fbpx

ပေပါတုအတွက် ဆေးတစ်ခွက်

အခုတစ်လော သုတေသန စာတမ်းအတုတွေထွက်တာနဲ့ ပတ်သက်တဲ့ သတင်းတွေ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေတာနဲ့ ပတ်သက်ပြီး စာရေးသူလည်း ဒီဆောင်းပါးရေးဖို့ အကြောင်း ဖန်လာပါတယ်။
ပေပါနဲ့ ပတ်သက်ရင် အသေးစိတ်ရေးနိုင်ရင် ပိုကောင်းပေမယ့် ဆောင်းပါးရှည်ရေးဖို့ မရည်ရွယ်တဲ့အတွက် ဆောင်းပါးတစ်ပုဒ်တည်းနဲ့ ခြုံငုံမိအောင်ရေးမှာဖြစ်တာကြောင့် အခြေခံတွေကိုပဲ အဓိကထားပြောပေးသွားမှာ ဖြစ်ပါတယ်။
ပေပါဆိုတဲ့နေရာမှာ ကွန်ဖရင့်ပေပါနဲ့ ဂျာနယ်ပေပါဆိုပြီး နှစ်မျိုးရှိပေမယ့် အခု ဖြစ်နေတာက ဂျာနယ်ပေပါအတုတွေ ဖြစ်နေတဲ့အတွက် ဂျာနယ်ပေပါတွေနဲ့ ပတ်သက်ပြီး ပိုမိုအလေးထားပြောပြပေးပါ့မယ်။
နိုင်ငံတကာမှာ ပေပါရေးကြတဲ့ ရည်ရွယ်ချက်က အခြေခံအားဖြင့် နှစ်မျိုးပဲ ရှိပါတယ်။ ဘွဲ့ယူစာတမ်းအတွက်နဲ့ဘွဲ့ရပြီးသူများက အလုပ်အကိုင်ကောင်းကောင်းရဖို့အတွက်ဆိုပြီး ရေးကြတဲ့ ပုံစံနှစ်မျိုးပါပဲ။
ဘွဲ့ယူစာတမ်းအတွက်ဆိုတဲ့ နေရာမှာ နိုင်ငံတကာကျောင်းတွေကတော့ မဟာဘွဲ့အတွက်ဆိုရင် အများအားဖြင့် ကွန်ဖရင့်ပေပါလောက်ပဲ ရေးခိုင်းကြပါတယ်။ ဒါကလဲ ကျောင်းရယ် ပရောဖက်ဆာရယ်နဲ့ ကျောင်းသားတွေ့ကြုံရတဲ့ အခက်အခဲနဲ့ အခြေအနေပေါ် စတဲ့အချက်သုံးချက်ပေါ်မှာ မူတည်ပါတယ်။
PhD/ ပါရဂူဘွဲ့အတွက်ဆိုရင်တော့ ကွန်ဖရင့်ကော၊ ဂျာနယ် ပေပါကော နှစ်မျိုးလုံး လုပ်ရပါတယ်။ ဘွဲ့ယူစာတမ်းအတွက် ရေးရတယ်ဆိုတဲ့ အခြေခံရည်ရွယ်ချက်တွေကတော့ (၁) သက်ဆိုင်တဲ့ ကျောင်းသား တွေအနေနဲ့ သူတို့ရဲ့ ဘွဲ့ယူစာတမ်း (PhD Thesis/Dissertation) တွေဟာ သူတို့ရဲ့ ဆရာတွေသာမက နိုင်ငံတကာက ပညာရှင်တွေကပါ လက်ခံတယ်ဆိုတာကို ဖော်ပြချင်တာရယ်နဲ့ (၂) အဲဒီကျောင်းသားတွေ ကျောင်းပြီးရင် အလုပ်ရရှိဖို့အတွက် သက်ဆိုင်တဲ့ ပညာရပ်နယ်ပယ်မှာ ဘယ်လောက်တတ်ကျွမ်းတယ်ဆိုတာကို ဖော်ပြချင်တာရယ် ဆိုတာတွေပဲ ဖြစ်ပါတယ်။
(PhD ဘွဲ့နဲ့ ပတ်သက်ပြီးဇန်နဝါရီ ၂၅ ရက်ထုတ် The Voice Daily မှာ “ဒေါက်တာဘွဲ့ဆိုတာ ဘာလဲ” ဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ် ရေးခဲ့ဖူးပါတယ်)
