fbpx

ဘာမြင်ခဲ့လဲ မောင်ရေခဲ

မောင်မောင်ဖောင်တိန်က ကာတွန်းဆရာပီပီ ရယ်စရာတော့ အတော်ပြောတတ်သည်။
“လမ်းထိပ်တွေမှာ လော်ကြီးနဲ့ အလှူခံနေတဲ့ မဏ္ဍပ်မတွေ့ဘူးနော်၊ ခင်ဗျားတွေ့မိသလား။ ကျွန်တော်တော့ မတွေ့ဘူး”ဟု လမ်းလျှောက်နေရင်း ပြောသည်။
မိမိတို့ ရောက်ရှိနေသောနေရာမှာ ဗီယက်နမ်တောင်ပိုင်းရှိ “ကန်သိုမြို့” ဖြစ်သည်။ ရာသီဥတု၊ ရေမြေနောက်ခံ၊ လူနေမှုပုံစံတွေက ကိုယ့်နိုင်ငံနှင့် သိပ်မကွာသည့်အတွက် မြန်မာပြည်က မြို့ကြီးတစ်မြို့ ရောက်နေသလိုရှိသည်။ လမ်းဘေးပလက်ဖောင်းပေါ်က ဟင်းသီးဟင်းရွက် ဈေးဗန်းတွေ၊ ကုန်စုံဆိုင်တွေ၊ ခေါက်ဆွဲဆိုင်တွေ၊ မော်တော်ဆိုင်ကယ်တွေ၊ တိုးဝှေ့သွားလာနေကြသူတွေ ရုတ်တရက်ကြည့်လျှင် ကိုယ့်နိုင်ငံက မြင်ကွင်းမျိုးတွေပဲဖြစ်သည်။ အရှေ့တောင်အာရှနိုင်ငံတွေက မြို့ပြလူနေ မှုပုံစံတွေက တစ်နိုင်ငံနှင့် တစ်နိုင်ငံ သိပ်မကွာခြားလှ။ လမ်းဘေးဈေးဆိုင်တွေရှိမည်။ မော်တော်ဆိုင်ကယ်၊ မော်တော်ယာဉ်တွေ၊ လူတွေ ဥဒဟို ရှုပ်ထွေးနေမည်။ 
မတူတာလေးတွေတော့ ရှိသည်။ မြန်မာပြည်မှာလို လမ်းထိပ်တွေမှာ လော်စပီကာနှင့် အလှူခံမဏ္ဍပ်တွေမရှိ။ ဆူဆူညံညံအသံတွေ မကြားရ။ ကာတွန်းမောင်မောင်ဖောင်တိန်ကတော့ ဒါကို ကြည့်ပြီးပြောလိုက်တာဖြစ်သည်။ 
ပြီးခဲ့သည့် အောက်တိုဘာလဆန်းက မိမိတို့အဖွဲ့ ဗီယက်နမ်သို့ ခရီးထွက်ဖြစ်ကြသည်။ ဗီယက်နမ်ပြန်ကြားရေးက ဖိတ်တာဖြစ်ပြီး သူတို့နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုတွေကို လိုက်ပြတာဖြစ်သည်။ စာရေးဆရာ ထက်မြက်၊ ကာတွန်းဆရာ မောင်မောင်ဖောင်တိန်၊ သတင်းစာဆရာ ဒေါက်တာဇော်သန်း၊ ဆရာဇင်လင်း တို့ပါဝင်သည့် မိမိတို့အဖွဲ့ကို မီဒီယာ အဖွဲ့ဆိုတာထက် စာရေးဆရာအဖွဲ့ဟုဆိုလျှင် ပိုမှန်မည်။ ဗီယက်နမ် ပြန်ကြားရေးက သူတို့နိုင်ငံ တစ်နံတစ်လျားကို လိုက်လံ ပို့ဆောင်ပြသခဲ့ရာ “ရှမ်းပြည်ကို တောင်ပိုင်းရော၊ မြောက်ပိုင်းရောကွယ် … နှံ့ခဲ့တယ်” ဆိုသည့် ရေဒီယိုသီချင်းတစ်ပုဒ်လို ဗီယက်နမ်ကို တောင်ပိုင်းရော မြောက်ပိုင်းပါ နှံ့ခဲ့ကြသည်။ 
