fbpx

နည်းပြ ဆိုးလ်ရှားကို ဂလေဇာမိသားစုနှင့် မန်ယူအသင်းဘုတ်အဖွဲ့ ထောက်ခံမှုအပြည့်ပေးထားဟု မီဒီယာများ ဖော်ပြ

Photos: Daily Mail

မန်ယူအသင်းသည် လက်ရှိအချိန်တွင် ရလဒ်ဆိုးများနှင့် ရင်ဆိုင်နေရပြီး အသင်း၏သမိုင်းတစ်လျှောက် နှစ်ပေါင်း (၃၀)အတွင်း အဆိုးရွားဆုံးရာသီစတင်မှုအဖြစ် မှတ်တမ်းဝင်နေသော်လည်း နည်းပြဆိုးလ်ရှားကို အသင်းပိုင်ရှင် ဂလေဇာ မိသားစုနှင့် မန်ယူအ သင်းဘုတ်အဖွဲ့က ထောက်ခံမှုအပြည့် ပေးထားကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

ဆိုးလ်ရှားသည် မန်ယူအသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့သည့် ပွဲစဉ်(၁၉)ပွဲတွင် နိုင်ပွဲ(၁၄)ပွဲအထိ ရယူ ပေးနိုင်ခဲ့သော်လည်း တရားဝင်နည်းပြအဖြစ် ခန့်အပ်ခံရပြီးနောက် ရလဒ်များ ဆက်တိုက်ကျဆင်းလာခဲ့သည်။ တရားဝင် နည်းပြဖြစ်လာပြီးနောက် ကိုင်တွယ်ခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်(၁၆)ပွဲတွင် နိုင်ပွဲ(၄)ပွဲသာရရှိပြီး ရမှတ်(၁၇)မှတ်သာ ရ ယူနိုင်ခဲ့ကြောင်းလည်း သိရှိရသည်။ 

ထို့ပြင် ယင်းမှတ်တမ်းကို လက်ရှိပရီးမီးယားလိဂ်ပြိုင်ပွဲဝင်အသင်းများနှင့် နှိုင်းယှဉ်ပါက မန်ယူအသင်း အသာရသည့်အသင်းမှာ ဆောက်သမ်တန်၊ ဘရိုက်တန်နှင့် ဝက်ဖို့ဒ်တို့ (၃)သင်းသာရှိကြောင်း ထောက်ပြမှုများလည်းရှိခဲ့သည်။ 

နယူးကာဆယ်အသင်းကို  ရှုံးနိမ့်ခဲ့ပြီးနောက် ပြိုင်ပွဲစုံအဝေးကွင်း(၁၁)ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့ခြင်း၊ ပြိုင်ပွဲစုံနောက်ဆုံး(၅)ပွဲ၌ ရော့ခ်ျဒေးလ်ကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် တစ်ပွဲသာအနိုင်ရခဲ့ခြင်း စသည့် မှတ်တမ်းဆိုးများနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။ 

ထို့ကြောင့် မန်ယူပရိသတ်အချို့က ဆိုးလ်ရှားကိုရာထူးမှ ထုတ်ပယ်ရန် လှုံ့ဆော်မှုများ ပိုမိုပြုလုပ်လာခဲ့သလို၊ ထုတ်ပယ်ခံရရန် ပိုမိုရေပန်းစားလာသော်လည်း ဆိုးလ်ရှားသည် ထောက်ခံမှုအပြည့် ရရှိထားသည်ဟု ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ခြင်းဖြစ်သည်။ 
ဆိုးလ်ရှားသည် ဂလေဇာမိသားစု နှင့် ဒုဥက္ကဋ္ဌ အက်ဒ်ဝုဒ်ဝက်ဒ်အပါအဝင် ဘုတ်အဖွဲ့၏ ထောက်ခံမှုကို ရရှိထားကြောင်း၊ ၎င်းတို့က ဆိုးလ်ရှားကို အချိန်အလုံအလောက်ပေးကာ အသင်းကို ရေရှည်စီမံကိန်းဖြင့် ပြန်လည်တည်ဆောက်သွားရန် စီစဉ်နေခြင်းဖြစ်ကြောင်း မန်ယူအသင်း၏ အတွင်းလူတစ်ဦးက တနင်္လာနေ့တွင် ပြောကြားခဲ့သည်ဟု Daily Mail သတင်းစာက ဖော်ပြခဲ့သည်။ 

Source : Eleven Media Group