အဲလို ပုံရိပ်ကောင်းရဖို့အတွက် သက်ဆိုင်ရာ ဂျာနယ်တိုက်တွေကလည်း သက်ဆိုင်ရာပညာရပ်နယ်ပယ်မှာ ဘယ်လောက်အထင်ကရ ဖြစ်လဲဆိုတာကလည်းအရေးကြီးနေပြန်ပါတယ်။ အဲဒီလို အထင်ကရတွေကို ယေဘုယျအနေနဲ့သိသာအောင် Impact Factor တွေနဲ့ တိုင်းထွာ ဖော်ပြကြပါတယ်။ Impact Factor များတဲ့ ဂျာနယ်တွေဟာ ပိုအဆင့်မြင့် တယ်လို့တော့ ယေဘုယျ ပြောနိုင်ပေမယ့် အတိအကျ မှန်ကန်တယ်လို့တော့ ပြောမရပါဘူး။ ပိုသေချာစေချင်ရင် သက်ဆိုင်ရာဂျာနယ်ကို ထုတ်ဝေတဲ့ အဖွဲ့အစည်းကို ကြည့်တာ အကောင်းဆုံးပါပဲ။
ဥပမာအနေနဲ့ ပြောပြရရင် Nature Journal လို နာမည်လည်းကြီး Impact Factor လည်းမြင့်တဲ့ဂျာနယ်တွေ ရှိသလို Impact Factor နိမ့်ပေမယ့် နောက်ခံအရှိန်အဝါကြီးတဲ့ ASME Journals တွေလည်းရှိပြန် ပါတယ်။ အင်ဂျင်နီယာ (သို့) Applied Scientist တစ်ယောက်အနေနဲ့ကတော့ ASME Journals တွေကို ပိုပြီးစိတ်ဝင်စားကြပါတယ်။ အကြောင်းကတော့ ASME (American Society of Mechanical Engineers) ဆိုတာက အင်ဝျင်နီယာဆိုင်ရာ စံချိန်စံညွှန်းတွေ တော်တော်များများရဲ့ ဘူမိနက်သန်ဖြစ်လို့ပါပဲ။ ထိုနည်း၎င်းပဲ ဂျပန်နိုင်ငံက JSME ဆိုတာကလည်း နိုင်ငံတကာမှာ အသုံးပြုနေတဲ့ ဂျပန်နိုင်ငံထုတ် ကားတွေ၊ စက်ရုပ်တွေ၊ စက်ရုံတွေရဲ့ စံချိန်စံညွန်းတွေရဲ့ အမိမြေဖြစ်ပြန်တာကြောင့် IF က Nature Journals တွေထက် နိမ့်ပေမယ့် အလွယ်တကူ ထုတ်ဝေလို့မလွယ်ကူတဲ့ အပြင် ထုတ်ဝေထားဖူးသူတွေအတွက်လည်း ပုံရိပ်ကောင်းဖြစ်စေတဲ့ ဂျာနယ်အမျိုးအစားတွေ ဖြစ်ပါတယ်။
နောက် ဂျာနယ်တစ်မျိုးကတော့ စီးပွားဖြစ်လုပ်တဲ့ Elsevier လို ကုမ္ပဏီပိုင် ဂျာနယ်မျိုးဖြစ်ပါတယ်။ ဒီလို ကုမ္ပဏီတွေက လုပ်တဲ့ ဂျာနယ်တွေက သုတေသနဆိုင်ရာဂျာနယ်တိုက်တွေထဲမှာ အများဆုံးဖြစ်ပြီး Elsevier journals တွေကတော့ အဲဒီထဲမှာ သက်တမ်းအရင့်ဆုံးနဲ့ အရှိန်အဝါအကြီးဆုံးဖြစ်ပါတယ်။ Elsevier journals တွေကို Universities တွေက ဝယ်မယ်ဆိုရင် တစ်နှစ်ကို ဒေါ်လာ တစ်သန်း ကျော်လောက်သုံးရပါတယ်။ Elsevier ရဲ့ ဂျာနယ် အမျိုးအစားတွေကလည်း သက်ဆိုင်ရာပညာရပ်အလိုက် အမျိုးစုံသလို Impact Factor အနိမ့်အမြင့်လည်း မတူကြပါဘူး။ ဒါပေမဲ့ Elservier ရဲ့ ဂျာနယ်တော်တော် များများဟာလည်း အထက်ကပြောခဲ့တဲ့ ASME တို့၊ JSME တို့ရဲ့ ဂျာနယ်တွေထက် IF မြင့်နေတာကိုလည်း ထူးခြားစွာတွေ့ရမှာ ဖြစ်ပါတယ်။ သို့ပေမယ့် Elsevier ဟာ ပေပါအတုဆိုတာနဲ့ ပတ်သက်ပြီး အရှုပ်အရှင်းနဲ့ တရားစွဲဆိုမှုတွေလည်း ခံရတဲ့ဂျာနယ်ဆိုရင် မမှားပါဘူး။ စီးပွားဖြစ်လုပ်တဲ့ ဂျာနယ်တိုင်းမှာ အဲဒီပြဿနာကတော့ အနည်းနဲ့အများ ရှိကြပါတယ်။ ဒါကြောင့် အခုနောက်ပိုင်း Elsevier Journals တွေကို လက်ရှောင်ဖို့ နိုင်ငံကြီးတချို့ရဲ့ Universities တချို့တွေက ဆန့်ကျင်မှုတွေစလုပ်လာကြပါပြီ။ ဒီနေရာမှာ အဖွဲ့အစည်းတွေက ထုတ်တဲ့ ဂျာနယ်တွေက တစ်ခုပိုအားသာပြန်တာက အတုအပနဲ့ ပတ်သက်ရင် ကင်းရှင်းတာပဲ ဖြစ်ပါတယ်။
စီးပွားဖြစ်ထုတ်တဲ့ ဂျာနယ်တွေရဲ့ လည်ပတ်ပုံတွေကတော့ ဂျာနယ်ရေးသားသူတွေဆီက ငွေယူရင်ယူ၊ အဲလိုမယူရင် မူပိုင်ခွင့်ယူပြီး ပြန်ရောင်းစားတာပါပဲ။ ပြန်ရောင်းတာကိုလည်း အဖွဲ့အစည်းပိုင် ဂျာနယ်တချို့လည်းလုပ်ကြပေမယ့် ဂျာနယ်ရေးသူဆီက ငွေတောင်းတဲ့ နာမည်ကြီးဂျာနယ်တွေတော့ တော်တော်လေး နည်းကြပါတယ်။ အခု မြန်မာပြည်က အတုပြဿနာက စီးပွားဖြစ်ထုတ်တဲ့ နာမည်မရှိဂျာနယ်တွေပဲ ဖြစ်ကြပါတယ်။ စာရေးသူ လက်လှမ်းမီသလောက် လေ့လာကြည့်တာကနေ သိရတာကတော့ အိန္ဒိယက ဂျာနယ်အများစုနဲ့ အာဖရိက ဂျာနယ်တချို့ပါ ပါဝင်နေတာ တွေ့ရပါတယ်။
အဓိကပြဿနာက အဲလိုတင်ကြဖို့အတွက် တွန်းအားဟာ ဂျာနယ်ပေါ်မူတည်ပြီး ရာထူးတိုးတာက စတာပါပဲ။ ဂျာနယ်နဲ့ ရာထူးတိုးကြည့်တယ်ဆိုတာ လုပ်သင့်တယ်ဆိုပေမယ့် မြန်မာပြည်လို ဆင်းရဲပြီး အဘက်ဘက်က နိမ့်ကျနေတဲ့ နိုင်ငံတစ်ခုအနေနဲ့တော့ စောလွန်းတယ်လို့ထင်ပါတယ်။ ဖြတ်လမ်းက ကျော်ဖြတ်ဖို့ လုပ်ကိုလုပ်မှရမယ် ဆိုရင်လည်း မရဘူးမဟုတ်ဘူး ရပါတယ်။ သို့ပေမယ့် အဆင့်မြင့်ပညာရေးဌာနအတွက် တောင့်တင်းတဲ့ ဘတ်ဂျက်ထားပေးသင့်ပါတယ်။ အကြောင်းကတော့ တက္ကသိုလ်နဲ့ ကောလိပ်က ဆရာ၊ ဆရာမတွေအတွက် သုတေသန ရန်ပုံငွေသာမက Elsevier လို နာမည်ရစီးပွားဖြစ်ဂျာနယ်တွေကို ကျောင်းတွေအတွက် ဝယ်ပေးမှရမှာမို့လို့ပါ။
