fbpx

မိမိဆုံးဖြတ်ချက်နှင့် မိမိအနာဂတ်ကံကြမ္မာ

၂၀၂၀ ရွေးကောက်ပွဲနီးလာသည်နှင့် ပါတီများ၏လှုပ်ရှားမှုများသည် သိသိသာသာတစ်မျိုး၊ မထင်မပေါ် တစ်မျိုး၊ သိုသို သိပ်သိပ်နှင့်တစ်မျိုး လှုပ်ရှားနေကြသည်ကို တွေ့ရသည်။ ပါတီများလှုပ်ရှားမှုနှင့်အတူ ၂၀၂၀ ရွေးကောက်ပွဲအပေါ် ပြည်သူလူထု၏ စိတ်ဝင်စားမှု၊ သဘောထားများကိုလည်း ကြားသိနေရသည်။ ရွေးကောက်ပွဲ ကော်မရှင်အနေနှင့်လည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေသည်။ ၂၀၂၀ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဟန်ပြမလုပ်ဘဲ၊ စံပြဖြစ်အောင်ဆောင်ရွက်မည်ဟု ပြောကြားထားသည်။ နိုင်ငံ၏ အနာဂတ်၊ မိမိတို့အနာဂတ်အတွက် ပြည်သူများကရော ၂၀၂၀ ရွေးကောက်ပွဲတွင် မည်သို့ သုံးသပ်ဆုံးဖြတ်ကြမည်နည်း။
၂၀၁၅ ရွေးကောက်ပွဲကျင်းပစဉ်က ယင်းရွေးကောက်ပွဲသည် အသွင်ကူးပြောင်းဆဲနိုင်ငံတစ်နိုင်ငံအတွက် မည်မျှအရေးကြီးကြောင်း ထောက်ပြခဲ့ကြသည်။ အမှန်တကယ်လည်း ၂၀၁၅ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံအသွင်ကူးပြောင်းရေးအတွက် အရေးပါသော ရွေးကောက်ပွဲတစ်ရပ် ဖြစ်ခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲမှတစ်ဆင့် အရပ်သားအစိုးရ တစ်ရပ်ကို ရွေးချယ်နိုင်ခဲ့သကဲ့သို့ ရွေကောက်ခံအရပ်သားအစိုးရသို့လည်း ချောမွေ့စွာ အာဏာလွှဲပြောင်းပေးနိုင်ခဲ့သည်။ ပြည်သူတို့၏ ရွေးချယ်မှုပင် ဖြစ်သည်။
ပြည်သူလူထုအနေနှင့်လည်း ၂၀၁၀ အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့် ကြားဖြတ်ရွေးကောက်ပွဲတို့တွင် မဲပေးခဲ့ကြသော်လည်း လက်တွေ့အားဖြင့် ရွေးကောက်ပွဲအတွေ့အကြုံ အားဖြင့်အားနည်းနေဆဲဟု ဆိုနိုင်ပါသည်။ ကြားဖြတ်ရွေးကောက်ပွဲများတွင် ပြည်သူလူထု၏ ရွေးကောက်ပွဲ ဆိုင်ရာ သဘောထားအပြောင်းအလဲ အချို့ကို တွေ့မြင်ခဲ့ရသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင်မူ ပြည်သူတို့၏ မဲပေးရွေးချယ်မှုသဘောထားအချို့ ပြောင်းလဲနိုင်ကောင်းသော်လည်း အများစု၏သဘောထားမှာ မိမိ၏ ကိုယ်တိုင်ဝေဖန်ပိုင်းခြား ဆုံးဖြတ်နိုင်ခြင်းအပေါ် မရပ်တည်နိုင်သေးသည်ကို မြင်တွေ့နေရဆဲဖြစ်သည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ရွေးကောက်ပွဲကော်မရှင် တွင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီပေါင်း (၉၀)ကျော်ရှိနေပြီ ဖြစ်သည်။ ထိုပါတီများထဲတွင် ပါတီငယ်များလည်းပါဝင်သည်။ သို့သော်လည်း ပါတီကြီးသည် ငယ်သည်ထက် မူဝါဒကောင်းမွန်မှု၊ ပြည်သူအားကိုယ်စားပြုနိုင်မှု၊ အရည်အသွေး ပြည့်ဝမှု စသည့်အရည် အချင်းများအပြင် လက်ရှိနိုင်ငံ၏အပြောင်းအလဲကို အထောက်အပံ့ပေးနိုင်မည့် ပါတီများလည်း ပါဝင်နိုင်ပါသည်။