ဘာတွေမြင်ခဲ့၊ ဘာတွေ တွေ့ခဲ့သလဲဟု မေးမည်ဆိုပါလျှင် ဒေါက်တာမောင်ဖြူး၏ “မောင်ရေခဲ” ကဗျာကိုပဲ ရုတ်တရက် သတိရပါသည်။ 
ဘယ်သွားနေလဲ မောင်ရေခဲ
ကန်တော်ကြီးကို ကားနဲ့ဆို
ဘာသွားလုပ်လဲ မောင်ရေခဲ
လေညင်းခံဖို့ ဆိုပါစို့
ဘာမြင်ခဲ့လဲ မောင်ရေခဲ
အများသူငါ စုံလို့ဗျာ
ဘာမြင်သေးလဲ မောင်ရေခဲ
အပျို အအို မြင်သဗျို
ဘာလုပ်သေးလဲ မောင်ရေခဲ
ကန်တော်တစ်ပတ် ခရီးထပ်
ဘယ်သွားသေးလဲ မောင်ရေခဲ
ညဈေးတန်းကို သွားသေးဆို
ဘာစားခဲ့လဲ မောင်ရေခဲ
ခေါက်ဆွဲဆန်ပြုတ် ကြက်သားသုပ်၊
ဘယ်ချိန်ပြန်လဲ မောင်ရေခဲ
ညဥ့်နက်သန်းကောင် မနေပေါင်။
မရောက်ဖူးသော နေရာတွေ၊ မမြင်ဖူးသော ရှုခင်းတွေ၊ မစားဖူးသော အစားအစာတွေ၊ အတော့်ကို စုံလင်ပါသည်။ ခြုံပြီး ပြောရလျှင်တော့ မောင်ရေခဲ ကဗျာလိုပါပဲ။ 
အားလုံးသိကြသည့်အတိုင်း လတ်တလော အရှေ့တောင်အာရှမှာ စန်းအပွင့်ဆုံးနိုင်ငံက “ဗီယက်နမ်” ဖြစ်နေသည်။ စစ်ကြောင့်၊ စနစ်ကြောင့် ဖွံ့ဖြိုးမှု နောက်ကျကျန်နေသည့် အင်ဒိုချိုင်းနား သုံးနိုင်ငံထဲမှာ ဗီယက်နမ်က ခုတော့ ပြာပုံထဲက ရုန်းထနိုင်ခဲ့ပြီဟုဆိုရမည်။ အာဆီယံမှာ ဖွံ့ဖြိုးမှု အနိမ့်ဆုံးလေးနိုင်ငံ (မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်) ထဲမှာ ဗီယက်နမ်က ရုန်းထွက်သွားနိုင်ပြီလို့ပင်ဆိုရမည့် အခြေအနေ စီးပွားရေးဖွံ့ ဖြိုးတိုးတက်နေသည်။ 
ယခု မျက်မြင်တွေ့ရတော့ ဘာတွေ ထူးခြားသလဲ မေးစရာ ရှိသည်။ စာရေးသူအမြင်အရတော့ အလွန့်အလွန် ထူးခြားနေတာမျိုးတော့ မဟုတ်။ မြို့ပြမြင်ကွင်းတွေ၊ လူတွေ၊ ဓလေ့စရိုက်တွေကတော့ အခြားသော အာဆီယံနိုင်ငံတွေလိုပါပဲ။ ထိုင်းနိုင်ငံလို၊ စင်ကာပူ၊ မလေးရှားလို နိုင်ငံတွေနှင့် ယှဉ်လိုက်လျှင်တော့ ဗီယက်နမ်က ဘာမှသိပ်ဟုတ်လှ သေးတာမဟုတ်။ ကိုယ်တွေနှင့် ယှဉ်ကြည့်လိုက်တော့ သူတို့က တော်တော်သာနေပြီ။ အချို့နေရာတွေကျတော့ ကိုယ့်နိုင်ငံတွေလိုပဲ။ ညစ်ပတ်တာ။ စည်းကမ်းမဲ့တာ။ 