ဒါတောင်မှ တစ်နှစ် ပေပါဘယ်နှစောင် တင်ရမယ်ဆိုတာမျိုး မထားသင့်ပါဘူး။ ဆရာ၊ ဆရာမတွေဆိုတာ စာသင်ကြားရသေးတာကော၊ အိမ်ထောင်ရှိသူများက သား၊ သမီးရေး ရုန်းကန်ရသေးတာကော၊ စသောအကြောင်းတရားတွေ ရှိပြန်တဲ့အတွက် နိုင်ငံတကာလို တစ်နှစ်ဘယ်နှစောင် တင်ရမယ်ဆိုတာ လက်တွေ့မကျပါဘူး။ လက်တွေ့ကျကျ လုပ်ချင်ရင် (ဘတ်ဂျက် တတ်နိုင်ရင်) ဆရာ၊ ဆရာမများကို သူတို့ လုပ်ချင်/လုပ်နိုင်တဲ့ သုတေသနတွေကို အရင်သက်ဆိုင်ရာက ဆွေးနွေး စိစစ်ခွင့်ပြုပေးပြီး အရင်ဆုံးကွန်ဖရင့်ပေပါကို စထုတ်ခိုင်းတာကနေ အစပြုသင့်ပါတယ်။ ကွန်ဖရင့်ပေပါတောင်မှ အနည်းဆုံး တစ်နှစ်ကျော်လောက်မှ ရေးခိုင်းသင့်ပါတယ်။ 
ဆရာ၊ ဆရာမများဟာ အပြင်ပက သုတေသီတွေလို သုတေသနပဲ ဆက်တိုက်လုပ်နေနိုင်တာ မဟုတ်တဲ့အတွက် တစ်နှစ်အတွင်း အရည်အသွေးရှိရှိ ကွန်ဖရင့်ပေပါ တစ်စောင်ရေးဖို့ဆိုတာ အင်မတန်ခက်ခဲပါတယ်။ တစ်နှစ်ခွဲလောက်တော့ အနည်းဆုံး အချိန်ပေးသင့်ပါတယ်။ အဲလိုအချိန်ပေးပြီး ထွက်လာတဲ့ ကွန်ဖရင့်ပေပါကို သက်ဆိုင်ရာက အရင်ဆုံးစိစစ်ပြီး အရည်အသွေးပြည့်မီပါက နောက်ထပ် ၆ လ (သို့) တစ်နှစ်အတွင်း ဂျာနယ်တစ်စောင်ရေးဖို့ တွန်းအားပေးခွင့်ပြုသင့်ပါတယ်။ ကွန်ဖရင့်ပေပါတွေကို နိုင်ငံခြားသွားဖတ်ခိုင်းဖို့ ဘတ်ဂျက်အင်အား မတောင့်တင်းဘူးဆိုရင်လည်း ပြည်တွင်းကွန်ဖရင့်လုပ်ပြီး စိစစ်ယူလို့ရပါတယ်။ သက်ဆိုင်ရာကွန်ဖရင့်က Reviewer တွေသာမက ထုတ်ဝေပြီး ကွန်ဖရင့်ပေပါကို အရည်အသွေးမီ၊ မမီကို ပြန်စိစစ်ဖို့ကိုလည်းသက်ဆိုင်ရာ ပညာရေးဌာနမှာ ဌာနတွင်းကရော၊ ပြင်ပကရော ပညာရှင်များပါ ပါတဲ့ အဖွဲ့ဖွဲ့ထားသင့်ပါတယ်။ ထိုအဖွဲ့ကပဲ ဆက်တင်မယ့် ဂျာနယ်ပေပါနဲ့ ပတ်သက်ပြီး သင့်တော်တဲ့ ဂျာနယ်တွေကို အကြံပြုတာ ရှာဖွေပေးတာတို့ကို ဆရာ၊ ဆရာမတွေအတွက် လုပ်ပေးမယ်ဆိုရင် ပိုမိုထိရောက်ပြီး အလုပ်တွင်ကျယ်မယ်လို့မြင်မိပါတယ်။
(ဂျာနယ်ပေပါတွေဟာ သက်ဆိုင်တဲ့နယ်ပယ်က Reviewer တွေရဲ့ အချိန်ပေးနိုင်မှုပေါ်မူတည်ပြီး အနည်းဆုံး ၂လ ကနေ အခန့်မသင့်ရင် တစ်နှစ်ကျော်သည်အထိ Review အချိန်ကြာမြင့်တတ်တာကိုလည်း သိရှိထားဖို့လိုအပ်ပါတယ်)