ရွေးကောက်ပွဲဝင်မည့်ပါတီများ များပြားခြင်းသည် မဲပေးရမည့်ပြည်သူများအတွက် အကောင်းဆုံးထဲမှ အကောင်းဆုံးကိုရွေးချယ်နိုင်မည့် အခွင့်အရေးတစ်ရပ်ဟုလည်း ဆိုနိုင်သည်။ ပြည်သူများအနေနှင့် ယင်းအခွင့်အရေးကို အထိရောက်ဆုံးအသုံးချရန်သာ လိုအပ်မည်ဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲသည် လက်ရှိနိုင်ငံ၏အပြောင်းအလဲကို ပံ့ပိုးပေးနိုင်ရန်လိုအပ်သကဲ့သို့ လက်ရှိနိုင်ငံတွင် အရေးကြီးဆောင်ရွက်ရန် ကျန်ရှိနေဆဲ စီးပွားရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ရခိုင်ဒေသအတွင်းမှ ဖြစ်စဉ်များ၊ အမျိုးသားရင်ကြားစေ့ရေး၊ မြစ်ဆုံစီမံကိန်းအရေး၊ ကျဆင်းနေသည့် နိုင်ငံတကာဆက်ဆံရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စသည့် လုပ်ငန်းစဉ်များကိုလည်း နိုင်ငံရေးဆိုင်ရာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ဖက်ဒရယ်တည်ဆောက်ရေးလုပ်ငန်းစဉ်များနှင့်အပြိုင် ဆောင်ရွက်ရန် လိုအပ်နေသည်။
ထိုနည်းတူ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးတွင် အခြေခံလိုအပ်ချက်ဖြစ်သည့် ဒီမိုကရေစီစံနှုန်းများ၊ ကျင့်စဉ်များ ထွန်းကားရေးသည်လည်း လိုအပ်နေဆဲ အခြေခံအချက်တစ်ခုအဖြစ် ကျန်ရှိနေဆဲဖြစ်သည်။ ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးအတွက် အစိုးရအပါအဝင်၊ အစိုးရအဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ပြည်သူများ အားလုံးက ဒီမိုကရေစီအလေ့အကျင့်များကို တည်ဆောက်နိုင်ရေး ဦးဆောင်နိုင်မည့်အစိုးရတစ်ရပ် ဖြစ်ရန်လိုအပ်မည်ဖြစ်သည်။ ဒီမိုကရေစီအလေ့ အကျင့်များ ခိုင်မာရေးအတွက် ဦးဆောင်ခြင်း၊ ပျိုးထောင်ခြင်း၊ တွန်းအားပေးခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်းများကို တာဝန်ယူနိုင်မည့် အစိုးရ တစ်ရပ်ကို ရွေးချယ်နိုင်မှသာ ဒီမိုကရေစီတည်ဆောက်ရေး လက်တွေ့ အကောင်အထည်ဖော်နိုင်ပါလိမ့်မည်။ သို့မှလည်း ဒီမိုကရေစီမျိုးစေ့များ ရှင်သန်ကြီးထွားနိုင်မည် ဖြစ်သည်။ ဒီမိုကရေစီ အလေ့အကျင့်များ ပျိုးထောင်မှုတွင် လွတ်လပ်စွာပြောဆိုခွင့်နှင့် ဆန္ဒထုတ်ဖော်ခွင့်များလည်း ပါဝင်သည်။ ဒီမိုကရေစီဆိုသည်မှာ သဘောတရားရေးရာ သက်သက်ထက်ပိုသော လက်တွေ့လိုက်နာကျင့်သုံးအပ်သည့် သဘောဖြစ်ရာ ဒီမိုကရေစီကို အမှန်တကယ် လက်တွေ့အကောင်အထည်နိုင်သည့် အစိုးရဖြစ်ရန် အထူးအရေးကြီးလှပါသည်။