ဘယ်နေရာတွေ သာနေသလဲဆိုတော့ (Infrastructure) “အခြေခံ အဆောက်အဦ” ပိုင်းမှာ တော်တော်သာသွားပြီ။ 
ဟနွိုင်းမြို့ “နွိုင်ဘိုင်း” အပြည်ပြည်ဆိုင်ရာလေဆိပ်က ရန်ကုန်လေဆိပ်ထက်ပိုကြီးပြီး လေယာဉ်အဝင်အထွက် ပိုများသည်။ ဂျပန်၊ ကိုရီးယား၊ တရုတ် Transit ခရီးတစ်ထောက်နားရာ ဖြစ်သည်။ ဟောင်ကောင်သွားမည့်သူအချို့လည်း ဒီလေဆိပ်က ပြောင်းစီးကြသည်။ လေဆိပ်မှ ဟနွိုင်းမြို့ထဲသို့သွားရာ လမ်းမကြီးက နိုင်ငံတကာအဆင့်မီ အဝေးပြေးလမ်းမကြီးဖြစ်သည်။ ချောမွေ့ပြီး တစ်လမ်းလုံးမီးတွေ တထိန်ထိန်လင်းနေသည်။ နွိုင်ဘိုင်းမှ ဟနွိုင်းမြို့ထဲသို့ ၂၉ ကီလိုမီတာ (၁၈မိုင်) ခရီး တွင် မြစ်နီမြစ် (Red river) ဖြတ် ခြောက်လမ်းသွား ကြိုးဆိုင်းတံတားကြီးပေါ်က ဖြတ်သွားရသည်။ ဟနွိုင်းမြို့ဘက်ခြမ်းမှာ မီးရောင်စုံတွေနှင့် မိုးမျှော်တိုက် (Skyscrapers) တွေကို ထိုးထိုး ထောင်ထောင်မြင်ရသည်ဆိုလျှင် ရန်ကုန်၊ မန္တလေးမှာလည်း သည်လိုမြင်ကွင်းတွေ ဖြစ်နေပါပြီဟု ပြောနိုင်သည်။ ဟနွိုင်း၏ ဖွံ့ဖြိုးလာပုံကတော့ ရန်ကုန်ထက် ပိုမြန်သည်ပေါ့။ လမ်းတွေကောင်းပြီး မီးတွေ ထိန်ထိန်သာနေသည်ကပင် ဖွံ့ဖြိုးတိုးတက်ဖို့ အခြေခံအဆောက်အဦတွေ ဖြစ်သည်။ 
ဟနွိုင်းမှာ အကောင်းဆုံးနေရာတစ်ခုလို့ ဆိုရမည့် အနောက်ဘက်ကန် (West Lake) အနီးက ဟိုတယ်တစ်ခုမှာ နေရာချပေးတော့ ၁၂ ထပ်ရှိ ဟိုတယ်ကခြောက်ကပ်ကပ်။ အစိုးရဧည့်သည်တွေလာလျှင် တည်းဖို့ ရွေးချယ်ထားသည့်ဟိုတယ်ဖြစ်ပုံရသည်။ ဝန်ထမ်းများများ စားစားမရှိ။ ဘဲလ်ဘွိုင်းတွေမလာ။ ကိုယ့်အထုပ် ကိုယ်ဆွဲတက်ပဲ။ မနက်မိုးလင်းတော့ ၁၂ ထပ် ဝရန်တာကနေ ဟနွိုင်းမြို့ကြီးကို ဆီးနှင်းမြူမှုန်တွေကြားက လှမ်းမြင်ရသည်။ အောက်ဘက်မှာ မီးခြစ်ဘူးခွံတွေ တန်းစီထောင်ထားသလို အဆောက်အအုံပုပုရွရွတွေ ပြွတ်ခဲနေပြီး အဝေးမှာတော့ မိုးမျှော်တိုက် (ကွန်ဒို) အမြင့်ကြီးအချို့ လှမ်းမြင်ရသည်။ 
