fbpx

ဒေါက်တာသန်းစိန်နှင့် တွေ့ဆုံခြင်း

Electronic Cigarette
“စီးကရက်နဲ့ အီးစီးကရက်က အမျိုးအစားသာ ကွာခြားတယ်။ လူကိုကင်ဆာဖြစ်စေတဲ့ ပစ္စည်းကတော့ ပါတာချည်းပဲ”
အီးစီးကရက်သည် ပုံမှန်စီးကရက်ကဲ့သို့ပင် သောက်သုံးသူကို စွဲလမ်းစေတတ်သော နီကိုတင်းဓာတ်များ လွန်ကဲစွာပါဝင်သည်။ ထို့အတူ စီးကရက်အပါအဝင် ဆေးလိပ်၊ ဆေးရွက်ကြီးထုတ်ကုန်များကဲ့သို့ ကျန်းမာရေးကို ထိခိုက်စေနိုင်သောကြောင့် အီးစီးကရက်သုံးစွဲခြင်းကို ရှောင်ကြဉ်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ အဆိုပါ အီးစီးကရက်နှင့် ပတ်သက်သည့် အချက်အလက် များကို ကြိုတင်သတိပြုနိုင်စေရန် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာသန်းစိန်နှင့် The Voice Daily က မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။
Voice : အီးစီးကရက်ဆိုတာကို ပြောပြပေးပါဦး။
Dr.TS : အီးစီးကရက်ဆိုတာ Electronic Cigarette ကို ပြောတာ။ စီးကရက်နဲ့ သဏ္ဌာန်တူသော Electronic ပါတဲ့ ဆေးလိပ်ပေါ့။ တော်တော်များများက ဆေးလိပ်မဟုတ်တဲ့ပစ္စည်းလို့ပြောတယ်။ ဆေးလိပ်ဆိုတာ ဆေးရွက်ကြီးကို မီးရှို့ပြီး ရှူရှိုက်ရတဲ့ ပစ္စည်းဖြစ်တယ်။ အီးစီးကရက်က ဆေးရွက်ကြီးမပါဘဲ နီကိုတင်းပါတဲ့ ဆေးအရည်ကို Electronic နဲ့ရှို့၊ အငွေ့ထွက်အောင်လုပ်ပြီး ရှူတဲ့ပစ္စည်းဖြစ်တယ်။
Voice : အီးစီးကရက်အမျိုးအစား ဘယ်လောက်အထိရှိပါသလဲ။
Dr.TS : ၂၀၀၃ ခုနှစ်မှာ တရုတ်နိုင်ငံမှာ တရုတ်နိုင်ငံသားတစ်ယောက်က ဆေးလိပ်ဖြတ်ချင်လို့ ဆိုပြီးတော့ နီကိုတင်းအစားထိုးပစ္စည်းကို ထုတ်တာ။ ၂၀၀၇ ခုနှစ်မှာ ကမ္ဘာကိုပျံ့တယ်။ ၁၀ နှစ်အတွင်း ကမ္ဘာမှာ အမျိုးပေါင်း ၇,ဝ၀၀ ကျော်လောက်ပျံ့တယ်။ သူက Pen လို့ခေါ်တဲ့ ဖောင်တိန်ချောင်းပုံစံမျိုးရှိတယ်။ နောက်ပြီး မီးခြစ်ဘူးသဏ္ဌာန် Pot တို့၊ Mot တို့ ရှိ တယ်။ နောက်တစ်ခုက Juul လို့ခေါ်တဲ့ USB ပုံစံနဲ့ ထွက်လာတာတွေလည်းရှိတယ်။ အီးစီးကရက်ကို သောက်ရင် အငွေ့တွေအများကြီးထွက်တယ်၊ ဒါကို အခုနောက်ပိုင်းမှာ Vape လို့ခေါ်ကြတယ်။ အီးစီးကရက်က နီကိုတင်းပါတဲ့အရည် ထည့်သောက်ရတာ။ နောက်ပိုင်းမှာ နီကိုတင်းမပါဘဲ အငွေ့ရှူတဲ့အခါ အနံ့မျိုးစုံ ထွက်အောင် စတော်ဘယ်ရီ၊ ပန်းသီး၊ ချောကလက် မျိုးစုံပဲ။ ရှူလိုက်ရင် ပါးစပ်ထဲအနံ့စွဲကျန်ခဲ့တာပေါ့။ အနံ့ မျိုးစုံပါတဲ့ အရည်တွေကိုသုံးပြီးတော့ Vaping လုပ်တာပေါ့။ အခု အသစ်ပေါ်လာတဲ့ အီးစီးကရက်ကတော့ အငွေ့မထွက်တာပါ။ သူက ဆေးရွက်ကြီးကို မီးရှို့ပြီး အငွေ့ထွက်အောင်လုပ်တာမဟုတ်ဘူး။ အပူပေးပြီးတော့ အငွေ့ထွက်အောင်လုပ်တာ။ အခုက ထွက်တယ် ဆိုရုံလောက် အငွေ့ကို ရှူရှိုက်လိုက်တဲ့အတွက် အပြင်ကိုအငွေ့မထွက်ဘူး။ ဒါကို Heated Tobacco Product ဆိုပြီး ကမ္ဘာကိုပျံ့တယ်။ ဆေးလိပ်ကထွက် တဲ့အငွေ့ကြောင့် တစ်ဆင့်ခံရှူပြီး ဒုက္ခရောက်တယ်လို့ ပညာပေးနေတဲ့အချိန်မှာ အငွေ့မထွက်တဲ့ စီးကရက်တစ်မျိုးထွက်လာတယ်ဆိုတဲ့အခါကျတော့ ဆရာတို့ ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ တော်တော်လေး ဒုက္ခရောက်နေတယ်။
Voice : ဟုတ်ကဲ့။ ရိုးရိုးစီးကရက်နဲ့ အီးစီးကရက်က ဘာတွေကွာခြားမှုရှိပါသလဲ။
Dr.TS : စီးကရက်တစ်လိပ်မှာ နီကိုတင်းက သုည ဒသမ ၃ မီလီဂရမ်ရှိတယ်။ အီးစီးကရက်ကတော့ တစ်ခါဖွာရင် နီကိုတင်း ၃၀ မီလီဂရမ်ရှိတော့ အဆ ၁၀၀ လောက်ကွာတယ်။ အီးစီးကရက်မှာ သောက်ဖို့ထည့်ထားတဲ့အရည်က ရှူရှိုက်လိုက်ရင် အထဲမှာ ဓာတုဗေဒပစ္စည်းပေါင်း ၄၀၀ ကျော်လောက်ပါတယ်။ အဲ့ဒီအထဲက အမျိုး ၄၀ လောက်က ကင်ဆာဖြစ်စေတဲ့ ပစ္စည်းတွေပါတယ်။ စီးကရက်ကတော့ ဓာတုပစ္စည်း ၇၀၀ လောက်ပါတယ်။ ၇၀ လောက်က ကင်ဆာဖြစ်စေတယ်။ စီးကရက်နဲ့ အီးစီးကရက်က အမျိုးအစားသာ ကွာခြားတယ်။ လူကိုကင်ဆာဖြစ်စေတဲ့ ပစ္စည်းကတော့ ပါတာချည်းပဲ။
Voice : ရေရှည်သောက်သုံးတဲ့အခါမှာရော ဘယ်လို ထိခိုက်မှုတွေ ရှိနိုင်ပါသလဲ။