ယခုအချိန်၌ ဥပဒေစိုးမိုးရေးအားနည်းလျက်ရှိရာ ယင်း၏အကျိုးဆက်မှာ ဒီမိုကရေစီယဉ်ကျေးမှု တိုးတက်မလာခြင်းဟု ဆိုရပါမည်။ ထို့အတူ သတင်းလွတ်လပ်ခွင့်ပိုမိုရရှိလာရေးသည်လည်း ဒီမိုကရေစီတည်ဆောက်ရေးအတွက် မရှိမဖြစ်လိုအပ်ချက်တစ်ရပ်ဖြစ်ပါသည်။
နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်များသည် တစ်ခုနှင့်တစ်ခု ကွင်းဆက်များပမာ ချိတ်ဆက်လျက်ရှိရာ အခြေခံအကျဆုံးအပိုင်းဖြစ်သည့် နိုင်ငံ၏မဏ္ဍိုင်များ လွတ်လပ်စွာနှင့် အားကောင်းစွာရပ်တည် နိုင်ရေးသည် အရေးကြီးဆုံးအပိုင်းဖြစ်သည်။ ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်တို့ လွတ်လပ်စွာနှင့် အားကောင်းစွာရပ်တည်နိုင်မှသာ အပြန်အလှန်ထိန်းကျောင်းရေး၊ ဥပဒေစိုးမိုးရေးများ အားကောင်းလာနိုင်မည်ဖြစ်သည်။ နိုင်ငံ၏ မဏ္ဍိုင်များ တည်ဆဲဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခွင့်မရရှိခြင်းသည် ဒီမိုကရေစီနှင့်ဖက်ဒရယ်တည်ဆောက်ရေးအတွက် ကြီးမားသော အဟန့်အတား ဖြစ်စေလျက်ရှိပါသည်။
ပြည်သူများအနေနှင့် ၂၀၁၁ မှ ၂၀၁၅ အထိ အစိုးရတစ်ရပ်၊ ၂၀၁၅ မှ ယနေ့အထိ အစိုးရတစ်ရပ် လက်တွေ့ကြုံခဲ့ရပြီး ဖြစ်သည်။ မတူညီသောပါတီနှစ်ရပ်၏ မတူညီသောအုပ်ချုပ်မှုအောက်တွင် ပြည်သူများအနေနှင့်လည်း မတူညီသောအတွေ့အကြုံများ ရရှိခဲ့ကြပြီး လည်းဖြစ်သည်။ ယင်းနှင့်အတူ နိုင်ငံရေး၏ သဘောသဘာဝ၊ နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးသမားတို့၏ သဘောသဘာဝကိုလည်း တွေ့ကြုံသိရှိခဲ့ရပြီးဖြစ်သည်။ ထိုအတွေ့အကြုံများ၊ သင်ခန်းစာများနှင့် ယနေ့နိုင်ငံတော်အနေနှင့် ရင်ဆိုင်ဖြေရှင်းရမည့် ကိစ္စပေါင်းများစွာကို အရှိ တရားအတိုင်း ချိန်ထိုးဆင်ခြင်သုံးသပ်နိုင်မှသာ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မှန်ကန်စွာမဲပေးရွေးချယ်နိုင်မည်ဖြစ်သည်။ ထိုသို့ ဆိုခြင်းသည် မည်သည့်ပါတီ၊ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့် အဖွဲ့အစည်းဆိုသည့် ကျဉ်းမြောင်းသည့်အယူအဆသဘောထားထက် နိုင်ငံအတွက် အမှန်တကယ် လုပ်ဆောင်ပေးနိုင်မည့် ပါတီ၊ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို ရွေးချယ်နိုင်ရေးကို ရည်ရွယ်လိုရင်းဖြစ်သည်။