နိုင်ငံတကာမှာ ဆရာ၊ ဆရာမများအနေနဲ့ တစ်နှစ်ပေပါ ဘယ်နှစောင်ဆိုတဲ့ သတ်မှတ်ချက်က သက်ဆိုင်ရာ ကျောင်းနဲ့ နှစ်အလိုက် ဘာသာရပ်အလိုက် ကွဲပြားမှုတွေရှိတဲ့အတွက် နိုင်ငံတကာစံနဲ့ ညှိမယ်ဆိုရင် အထူးသတိထားသင့်ပါတယ်။ နောက်တစ်ခု သတိထားရမယ့် အချက်ကို ပြောပြလိုတာက ဂျပန်လိုနိုင်ငံမှာ ပရောဖက်ဆာတွေက ပေပါနောက်လိုက်နေတဲ့အတွက် ကျောင်းသားတွေကို ကောင်းကောင်း ဂရုမစိုက်နိုင်ဘူးဆိုတဲ့ ဂျပန်ကျောင်းသားတွေရဲ့ ပြောဆိုမှုတွေကို စာရေးသူ ကိုယ်တိုင် ကြားသိခဲ့ရတာပါပဲ။ တကယ်လည်းမှန်ပါတယ်။ ဒါပေမဲ့ ဂျပန်မှာက ဘွဲ့ရကျောင်းသားတွေအတွက် သက်ဆိုင်ရာ ဘာသာရပ်တွေကို ကုမ္ပဏီတွေမှာ အလုပ်ဝင်တဲ့အခါကျမှ ပြန်ထရိမ်နင်ပေးတာက အသေအချာဖြစ်တဲ့အတွက် ပရောဖက်ဆာတွေအနေနဲ့ သင်ကြားမှုအားနည်းတာက ပြဿနာကြီးတစ်ရပ်မဖြစ်လာတော့ပါဘူး။
(စာရေးသူကိုယ်တိုင် Academic မှာရော၊ Industry မှာပါ Researcher အနေနဲ့ ၁၁ နှစ်ကျော်လုပ်ခဲ့တာ ဖြစ်တဲ့အတွက် ထိုအချက်များကို တွေ့ရှိခဲ့ရတာပါ)
Industry က Academic နဲ့ ဟန်ချက်ညီအောင် ညှိနိုင်တဲ့ အင်အားရှိတဲ့အတွက် ဂျပန်ကျောင်းတွေမှာ အားနည်းချက်တွေ ရှိပါသော်လည်း ပြဿနာက ကြီးထွားလာခြင်း မရှိတော့ပေမယ့် ဒီလို ဟန်ချက်ညီအောင် ညှိပေးမယ့် Industry မရှိသေးတဲ့ မြန်မာလို နိုင်ငံမှာ ဂျပန်ကျောင်းက ပေပါသတ်မှတ်ချက်လိုမျိုးတွေကို အတုယူမိမယ်ဆိုရင်တော့ အခုလို ပေပါအတု ပြဿနာတွေနဲ့သာ အဆုံးသတ်ဖို့ပဲရှိမှာပါ။ အခုလို ပေပါအတုနဲ့ပတ်သက်ပြီး အရေးယူမယ်ဆိုရင်လည်း သာမန်လူများထက် အဆပေါင်းများစွာ အချိန်ကြာမြင့်စွာ လေ့လာသင်ယူပြီးတဲ့သူများကိုသာ ထပ်ဆုံးရှုံးမှု ဖြစ်စေပြန်ပါတယ်။ ပြည်တွင်းကရတဲ့ဘွဲ့တွေ ဖြစ်ပေမယ့်လည်း နိုင်ငံတကာစံ မမီရင်တောင် နိုင်ငံတကာက သာမန်လူတွေထက်တော့ အဆင့်တစ်ခု မြင့်နေတယ်ဆိုတာကို သတိပြုအလေးထားသင့်ပါတယ်။ အနည်းဆုံး သွေးယူလို့ရတဲ့အဆင့်တစ်ခုမှာတော့ ရှိကြတယ်ဆိုတာတော့ မမှားပါ။ ဒါကို အထက်ကလို ရာထူးအတွက် ပေပါတွန်းအား တစ်ခုကြောင့် မကြံသင့်တာ ကြံပြီးမှားသွားတာအတွက် ပြန်ပြုပြင်လို့ရအောင် Second Chance မပေးဘဲ နစ်သည်ထက် နစ်သွားစေတဲ့ ကြီးလေးတဲ့ ပြစ်ဒဏ်မျိုးပေးမယ်ဆိုရင်တော့ တိုင်းပြည်တည်ဆောက် နေတဲ့နေရာမှာ မလိုလားအပ်တဲ့ ကြန့်ကြာမှုတွေသာ ကြုံရဖို့ရှိပါတယ်။ အပြစ်ပေးတယ်ဆိုတာ နောက်မမှားအောင်ပဲ လုပ်သင့်ပါတယ်။ တစ်သက်လုံး နာလန်ပြန်မထူနိုင်တော့မယ့် အပြစ်ပေးမှုမျိုး မဖြစ်အောင် သက်ဆိုင်ရာက အလေးအနက်စဉ်းစားဖို့ ဒီနေရာကနေ ပြောလိုပါတယ်။
