fbpx

အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီ လှည့်လည်ပူဇော်ပွဲ ၁၀ မြောက်နေ့တွင် ညောင်ရွှေကျောင်းတော်မှ မိုင်းသောက်ကျောင်းသို့ ကြွချီရာ၌ ဘုရားဖူးအများအပြား ဖူးမြော်

အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီ လှည့်လည်ပူဇော်ပွဲ ၁၀ မြောက်နေ့တွင် ညောင်ရွှေကျောင်းတော်မှ မိုင်းသောက်ကျောင်းသို့ အပူဇော်ခံကြွချီခဲ့ရာတွင် ဘုရားဖူး ပရိသတ် အများအပြား လာရောက်ဖူးမြော်ခဲ့ကြောင်း သိရသည်။


အောက်တိုဘာလ ၈ ရက်တွင် ညောင်ရွှေကျောင်းတော်မှ မနက် ၇ နာရီ အချိန်တွင် စတင်ထွက်ခွာလာကာ နန်းသဲကျောင်းတွင် နေ့ဆွမ်းဆက်ကပ်ခဲ့ပြီး၊ နန်းသဲကျောင်းမှ တဆင့် နေ့လည်ပိုင်း ၁ နာရီအချိန်တွင် စတင်ထွက်ခွာလာကာ မိုင်းသောက်ကျောင်းတွင် ညကျိန်း အပူဇော်ခံ ထားရှိမည် ဖြစ်ကြောင်း သိရသည်။


အင်းလေးဖောင်တော်ဦးဘုရား မိုင်းသောက်ကျောင်းတွင် အပူဇော်ခံသောနေ့၌ ကမ္ဘောဇဘဏ်လီမိတက် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက မိုင်းသောက်စံကျောင်း ပြုပြင်နိုင်ရန် အလှူငွေကျပ်သိန်း ၂၀၀ လှူဒါန်းခဲ့ကြောင်း မိုင်းသောက်စံကျောင်း သြဝါဒခံ ဆရာတော်များထံမှ သိရသည်။


မိုင်းသောက်စံကျောင်း ဘုရားကျိန်းကျောင်းသည် ရှေးဟောင်းကျောင်းတော်ဖြစ်ပြီး နှစ်ပေါင်း ၈၀ ကျော် ကြာမြင့်ပြီဖြစ်ပြီး၊ ပြုပြင်ရန် လိုအပ်နေကာ မကြာခင် ပြုပြင်ဆောင်ရွက်ခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ သိရသည်။ မိုင်းသောက်ဘုရားစံကျောင်းသည် တိုက်နယ်တွင်းရှိ ကျောင်းပေါင်း ၇ ကျောင်း တို့မှ သြဝါဒခံ ဆရာတော်များဖြင့် ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပြီး၊ မိုင်းသောက်တိုက်နယ်တွင် ကျောင်းပေါင်း ၇ ကျောင်းတို့မှ သံဃာတော်ပေါင်း အပါး ၂၀၀ ကျော် တို့မှ ဘုရားကြိုဆိုခြင်း၊ ဘုရားအနေကဇာတင်ခြင်း၊ လိုက်လံပို့ဆောင်ခြင်းများ ပြုလုပ်ကြောင်း သိရသည်။


ရွာစဉ်အလိုက် ကြွချီအပူဇော်ခံကာ ညကျိန်းမည့် နေရာဒေသများမှ ဖောင်တော်ဦးဘုရား စံကျောင်းတော်မှ၊ အင်းတိန်စံကျောင်း၊ ဟဲယာရွာမစံကျောင်း၊ ဟဲယာရွာမကျောင်း၊ ငါးဖယ်ချောင်းကျောင်း၊ ကြေးစားကျောင်း၊ လင်းကင်းကျောင်းပြီးနောက်၊ ညောင်ရွှေမြို့ စံကျောင်းတော်တွင် (၃) ညတိုင်တိုင် ကိန်းဝပ်အပူဇော် ခံမည်ဖြစ်ပြီး၊ မိုင်းသောက်ကျောင်း၊ သလဲဦးကျောင်း၊ ဇရပ်ကြီးကျောင်း၊ နန်းပန်ကျောင်း၊ ကျိုင်းခမ်းကျောင်း၊ မိုင်းပျိုးကျောင်း၊ နောင်တောကျောင်း၊ ရေသာကျောင်း၊ ပြီးနောက် ဖောင်တော်ဦးကျောင်းတော်သို့ ကျောင်းတော်ဝင်ပွဲ ပြန်လည်ကြွဝင်မည် ဖြစ်ကြောင်း သိရသည်။


အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီ လှည့်လည်ပွဲတော်ကို ၂၀၁၉ စက်တင်ဘာ ၂၉ ရက် မနက် ၄ နာရီအချိန်တွင် စတင်ဖွင့်လှစ်ခြင်း ဖြစ်ကာ အောက်တိုဘာ ၁၆ ရက်အထိ ရက်ပေါင်း ၁၈ ရက်တိုင်တိုင် အင်းလေးဒေသရှိ ၂၁ ဌာနသို့ ကြွချီလှည့်လည် အပူဇော်ခံမည်ဖြစ် ဖြစ်ကြောင်း အင်းလေးဖောင်တော်ဦးဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

Source : Eleven Media Group