မဲပေးရွေးချယ်ရာတွင် အဖြူမဟုတ်လျှင်အမည်း၊ အမည်းမဟုတ်လျှင် အဖြူဆိုသည့် စဉ်းစားတွေးခေါ်မှု ပုံစံထက်ပိုသော ပါတီများ၏အခြေအနေ၊ ပါတီများ၏မူဝါဒများ၊ ယင်းတို့၏နောက်ခံသမိုင်းကြောင်း၊ ဦးဆောင်နိုင်မှု၊ လက်တွေ့ကျမှု၊ ကိုယ်စားလှယ်လောင်းများအရည်အချင်း၊ အရည်အသွေး၊ နိုင်ငံ၏အခြေအနေတို့ကို ဘက်စုံထောင့်စုံမှ ဆန်းစစ်သုံးသပ်ရန်လိုအပ်မည်ဖြစ်သည်။ လူကိုလည်းကြည့်ရမည်ဖြစ်သကဲ့သို့ ပါတီ၏မူဝါဒများ၊ သမိုင်းကြောင်းကိုလည်း လေ့လာဆန်းစစ်ကြရန်လည်း လိုအပ်ပါလိမ့်မည်။ ဒီမိုကရေစီစနစ်တွင် ပြည်သူများ၏နိုင်ငံရေး ရေချိန်မြင့်မားမှုသည် အစိုးရကောင်းတစ်ရပ်ကို ရွေးချယ်နိုင်ပါသည်။ ဆန့်ကျင်ဘက် အားဖြင့် ပြည်သူများ၏နိုင်ငံရေးရေချိန် နိမ့်ကျမှုသည့် အစိုးရကောင်း တစ်ရပ်ရွေးချယ်ရန် ခက်ခဲပါလိမ့်မည်။ ကိုယ်စားလှယ်လောင်းများ၏ အရည်အသွေးကို အလေးထားပြောကြားနေကြချိန်တွင် မဲပေးကြမည့် ပြည်သူလူထု၏ နိုင်ငံရေးအသိအမြင်မြင့်မားရေးကိုလည်း ဝိုင်းဝန်းဆောင်ရွက်ကြရပါလိမ့်မည်။
မဲပေးကြမည့်ပြည်သူလူထု၏ ဒေါင်ဒေါင်မည် သုံးသပ်ဆုံးဖြတ် မဲပေးရွေးချယ်ကြမှသာလျှင် ယနေ့ မိမိတို့နိုင်ငံတွင်ရင်ဆိုင်နေရဆဲ အခက်အခဲများကို ဖြေရှင်းနိုင်မည့် အစိုးရကောင်းတစ်ရပ်ကို ရွေးချယ်နိုင်မည် ဖြစ်သည်။ မိမိတို့နိုင်ငံ၏အခြေအနေသည် လမ်းလျှောက်တတ်ခါစ ကလေးပမာအဆင့်သာ ရှိသေးသည်ဟု ဆိုနိုင်ပါသေးသည်။ မိမိကိုယ်မိမိ ဟန်ချက်ညီမတ်မတ်ရပ်နိုင်ရေး ကြိုးစားဆဲကာလမှာပင် ပြည်တွင်း အခက်အခဲများ၊ ပြင်ပမှစွက်ဖက်မှုများကြောင့် မိမိ၏ဟန်ချက်ကို ယိုင်းယိမ်စေနိုင်ပါသည်။ ရှုပ်ထွေးခက်ခဲလှသည့် နိုင်ငံ့အရေးများကို ကိုင်တွယ်၊ ဖြေရှင်းနိုင်ရန် စွမ်းရည်ထက်မြက်သည့် အစိုးရတစ်ရပ်ရွေးချယ်ရေးမှာ ပြည်သူလူထု၏ နိုင်ငံရေးရေချိန်နှင့် တိုက်ရိုက်သက်ဆိုင်နေပါသည်။
ထိုအခြေအနေအရပ်ရပ်ကို ထောက်ချင့်ခြင်းအားဖြင့် မိမိတို့နိုင်ငံတွင် ခိုင်မာအားကောင်း၍ နိုင်ငံနှင့် ပြည်သူကို အမှန်တကယ် မျက်နှာမူသော ပုဂ္ဂိုလ်များ လိုအပ်နေမည်ဆိုသည်မှာ အရှိတရားတစ်ရပ်ဖြစ်သည်။ ထိုသို့သော ပုဂ္ဂိုလ်များရွေးချယ်ရေးသည် ပြည်သူများ၏တာဝန်ပင် မဟုတ်ပါလား။ ပြည်သူများ၏ မှန်ကန်သောရွေးချယ်မှုဖြင့်သာ နိုင်ငံတော်ကို တည်ဆောက်နိုင်ပါလိမ့်မည်။ မိမိတို့၏ရွေးချယ်မှုမှန်ကန်ပါက မိမိတို့ စံရပါလိမ့်မည်။ မိမိတို့၏ရွေးချယ်မှု မမှန်ကန်ပါက မိမိတို့ခံရပါလိမ့်မည်။
