fbpx

သီတင်းကျွတ်ပိတ်ရက် အမြန်လမ်းယာဉ်မတော်တဆမှုကြောင့် နှစ်ဦး သေဆုံး၊ ၇၀ ကျော် ဒဏ်ရာရ

တောင်ငူ၊ အောက်တိုဘာ ၁၆
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် သီတင်းကျွတ်ပိတ်ရက် ခရီးသွားလာမှုများပြားခဲ့ပြီး ယာဉ်မတော်တဆမှု ၂၆ ကြိမ် ဖြစ်ပွားကာ နှစ်ဦးသေဆုံးခဲ့ပြီး ၇၀ ကျော် ဒဏ်ရာရခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ထံမှ သိရသည်။
အောက်တိုဘာ ၁၀ ရက်မှ ၁၅ ရက် အထိ ရန်ကုန်-မန္တလေးအမြန်လမ်းအသုံးပြုသည့် ခရီးသွားယာဉ် အဆမတန်များခဲ့သည့်အတွက် ယာဉ်မတော်တဆမှုများခဲ့ကြောင်း ယင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
အမြန်လမ်းတစ်လျှောက် သီတင်းကျွတ်ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက် ၅ ရက် အတွင်း ယာဉ်မတော်တဆမှု ၂၆ ကြိမ် ဖြစ်ပွားခဲ့ပြီး အမျိုးသားနှစ်ဦးသေဆုံးခဲ့ကာ ရဟန်း ၂ ပါး၊ သီလရှင်တစ်ပါးအပါအဝင် စုစုပေါင်း ၇၂ ဦး ဒဏ်ရာရခဲ့သည်။ 
အောက်တိုဘာ ၁၁ ရက်က အမြန်လမ်း ၂၁၉ မိုင်အနီး ယာဉ်မတော်တဆမှုကြောင့် အမျိုးသားတစ်ဦး၊ အောက်တိုဘာ ၁၅ ရက်ညနေပိုင်းက ၂၂၈ မိုင်အနီး ယာဉ်မတော်တဆမှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း အဆိုပါရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ 
ယခုနှစ် သီတင်းကျွတ်ခရီးသွားလာမှုများပြားပြီး ယာဉ်ကြောပိတ်ဆို့မှုများကြောင့် မလိုလားအပ်သည့် အချိန်နှောင့်နှေးမှုများမဖြစ်ပေါ်စေရန် ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက် တိုးဂိတ်ကြီးများတွင် ယာဉ်ထွက်ပေါက်ငါးခုလုံး ဖွင့်ပေးခဲ့သည်။
အမြန်လမ်းတစ်လျှောက် တစ်ရက် ယာဉ်စီးရေ ၄၀၀၀ ကျော် ဖြတ်သန်းလေ့ရှိသော်လည်း သီတင်းကျွတ်ကျောင်းပိတ်ရက်နှင့် ခရစ္စမတ်ရာသီများတွင် တစ်ရက် ယာဉ်စီးရေ ၆၀၀၀ ကျော်မှ ၈၀၀၀ အကြား ဖြတ်သန်းကြောင်း အမြန်လမ်းပြုပြင်ထိန်းသိမ်းရေး အင်ဂျင်နီယာအဖွဲ့ထံမှ သိရသည်။
R-15

Source : The Voice