fbpx

တာချီလိတ်တွင် အမျိုးသားသုံးဦး နေ့ခင်းအချိန် ရွှေဆိုင်ကို လုယက်ထွက်ပြေး

ပုံစာ – အခင်းဖြစ်ရွှေဆိုင်
ကျိုင်းတုံ၊ အောက်တိုဘာ ၈
ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက် ဗိုလ်ချုပ်လမ်းမကြီး​ဘေးရှိ ထားထားလွင်ရွှေဆိုင်တွင် ယနေ့ (အောက်တိုဘာ ၈ ရက်) မွန်းလွဲ ၁ နာရီခွဲခန့်က အမည်မသိ အမျိုးသားသုံးဦးက ရွှေဆိုင်ဝန်ထမ်းကို ဓားထောက်ကာ ရွှေထည်များ လုယက်ထွက်ပြေးသွားကြောင်း တာချီလိတ်မြို့မ ရဲစခန်းထံမှ သိရသည်။
“ဆိုင်ကယ်နှစ်စီးနဲ့ မျက်နှာမှာ MASK တပ်ထားကြတဲ့ အမျိုးသားသုံးဦးက ဆိုင်အလုပ်သမလေးကို ဓားနဲ့ထောက်ပြီး ယူနေချိန်မှာ ကောင်မလေးက အော်ဟစ်အကူအညီတောင်းလို့ ရသလောက် ရွှေထည်တွေယူပြီး ထွက်ပြေးသွားကြတယ်။ ဖမ်းဆီးရမိဖို့ ပိုက်စိတ်တိုက် ရှာဖွေနေကြပါတယ်”ဟု ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါဖြစ်စဉ်တွင် အမည်မသိ ဓားထောက်လုယက်သူ သုံးဦးသည် တစ်မတ်သားခန့်ရှိ နားကပ်ငါးရံနှင့် တစ်မတ်သားခန့်ရှိ နားဆွဲသုံးရံ (ကျပ် ၂၂ သိန်းခန့်တန်ဖိုးရှိ) ကို ယူဆောင်သွားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
တာချီလိတ်မြို့တွင် ဗိုလ်ချုပ်လမ်းမကြီးဘေးရှိ ရွှေဆိုင်များကို ၂၀၁၉ ခုနှစ် မတ်လ (၂၉ ရက်)က ဆန်ဆိုင်း (က) ရပ်ကွက်ရှိ နန်းနန်းဘွန်းကျောက်ရွှေဆိုင်ကို သေနတ်ကိုင် အမျိုးသားများက အနုကြမ်းစီးလုယက်ခဲ့ပြီး၊ ဇွန်လ (၃ ရက်) တွင် မယ်ခေါင်ရပ်ကွက်ရှိ နန်းနန်းဘွန်းကျောက် (၂) ရွှေဆိုင်နှင့် ဇူလိုင် (၈ ရက်) တွင် ဝမ်ကောင်းရပ်ကွက်ရှိ ရှင်းမန် & ရှင်းဒါရွှေဆိုင်တို့ လုယက်ခံခဲ့ရသည်။

R-16

Source : The Voice