နောက်တစ်ခုက နိုင်ငံတကာ ဂျာနယ်တွေ ထုတ်တိုင်းလည်း တကယ်တော်တဲ့ သုတေသီလို သတ်မှတ်လို့မရပါ။ ကျွန်တော်အလုပ်ထဲမှာ Elsevier Journals တွေမှာ တော်တော်လေး Publish လုပ်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ရဲ့ အဖြစ်အပျက်ကို ပြောပြလိုပါတယ်။ သူ့ကို အလုပ်စခန့်တော့ Publication တော်တော်များလို့ အလုပ်က လူတွေ တော်တော်လေး အထင်ကြီးကြပါတယ်။ တကယ် အလုပ်ထဲမှာ သုတေသနကို နဖူးတွေ့၊ ဒူးတွေ့လည်း စလုပ်ရတဲ့အခါကျတော့ တကယ်ကို ဖြစ်ဖြစ်မြောက်မြောက် မလုပ်တတ်တော့ပါဘူး။ သူလည်း အရှက်ကွဲ၊ သူ့ကို အလုပ်သွင်းပေးခဲ့တဲ့ စာရေးသူပါ အရှက်ကွဲခဲ့ရပါတယ်။ သူက တကယ်တော့ သူ့ဆရာ အကူအညီနဲ့ရတဲ့ ဒေတာတွေကိုပဲ ယူသုံးတာကနေ စတာပါ။ English ကောင်းတော့ စာအရေးအသား ကောင်းတာလည်းပါ၊ Elsevier က သိပ်မစစ်တာလည်းပါတော့ ဒေတာ အသစ်ပါတိုင်း Publish လုပ်လို့ ရနေတာနဲ့ပဲ Publication တွေ များသွားရတာပါ။ သုတေသနကို ဘယ်ကနေ ဘယ်လိုစလုပ်ရမယ်ဆိုတာတောင် မသိတာပါ တွေ့ခဲ့ရပါတယ်။ အဲဒါမျိုးက အဲဒီ လုပ်ဖော်ကိုင်ဘက်လို နိုင်ငံခြားသားတွေသာမက ဂျပန်လူမျိုး သုတေသီတချို့ထဲမှာပါ တွေ့ခဲ့ရတာပါ။ ဒါတွေကြောင့် နိုင်ငံခြားသားတိုင်းကို အထင်ကြီးတတ်တာကိုလည်း သတိပြုသင့်ပါတယ်။ 
ဒါတွေကြောင့် ပေပါများတိုင်း ပညာရပ်ကို တကယ်တတ်တာ မဟုတ်ဘူးဆိုတာကို တခြားနိုင်ငံတွေက သိလာတဲ့အချိန်မှာ ပေပါများဖို့ ကြိုးစားနေခြင်းဟာ ခေတ်နောက်ကျမှု တစ်ခုလိုဖြစ်နေကြောင်း ဒီနေရာကနေ ပြောပြပါရစေ။ တကယ်တော့ မြန်မာပြည်ဟာ တိုးတက်မှုနောက်ကျပေမယ့် တိုးတက်ပြီးနိုင်ငံများရဲ့ တိုးတက်မှုကနေ ကြုံတွေ့ခဲ့နေရတဲ့ အတွေ့အကြုံကနေ သင်ခန်းစာယူတတ်ရင် တိုးတက်မှုမှန်ကန်ရုံမက မြန်ဆန်မှုပါရရှိနိုင်မယ်ဆိုတာတော့ သေချာတယ်လို့ပြောရင်း ဒီဆောင်းပါးကို နိဂုံးချုပ်လိုက်ပါရစေ။
ကျော်ကျော်လင်း
(ယခုဆောင်းပါးရှင်သည် ဂျပန်နိုင်ငံ Kyoto University မှ အင်ဂျင်နီယာပညာနှင့် PhD ဘွဲ့ရရှိခဲ့ပြီး ဂျပန်စက်ရုပ်ကုမ္ပဏီတစ်ခု၏ Research and Development ဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါသည်)

Source : The Voice