ကားမပြီးမချင်းကတော့ ကိုယ်သရုပ်ဆောင်ရတဲ့ ကာရိုက်တာရဲ့ခံစားမှုအတိုင်း စိတ်တွေမွန်းကျပ်ပြီး စိတ်ညစ်နေရတာပေါ့။

မေး – ဒီဇာတ်ကားက နမူနာဗီဒီယိုဖိုင်ထွက်လာကတည်းက ပရိသတ်စိတ်ဝင်စားသလို တစ်ဖက်မှာလည်း အမျိုးမျိုးပြောကြတာတွေလည်းရှိတော့ အဲဒီအပေါ်မှာပြောချင်တာမျိုးရှိမလား။

ဖြေ – ဒီဇာတ်ကားမှာ အဓိကသွားထားတာကတော့ မိသားစုဒရာမာပါ။ မိသားစုတွေကြားမှာ ဘယ်လိုစိတ်ထားကြတယ်၊ တစ်ယောက်နဲ့တစ်ယောက် ငဲ့ညှာတာ၊ အခက်အခဲအတွက် ဖြေရှင်းပေးကြတာတွေပါတယ်။ ဒါပေမဲ့ ဇာတ်ကားရဲ့နာမည်ကြောင့် ဇာတ်လမ်းဘယ်လိုဆိုတာ မသိကြသေးတာတွေလည်းရှိတယ်။ အဲဒီတော့ အမျိုးမျိုးပြောကြတာတွေလည်းရှိတယ်။ တကယ်တမ်းတော့ မိသားစုဒရာမာဇာတ်ကားလို့ ပြောလို့ရပါတယ်။

မေး – အဲဒီဇာတ်ကောင်ရဲ့ခံစားမှုအပေါ်မှာ ပိုင်ဖြိုးသု ပင်ကိုယ်စိတ်ရင်းနဲ့ဝင်ပြီး စာနာခံစားရတာတွေရှိခဲ့လား။

ဖြေ – သုသုတို့အနုပညာရှင်တိုင်းမှာ အဲဒီလို ဝင်ခံစားရတာမျိုးရှိပါတယ်။ ကိုယ်သရုပ်ဆောင်ရတဲ့ ကာရိုက်တာရဲ့ခံစားမှုနဲ့ ထပ်တူကျမှလည်း အဲဒီဇာတ်ကောင်က တကယ်ပေါ်လွင်လာတာပေါ့။ ဇာတ်ကောင်တိုင်းက ကိုယ့်ဘဝမှာ ကြုံဖူးချင်မှကြုံဖူးမယ်။ ဒါပေမဲ့ သရုပ်ဆောင်တဲ့အခါမှာတော့ သူ့နေရာမှာ ငါသာဆိုရင်ဆိုတဲ့ ခံစားချက်မျိုးထားရတယ်။ စိုးစိုးဝေဆိုတဲ့ ကာရိုက်တာမှာ သရုပ်ဆောင်တော့လည်း ငါသာစိုးစိုးဝေဆိုရင်ဆိုတဲ့စိတ်နဲ့ပဲ သရုပ်ဆောင်ခဲ့တာ။ ဒါကြောင့် အဲဒီလိုဘဝတွေ၊ အခက်အခဲတွေကို ကိုယ်ချင်းစာနာလို့လည်း ရခဲ့ပါတယ်။

မေး – ဒီဇာတ်ကားမှာက ကြည့်တဲ့သူတွေအတွက် အသိပညာပိုင်းအတွေးအမြင်ပိုင်း မျှဝေပေးထားတာတွေလည်း ပါတယ်နော်။

ဖြေ – ဒီဇာတ်ကားမှာက မိန်းကလေးတွေ အရမ်းရိုးလွန်းရင်လည်း အမြတ်ထုတ်တတ်တဲ့၊ အခွင့်အရေးယူတတ်တဲ့ သူတွေနဲ့ ကြုံရနိုင်တယ်ဆိုတာမျိုးလည်း ပါတာပေါ့။