Dr.TS : စီးကရက်သောက်လို့ ကင်ဆာဖြစ်သလို အီးစီးကရက်သောက်ရင်လည်း အတူတူပဲ။ ပါးစပ်၊ အာခေါင်၊ အဆုတ် စတဲ့နေရာတွေမှာ ဖြစ်တယ်။ နောက်ပြီး တခြားပါဝင်ပစ္စည်းတွေကြောင့် ကင်ဆာတင်မဟုတ်ဘူး။ နှလုံးသွေးကြောပိတ်တာ၊ ဦးနှောက် သွေးကြောပြတ်တာတွေ ဖြစ်တယ်။ တစ်ကမ္ဘာလုံးမှာ နိုင်ငံပေါင်း ၁၉၀ ကျော်မှာ နိုင်ငံ ၈၀ က အီးစီးကရက် ကို သောက်သုံးရန်မသင့်တဲ့ ပစ္စည်းဆိုပြီးတော့ ပိတ်ပင်ထားတယ်။ တင်သွင်းခွင့်မပြုဘူး။ ထိုင်း၊ စင်ကာပူ၊ အိန္ဒိယ စတဲ့နိုင်ငံတွေမှာ တင်သွင်းခွင့် လုံးဝ ပိတ်ပင်ထားတယ်။ မြန်မာနိုင်ငံမှာလည်း လုံးဝပိတ်ပင်တဲ့ သဘောမျိုးပြုလုပ်ဖို့ကို အကြံပြုထားတယ်။ ဆေးရွက်ကြီးပါတဲ့ ဆေးလိပ်မဟုတ်သော်ငြားလည်း ဆေးလိပ်ကဲ့သို့ပင် လူကိုအန္တရာယ်ပြုနိုင်တဲ့အတွက် ပိတ်ပင်သင့်တဲ့ ပစ္စည်းတစ်မျိုးဖြစ်တယ်။
Voice : ဒီလို ဆိုးကျိုးတွေရှိတဲ့အတွက် ဆရာတို့ အနေနဲ့ရော ဘယ်လိုလှုပ်ရှားမှုတွေ ဆက်လုပ်သွားဖို့ ရှိပါသလဲ။
Dr.TS : ဆရာတို့ကတော့ အီးစီးကရက်သည် လူထုကို ဒုက္ခပေးနေပြီဆိုတာကို ပညာပေးတဲ့ လုပ်ငန်းတွေ ဆက်လုပ်မယ်။ အခု လူထုကြားမှာ သိတဲ့အသိ က နည်းနေသေးတယ်။ လူငယ်တွေကြားမှာ ကုန်ပစ္စည်းဖြန့်ဖြူးတဲ့သူတွေရဲ့ ဆွဲဆောင်မှုကြောင့် မသိကျိုးကျွန် သုံးစွဲနေတာဖြစ်တဲ့အတွက် လူကိုဒုက္ခပေးတယ်ဆိုတာကိုသိရှိဖို့ ဆရာတို့ လုပ်ဖို့လိုတယ်။ 
Voice : ဆရာ့အနေနဲ့ လူထုအတွက် သတင်းစကားပါးပေးပါဦး။
Dr.TS : အီးစီးကရက်ဆိုတာက နာမည်အားဖြင့် စီးကရက်လို့အခေါ်အဝေါ်ရှိပေမယ့် တကယ်တော့ စီးကရက်မဟုတ်ဘူး။ စီးကရက်နဲ့ ပုံသဏ္ဌာန်တူတဲ့ အရည်ကို အပူပေးသောက်ရင် အငွေ့ထွက်တဲ့ပစ္စည်းဖြစ်တယ်။ အဲဒီပစ္စည်းက လူထုထဲကို ဝင်ရောက်ပြီးတော့ အရည်ထဲမှာစွဲလမ်းစေတဲ့ နီကိုတင်းပါဝင်သလို နီကိုတင်းအစား တခြားမူးယစ်စေတဲ့ပစ္စည်းတွေလည်း ထည့်ပြီးသုံးလို့ရတယ်။ နီကိုတင်းစွဲတာကို ဖြတ်ရာကနေ တခြားမူးယစ်ဆေးတွေပါသုံးစွဲရင် ဒုက္ခရောက်နိုင်တယ်။ ဒါကြောင့် အီးစီးကရက်ကို စတင်မသုံးဖို့ လူငယ်တွေကို တိုက်တွန်းချင်ပါတယ်။ သုံးနေတဲ့သူတွေကိုလည်း ပြောချင်တာက နီကိုတင်းအစားထိုး ပစ္စည်းအနေနဲ့ သုံးစွဲရာကနေ ပိုပြီးနီကိုတင်းကို စွဲလမ်းစေတဲ့အတွက် တတ်နိုင်သမျှ ဒါကိုဖြတ်ဖို့ တိုက်တွန်းလိုပါတယ်။
Voice : အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။
သီတာဆွေ

Source : The Voice