fbpx

အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့နယ်ရှိ နန်းဖာလုံဈေး၏ အရောင်းအဝယ်အကောင်းဆုံးအချိန်သို့ရောက်ရှိနေပြီး အိန္ဒိယနိုင်ငံအတွင်းရှိ ပွဲတော်များကြောင့် ကုန်ပစ္စည်းအားလုံး အရောင်းအဝယ်ဖြစ်နေ

အိန္ဒိယ – မြန်မာနယ်စပ် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်ရှိ နန်းဖာလုံဈေးတစ်နေရာကို တွေ့ရစဉ်

အိန္ဒိယ – မြန်မာနယ်စပ် စစ်ကိုင်းတိုင်း ဒေသကြီး တမူးမြို့နယ် နန်းဖာလုံဈေး၏ အရောင်းအဝယ် အကောင်းဆုံးအချိန်အခါသို့ ရောက်ရှိလာပြီး အိန္ဒိယနိုင်ငံအတွင်းရှိ ပွဲတော်များကြောင့် နန်းဖာလုံဈေးတွင် ရောင်းချသည့်ကုန်ပစ္စည်းအားလုံး အရောင်းအဝယ် ကောင်းလျက်ရှိသည်ဟု သိရသည်။

“တစ်ဖက်နိုင်ငံက ဒီပါဝလီပွဲက ကျန်သေးတာကိုး။ ကသည်းတွေရဲ့ ပွဲတော်ကလည်း ကျန်သေးတယ်လေ။ ပွဲတော်ရက်တွေကျန်နေသေးတယ်။ ပွဲရက်ကလည်း တစ်ရက်နှစ်ရက်ပဲ ကွာမယ်။ ကုန်ပစ္စည်းတွေသွားတာက သီတင်းကျွတ်ပြီးကတည်းက ဒီသုံးလေးရက် လောက်ကတော့ တော်တော်သွားနေတာ။ ကုန်စုံသွားနေတာ တစ်နေကုန်ပဲ။ကားတွေ သုံးဘီးတွေ တောက်လျှောက်သွားနေတာပါ။ သွားတဲ့ကုန်ကတော့ အခုကတည်းကဆောင်း ရာသီအတွက် ကုန်စည်တွေလည်း ဝယ်နေကြ ပြီ။ ပွဲတော်လည်းရှိတယ်ဆိုတော့ စားစရာ သောက်စရာတွေကအစ လူသုံးကုန်အစုံပဲ၊ မရောင်းရတာမရှိဘူး။ စက်ပစ္စည်းတွေလည်း အကုန်သွားတယ်။ သူတို့ဘက်က ပွဲတော် ရှိတော့ အရောင်းအဝယ်တော်တော်ကောင်း နေတယ်။ နန်းဖာလုံဈေးကလည်း အခု ၁ဝလ ပိုင်း ၊ ၁၁ လပိုင်း ၊ ၁၂ လပိုင်း ၊ ၁လ ပိုင်းအထိ က ဈေးအရောင်းအဝယ်အကောင်းဆုံးပဲ။အခုဆိုရင် မနက် ၇ နာရီကတည်းက ညနေ ၆ နာရီလောက်အထိပဲ။ ဈေးက ၅ နာရီပိတ်တယ် ဆိုပေမဲ့ ကုန်တွေလှောင်တဲ့ ဂိုထောင်တွေက ရှိသေးတာဆိုတော့ နယ်စပ်ကြားဂိတ်တွေ မပိတ်သ၍ တစ်နေကုန် ကုန်စည်သွားနေတာပဲ။ ငွေလဲလှယ်နှုန်းကလည်း တစ်ရူပီးကို ကျပ် ၂၀ ဝန်းကျင်ပါပဲ။ နန်းဖာလုံဈေးရဲ့ အရောင်း အဝယ်အကောင်းဆုံးအချိန် အခုအချိန်ပဲ”ဟု နန်းဖာလုံဈေးရှိ ဈေးသည်တစ်ဦးကပြောကြားသည်။

အဆိုပါ နန်းဖာလုံဈေးသို့ အိန္ဒိယနိုင်ငံအတွင်းရှိ ကုန်းတွင်းပိတ်ပြည်နယ်ခုနစ်ခုမှ ဈေးဝယ်များ လာရောက်ဈေးဝယ်လျက်ရှိသောဈေးဖြစ်ပြီး ပွင့်လင်းရာသီနှင့် အိန္ဒိယနိုင်ငံအတွင်းရှိ ပွဲတော်များရှိသည့် ရက်များတွင် အရောင်းအဝယ် အကောင်းဆုံးအချိန် ဖြစ်သည်ဟု သိရသည်။ နန်းဖာလုံဈေးတွင် အိန္ဒိယနိုင်ငံသုံး ရူပီးငွေဖြင့်သာ အရောင်းအဝယ်အများဆုံးပြုလုပ်လျက်ရှိပြီး ယခုအခါငွေလဲလှယ်နှုန်းမှာ အိန္ဒိယတစ်ရူပီးလျှင် မြန်မာ ငွေကျပ် ၂ဝဝန်းကျင်ခန့်ရှိသည်ဟုသိရသည်။

“နန်းဖာလုံဈေးဆိုတာ ဈေးရယ်လို့ စဖွင့်ကတည်းက အိန္ဒိယနိုင်ငံက ဈေးဝယ်တွေအတွက် အဓိကအားထားပြီး ရောင်းဝယ်ဖောက် ကားကြရတာပဲ။ အရင်တုန်းကတော့ ထိုင်းဘက်က လူသုံးကုန်ပစ္စည်းတွေ အရောင်းအ ဝယ်ဖြစ်ကြတယ်။ နောက်ပိုင်းတော့ တရုတ်နိုင်ငံထုတ် လူသုံးကုန်ပစ္စည်းတွေက ဈေးချိုလာတော့ တရုတ်နိုင်ငံထုတ်ပစ္စည်းတွေပဲ အရောင်းအဝယ်ဖြစ်လာကြပါတယ် ။ အခုဆို ရင်နန်းဖာလုံဈေးမှာဆိုရင် အစားအသောက်၊ အဝတ်အစား၊ လူသုံးကုန်ပစ္စည်းအားလုံးက တရုတ်နိုင်ငံထုတ်ပစ္စည်းတွေ အများဆုံးအ ရောင်းအဝယ် ဖြစ်ကြတယ်။ မြန်မာနိုင်ငံကဆိုရင် လယ်ယာ၊ ဥယျာဉ်ခြံမြေကထွက်တဲ့ သီးနှံ အချို့လောက်ပဲရှိတယ်။ ချင်းတွင်းမြစ်ရိုးဘက် ကလာတဲ့ ငါးကျပ်ခြောက်ကင်ဆိုရင်လည်း အိန္ဒိယနိုင်ငံဘက်ကို အဓိကထားပြီး ပို့ကြ တယ်”ဟု နန်းဖာလုံဈေးမှ ကုန်သည်တစ်ဦး က ဆိုသည်။

Source : Eleven Media Group