ဒါ ဟနွိုင်းပဲ။ ဒါ ဗီယက်နမ်ပဲ။ ရန်ကုန်ကို အပေါ်စီးက ကြည့်ရသည်နှင့် ဘာကွာလဲဆိုတော့ သိပ်မကွာလှ။ ဟနွိုင်းမြို့က ပိုပြီးကြီးကျယ်သည်။ မြို့ ပြပုံစံက စနစ်မကျလှ။ ယခုမှ စဖွံ့ဖြိုးလာ၍ လမ်းတွေ ကောင်းသော်လည်း လမ်းကြိုလမ်းကြားကျဉ်းကျဉ်းလေးထဲက ရပ်ကွက်တွေက ကျောက်မြောင်းလို၊ စမ်းချောင်းလို ရှုပ်ရှုပ်ထွေးထွေး။ ရန်ကုန်နှင့် မတူသည်က မော်တော်ဆိုင်ကယ်တွေ တဝီဝီသွားလာနေတာဖြစ်သည်။ လမ်းကြိုလမ်းကြားတွေမှာ ဆိုင်တွေ၊ ရုံးခန်းတွေ၊ ရှိုးရွမ်းတွေ၊ ဗြူတီစလွန်းတွေ၊ မာဆတ်တွေ၊ စားသောက်ဆိုင်တွေ စုံလှသလို လူတွေလည်း စည်ကားလှုပ်ရွလို့နေသည်။ ဒါက အရောင်းအဝယ်စည်ကားသည့်သဘော။ စီးပွားရေး ကောင်းမွန်သည့် အမှတ်လက္ခဏာ။ နိုင်ငံတကာ ကုမ္ပဏီတွေက စုံသည်။ ဂျပန်၊ ကိုရီးယား၊ အမေရိကန် ကုန်အမှတ်တံဆိပ်တွေ။ မော်တော်ဆိုင်ကယ် တွေကြားမှာ မောင်းနှင်သွားလာနေကြတာက Ford, Chevrolet, BMW, Mercedes ကားသစ်ကြီးတွေ။ 
မြို့လယ်ကောင်လမ်းမကြီးတွေကတော့ မျက်စိနောက်စရာ ကောင်းအောင် မော်တော်ဆိုင်ကယ်တွေ၊ မော်တော်ကားတွေ ပြည့်ကျပ်နေသည်။ မြို့ကြီးတိုင်း ရှောင်လွှဲလို့မရသည့် မော်တော်ယာဉ်ပိတ်ဆို့မှု (Traffic Jammed) ကတော့ ဟနွိုင်းမှာလည်းရှိသည်။ လမ်းမအကျယ်ကြီးတွေရှိသော်လည်း ယာဉ်ကြောကတော့ ကျပ်နေမြဲဖြစ်သည်။ နောက်ထပ် ပေါ်လာသော အထပ်မြင့်အဆောက်အအုံတွေပိုကောင်းပြီး မြို့ပြဆန်သော်လည်း အခြားနေရာတွေကတော့ ရန်ကုန်၊ မန္တလေးနှင့် သိပ်မကွာခြားလှ။ အချို့နေရာတွေမှာ ဖုန်တွေထူနေသည်။ မော်တော်ဆိုင်ကယ် တွေကြောင့်ယာဉ်ကြောပိတ်သော်လည်း ကားတွေအတွက်တော့ ပါကင်မကျပ်။ 
စားသောက်ဆိုင်တွေ၊ ဈေးဝယ်စင်တာတွေမှာ နေ့နေ့ညည လူတွေ စည်ကားနေတာတွေ့ရသည်။ Vibrant ဖြစ်သည်ဟုဆိုရမည်။ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှု အမှတ်လက္ခဏာဟု ဆိုရမည့် သုံးနိုင်စွဲနိုင် ဝင်ငွေအလယ်လတ်အဆင့်ရှိသူတွေ (Middle Class) တိုးပွားလာသည်။ ရန်ကုန်မှာလို အရောင်းအဝယ် သွေ့ခြောက်မနေ။ အချို့နေရာတွေ ကျတော့ ရန်ကုန်မှာလိုပဲ တော်တော်လေး ရှုပ်ထွေးပြီး ညစ်ပတ်နေသည်။ 
