fbpx

အိန္ဒိယက ပြင်သစ်ထံမှ ဝယ်ယူထားသော ရာဖေးတိုက်လေယာဉ်များ၏ ပထမအသုတ် လက်ခံရရှိ

အောက်တိုဘာ ၈ ရက်တွင် အိန္ဒိယသို့ ရာဖေးတိုက်လေယာဉ်များ ပေးပို့သည့်အခမ်းအနား၌ အိန္ဒိယကာကွယ်ရေးဝန်ကြီး (ဝဲ)နှင့် ပြင်သစ်ကာကွယ်ရေးဝန်ကြီး (ယာ)တို့ နှုတ်ဆက်နေစဉ်

အိန္ဒိယသည် ၂၀၁၆ ခုနှစ်တွင် ပြင်သစ်ထံမှ ဒေါ်လာဘီလျံများစွာတန်ဖိုးရှိ ရာဖေးတိုက်လေယာဉ် ၃၆ စင်း ဝယ်ယူထားမှုမှ ပထမအသုတ်ကို အောက်တိုဘာ ၈ ရက်တွင် လက်ခံရရှိခဲ့သည်။ ထိုအရောင်းအဝယ် သဘောတူညီချက်တွင် အကျင့်ပျက်ခြစားမှုများရှိခဲ့သည်ဟု သံသယများ ထွက်ပေါ်ခဲ့သော်လည်း ပြင်သစ်က ယင်းတိုက်လေယာဉ်များအား ထပ်မံရောင်းချနိုင်ရန် မျှော်လင့်နေသည်။

တိုက်လေယာဉ်များ လွှဲပေးမှုအခမ်းအနားအား အိန္ဒိယလေတပ်ထူထောင်သည့်နေ့ဖြစ်သော အောက်တိုဘာ ၈ ရက်တွင် ပြင်သစ်အနောက်တောင်ပိုင်း ဘော်ဒိုးမြို့အနီး Merignac လေဆိပ်ရှိ Dassault Aviation စက်ရုံတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အိန္ဒိယကာကွယ်ရေးဝန်ကြီး Rajnath Singh က ပြင်သစ်ကာကွယ်ရေးဝန်ကြီး ဖလောရင့်ပါလီနှင့်အတူ တက်ရောက်ခဲ့သည်။

ပြီးခဲ့သောဖေဖော်ဝါရီတွင် ကက်ရှ်မီးယားဒေသနှင့်ပတ်သက်၍ အိမ်နီးချင်းပြိုင်ဘက် ပါကစ္စတန်နှင့် လေကြောင်းတိုက်ပွဲ ဖြစ်ပွားခဲ့သည့် အိန္ဒိယသည် ၎င်း၏သက်တမ်းရင့် Jaguar, Mirage 2000, Sukhoi 30, Mig 21 နှင့် တိုက်လေယာဉ် ၂၇ စင်းတို့အား အစားထိုးရန် ကြိုးစားနေသည်။ ရာဖေးတိုက်လေယာဉ်များကြောင့် အိန္ဒိယလေတပ်၏ အင်အားကို ထပ်မံပေါင်းထည့်မှု ဖြစ်လာမည်ဖြစ်ကြောင်း Singh က ပြောကြားခဲ့သည်။

အိန္ဒိယသည် ၂၀၁၆ ခုနှစ်တွင် ပြင်သစ်ထံမှ ရာဖေးတိုက်လေယာဉ် ၃၆ စင်း ဝယ်ယူရန် သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့သော်လည်း အတိုက်အခံကွန်ဂရက်ပါတီ၏ အကျင့်ပျက်ခြစားမှုဆိုင်ရာ စွပ်စွဲချက်များကြောင့် လေယာဉ်များပေးပို့မှုသည် ကြန့်ကြာနေခဲ့သည်။ ကွန်ဂရက်ပါတီသည် နိုင်ငံ၏ လုံခြုံရေးကို အားလျော့စေရန် လုပ်ဆောင်နေသည်ဟု စွပ်စွဲခဲ့သော အိန္ဒိယဝန်ကြီးချုပ်နရင် ဒရာမိုဒီက အိန္ဒိယတွင် ရာဖေးတိုက်လေယာဉ်များ ပိုင်ဆိုင်ထားလျှင် ကက်ရှ်မီးယားတွင် တိုက်ပွဲများ၌ အိန္ဒိယအတွက် ကောင်းမွန်သော အဆုံးသတ် ရရှိစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြင်သစ်လေယာဉ်တည်ဆောက်ရေးကုမ္ပဏီ Dassault သည် အိန္ဒိယသို့ တိုက်လေယာဉ် ၁၂၆ စင်းရောင်းချရန် သဘောတူညီချက်ကို ၂၀၁၂ ခုနှစ်တွင် ယင်းအချိန်က ကွန်ဂရက်ပါတီဦးဆောင်သော အစိုးရနှင့် ညှိနှိုင်းခဲ့ပြီး လေယာဉ်အချို့အား ပြင်သစ်တွင် တည်ဆောက်ကာ ကျန်လေယာဉ်များအား အိန္ဒိယအစိုးရပိုင် Hindustan Aeronautics Limited (HAL) က အိန္ဒိယတွင် တည်ဆောက်မည်ဖြစ်သည်။

သို့သော် ၂၀၁၅ ခုနှစ်တွင် ပြင်သစ်သို့ သွားရောက်ခဲ့သော မိုဒီက ထိုသဘောတူညီချက်အား ဖျက်သိမ်းခဲ့ပြီး ပြင်သစ်တွင်သာ တည်ဆောက်မည့် တိုက်လေယာဉ် ၃၆ စင်းအား ခန့်မှန်းခြေဒေါ်လာ ၉.၄ ဘီလျံဖြင့် အစားထိုးမှာယူခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် လက်မှတ်ထိုးခဲ့သော ထိုသဘောတူညီချက်သစ်အရ Dassault နှင့် ပူးတွဲလုပ်ကိုင်မည့် အိန္ဒိယကုမ္ပဏီအဖြစ် လေကြောင်းကဏ္ဍတွင် အတွေ့အကြုံနည်းပါးသော ဘီလျံနာ Anil Ambani ပိုင်ဆိုင်သည့်လုပ်ငန်းစု Reliance Group ကို ရွေးချယ်ခဲ့သည်။ Ambani သည် မိုဒီ၏ အာဏာရ ဘီဂျေပီပါတီနှင့် ဆက်ဆံရေးနီးကပ်သည်ဟု ရှုမြင်ခံရသည်။

ထိုသဘောတူညီချက်သစ်နှင့် ပတ်သက်၍ မည်သည့်အမှားအယွင်းမျှ မကျူးလွန်ခဲ့ကြောင်း မိုဒီနှင့် ၎င်း၏အစိုးရက ငြင်းဆိုခဲ့သည်။ ထိုသဘောတူညီချက်တွင် စီးပွားရေးဆိုင်ရာ မျက်နှာသာပေးခဲ့သည့် အထောက်အထားများမရှိခဲ့ကြောင်း တရားရုံးချုပ်ကလည်း ပြီးခဲ့သောနှစ် ဒီဇင်ဘာတွင် ဆုံးဖြတ်ခဲ့သည်။               

Source : Eleven Media Group