ရွေးချယ်ပြီးချိန်မှ မည်သူ့ မည်သူကို လက်ညှိုးထိုးအပြစ်တင်နေကြခြင်းထက် မဲပေးမဆုံးဖြတ်မီ အချိန်က သုံးသပ်ချက်မှန်ကန်ရန်လိုအပ်မည်ဟု အကြံပြုလိုသည်။ မြန်မာ့အပြောင်းအလဲ၏ ၁၀ နှစ်စာ ခရီး အတွင်းအောင်မြင်ခြင်း၊ မအောင်မြင်ခြင်း၊ တိုးတက်ခြင်း၊ မတိုးတက်ခြင်းများတွင် တာဝန်ယူရသည့် အစိုးရတစ်ရပ်တွင် တာဝန်ရှိသကဲ့သို့ မဲပေးရွေးချယ်ခဲ့သည့် ပြည်သူများတွင်လည်း တာဝန်ရှိပါလိမ့်မည်။
ဒီမိုကရေစီစနစ်တွင် အစိုးရအပေါ် ပြည်သူလူထု၏အပြန်အလှန် ထိန်းကျောင်းခွင့်သည် အချုပ်အခြာ အာဏာပိုင်သည့် ပြည်သူတို့၏အခွင့်အရေးပင်ဖြစ်သည်။ ပြည်သူတို့သည် မိမိနှစ်သက်သော ကိုယ်စားလှယ် အားမဲပေးရွေးချယ်ပိုင်ခွင့်၊ ပြန်လည်ရုပ်သိမ်းခွင့်၊ ပါဝင်ဆုံးဖြတ်ပိုင်ခွင့်၊ ပူးပေါင်းလုပ်ဆောင်ပိုင်ခွင့်များသည် ပြည်သူများ၏ ဒီမိုကရေစီရပိုင်ခွင့် များဖြစ်သည်။ ဒီမိုကရေစီကိုလိုလားသော ပြည်သူများအနေနှင့် ဒီမိုကရေစီစနစ်တွင် မိမိရရှိရမည့်အခွင့်အရေးများကို ရရှိအသုံးချနိုင်ရန် လိုအပ်ပါသည်။ ထို့အတူ မိမိတို့လိုက်နာရမည့် ဥပဒေများ၊ လူမှုကျင့်ဝတ်များကို လိုက်နာကြရမည်မှာ ပြည်သူများ၏တာဝန်ပင် ဖြစ်သည်။ ဤတွင် မေးစရာမေးခွန်းတစ်ခုမှာ ပြည်သူတစ်ယောက်အနေနှင့် မိမိတို့ရရှိမည့် ရပိုင်ခွင့်များ ရရှိပြီလား၊ ထိုရပိုင်ခွင့်များကို အပြည့်အဝအသုံးချနိုင်ပြီလား၊ မိမိ ကိုယ်တိုင်ကရော ဥပဒေများ၊ ကျင့်ဝတ်များကို လိုက်နာနိုင်ပြီလားဆိုသည့် မေးခွန်းပင် ဖြစ်သည်။
ရွေးကောက်ပွဲဆိုသည်မှာ ထိုရပိုင်ခွင့်များထဲမှ တစ်ခုပင်ဖြစ်သည်။ မိမိတို့ကိုယ်စား နိုင်ငံအားအုပ်ချုပ်မည့်သူများကို မဲပေးရွေးချယ်ရာတွင် ထိုရပိုင်ခွင့်ကို အထိရောက်ဆုံးအသုံးချရန် လိုအပ်ပါသည်။ သရက်ပင်စိုက်ပါက သရက်သီးစားရပါလိမ့်မည်။ ပိန္နဲပင်စိုက်ပါက ပိန္နဲသီးသာ စားရပါလိမ့်မည်။ မိမိတို့မျှော်မှန်းသော အနာဂတ်ကို ဖန်တီးအကောင်အထည်ဖော်ဆောင်နိုင်မည့်သူ၊ နိုင်ငံ၏အနာဂတ်ကို တည်ဆောက် နိုင်မည့်သူကို မဲပေးရွေးချယ်နိုင်မှသာ မိမိတို့လိုလားသောအစိုးရတစ်ရပ်ကိုရရှိပြီး မျှော်လင့်ချက်နှင့် လက်တွေ့ထပ်တူကျနိုင်မည်ဟု အကြံပြုလိုပါသည်။
သိန်းထွန်း (IR)

Source : The Voice