တစ်ခုသောရက်မှာ ဟနွိုင်းမြို့လယ်ကောင်က လက်ကားဈေးကြီး တစ်ခုကို သွားကြသည်။ ရှေးဟောင်းဈေးကြီးဖြစ်သည်။ ပြင်သစ်လက်ရာ ဗိသုကာဒီဇိုင်းနှင့်။ ဈေးရုံထဲမှာတော့ ဈေးဆိုင်ခန်းလေးတွေ ပူးကပ်နေပြီး အဝတ်အထည်၊ လူသုံးကုန်၊ လက်မှုပစ္စည်း၊ ရိုးရာအထည်၊ ဖိနပ်မျိုးစုံ ဆိုင်ခန်းကျဉ်းကျဉ်း လူသွားလမ်းကျဉ်းမှာ ရောင်းဝယ်နေကြတာ မင်္ဂလာဈေး၊ ညောင်ပင်လေးဈေးတွေနှင့် အတော်တူလှသည်။ 
တောင်ပိုင်း ဟိုချီမင်းစီးတီးကတော့ ပိုမိုစည်ကားပြီး ဖွံ့ဖြိုးတိုးတက်သည်။ တူညီနေတာကတော့ မြို့ကြီးတိုင်းမှာ မော်တော်ဆိုင်ကယ်တွေ အပြိုင်းအရိုင်း စီးမျောသွားလာနေကြတာဖြစ်သည်။ 
ဗီယက်နမ်၏ သိသာထင်ရှားသော အားသာချက်တွေက အဝေးပြေးလမ်းမကြီးတွေ၊ ဧရာမမြစ်ကူးတံတားကြီးတွေ တစ်နိုင်ငံလုံးရှိနေပြီး လျှပ်စစ်မီး အပြည့်အဝရနေခြင်း၊ ဆက်သွယ်ရေးကွန်ရက် (အင်တာနက်) ကောင်းမွန်ခြင်း၊ ကမ္ဘာလှည့်ခရီးသည်တွေအတွက် လည်ပတ်စရာနေရာသစ် များဖန်တီးထားနိုင်ခြင်း၊ မြို့ ကြီးတိုင်း၌ အပန်းဖြေစရာ၊ လည်ပတ်စားသောက်၊ ဈေးဝယ်ရာစည်ကားသော ညဈေးများရှိနေခြင်းဖြစ်သည်။ ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်မှုက ထိုင်းကို မမီသေးသော်လည်း နှစ်စဉ် တိုးတက်နေသည်။ 
လုံခြုံစိတ်ချရမှုနှင့် တရားဥပဒေစိုးမိုးမှုကလည်း အားသာချက် တစ်ခုဖြစ်သည်။ မြန်မာပြည်လို အဝေးပြေးလမ်းတွေမှာ တိုးဂိတ်တွေ အများကြီးမရှိ။ မြို့ဝင်မြို့ထွက်လောက်ပဲရှိသည်။ မြန်မာပြည်မှာလို တိုးဂိတ်ရောက်မှ လမ်းက ကျယ်သွားတာမျိုးမဟုတ်။ တစ်လျှောက်လုံး တစ်ပြေးညီပဲဖြစ်သည်။ သာမန်မြို့တွေက မြန်မာပြည်က မြို့တွေလိုပါပဲ။ လမ်းဘေးဈေးဆိုင်တွေ၊ ဈေးသည်တွေ မော်တော်ဆိုင်ကယ်၊ မော်တော်ကားတွေ၊ လူတွေနှင့် ပျားပန်းခပ်နေသည်။ 
ကာတွန်း မောင်မောင်ဖောင်တိန်ပြောသလို လော်စပီကာနှင့် အလှူခံမဏ္ဍပ်တွေကိုတော့ လမ်းထောင့်တွေ၊ လမ်းမတွေမှာ မတွေ့ရ။ ဘယ်တွေ့ရမှာလဲ။ မြန်မာပြည်မှ မဟုတ်တာ။ သူမို့ ကြံကြံဖန်ဖန် ရှာကြံပြောတတ်ပါပေတယ် … ။
ချစ်ဝင်းမောင် (၂၈-၁၀-၂၀၁၉)

Source : The Voice