မေး – သုသုရဲ့ဇာတ်ကားတွေ ဆက်တိုက်ရုံတင်မှာဆိုတော့ ခံစားချက်ကိုလည်း ပြောပေးပါဦး။

ဖြေ – ရင်ခုန်ပါတယ်။ သုသုဇာတ်ကားတွေရုံမတင်တာ နည်းနည်းကြာတဲ့အချိန်မှာ စပွန်ဆာဇာတ်ကားတင်တယ်။ အောက်တိုဘာ ၃၁ ရက်မှာတော့ Now & Ever ဇာတ်ကားရုံတင်မယ်။ Now & Ever ဆိုလည်း acting coach နဲ့ သေချာပြင်ဆင်ပြီး ကြိုးစားထားတဲ့ ဇာတ်ကားဖြစ်တဲ့အတွက် အရမ်းရင်ခုန်နေပါတယ်။

မေး – Now & Ever မှာ ဇဏ်ခီနဲ့သရုပ်ဆောင်မှုမှာ လိုက်ဖက်ညီတဲ့ခံစားမှုကိုရအောင် ဘယ်လိုညှိယူခဲ့ရလဲ။

ဖြေ – အဲဒီကားမရိုက်ခင်မှာ acting coach က သုသုတို့နှစ်ယောက်ကြားက Chemistry တွေကိုက်အောင် ညှိပေးတယ်။ ဇာတ်ညွှန်းထဲက ဇာတ်ကောင်တွေဖြစ်အောင် အများကြီးကြိုပြီး လေ့ကျင့်ပေးခဲ့တဲ့အတွက် on scene ပေါ်ရောက်တဲ့အခါ လုပ်ယူရတာမျိုး မရှိတော့ဘူး။ အပြင်မှာနဲ့ အနီးစပ်ဆုံးတူအောင် သရုပ်ဆောင်ခွင့်ရခဲ့ပါတယ်။

မေး –  နမူနာဗီဒီယိုဖိုင်ကိုကြည့်ပြီးတဲ့ ပရိသတ်တွေက သုသုရဲ့အမူအရာပိုင်းကိုလည်း အရမ်းအားရတဲ့အပေါ် ခံစားမှုကရော။

ဖြေ – ပျော်ပါတယ်။ သုသုတို့သရုပ်ဆောင်တိုင်းကတော့ ကိုယ်ကြိုးစားပန်းစား သရုပ်ဆောင်ထားတဲ့ ဇာတ်ရုပ်လေးတစ်ခုကို ပရိသတ်ကကောင်းတယ်လို့ ပြောလိုက်ရင် ပျော်တာပေါ့။ အဲဒီအချိန်မှာရတဲ့ပီတိက ဘာနဲ့မှလဲလို့မရဘူး။ သူ အဲဒီကားမှာကောင်းတယ်လို့ ပရိသတ်တွေပြောတာ ကြားရုံနဲ့တင် ရိုက်ကွင်းမှာပင် ပန်းခဲ့သမျှ အကုန်ပျောက်သွားတာပေါ့။ အခုလည်း ပရိသတ်တွေကကောင်း တယ်လို့ ကြိုပြီးပြောပေးကြတဲ့အတွက် ပျော်ပါတယ်။

မေး – Now & Ever နဲ့ပတ်သက်လို့ ပရိသတ်တွေကို အကြိုပြောချင်တာများရှိမလား။

ဖြေ – ဒီဇာတ်ကားကလျှို့ဝှက်ချက်တွေ အများကြီးပါပါတယ်။ Teaser ကိုကြည့်ပြီးတာနဲ့ ဇာတ်လမ်းကို လုံးဝမှန်းလို့မရတာ သေချာပါတယ်။ ရုံတင်တဲ့အခါကျရင် လာရောက်အားပေးမှပဲ လျှို့ဝှက်ချက်တွေကို သေချာ သိရမှာဆိုတော့ အားပေးစေချင်ပါတယ်။

Source : Eleven Media Group