fbpx

မရှိခြင်းအားဖြင့်

ကျွန်တော်သည် စာရေးဖို့ ကွန်ပျူတာရှေ့ထိုင်လိုက်ပြီး “ငြိမ်းချမ်းရေးခရီး နီးစေချင်ပြီ”ဟု ဆောင်းပါး ခေါင်းစဉ်တပ်လိုက်မိသည်။ ခေါင်းစဉ်ရေးနေ တုန်းမှာပင် DVB သတင်းဌာနက သတင်းကြေညာသူ၏ အသံကြောင့် စာရိုက်နေသည့်လက်မှာ တုံ့ခနဲ့ ရပ်တန့်သွားပြီး တီဗီဖန်သားပြင်ပေါ်သို့ အာရုံရောက်သွားသည်။
“ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားပြီး တိုက်ပွဲရှောင်ရာမှ စက်လှေတိမ်းမှောက်၍ ကလေးငယ်နှစ်ဦးသေဆုံး…”
ငြိမ်းချမ်းရေးအကြောင်း ရေးမည်ဆိုမှ တိုက်ပွဲသတင်းကြားရသည့် အခါ စာရေးသူ၏ အတွေးများသည်လည်း တိုက်ပွဲများဘက်သို့ အာရုံ ရောက်သွားပြန်သည်။ အတွေးရောက်မည်ဆိုလည်း ရောက်စရာပါ။ အမှန်တော့ ငြိမ်းချမ်းရေးနှင့် တိုက်ပွဲသည် ဒင်္ဂါးပြားတစ်ပြား၏ ခေါင်းနှင့်ပန်းလို ဆက်စပ်နေသော အကြောင်းအရာ မဟုတ်ပါလား။ 
တစ်နေ့တစ်နေ့ သတင်းနားထောင်လိုက်လျှင် တိုက်ပွဲသတင်းတွေ၊ လူသေဆုံးမှုသတင်းတွေက နားမချမ်းသာစရာကောင်းလှပါသည်။ ကြာလာတော့ သတင်းနားထောင်ရမှာတောင် ခပ်ကြောက်ကြောက်ဖြစ်လာသည်။ တီဗီရှေ့ထိုင်၍ သတင်းဖွင့်လိုက်လျှင် အနိဋ္ဌာရုံသတင်းတွေပဲ ကြားရဖန်များတော့ နားထောင်ရမှာလည်း စိုးတထိတ်ထိတ်ဖြစ်မိသည်။ အထူးသဖြင့် တိုက်ပွဲတွေကြား နှစ်ဖက်စလုံးက တိုက်နေခိုက်နေသူတွေ သေဆုံးနေသည်ကို အတိအကျ မသိနိုင်သော်လည်း အရပ်သားပြည်သူတို့ သေဆုံးနေရသည်များမှာ နေ့စဉ်နှင့်အမျှကြားနေရ၍ စာရေးသူအဖို့ စိတ်ထိခိုက်မိတာတော့ အမှန်ပင်။
စာရေးသူသည် တိုက်ပွဲဖြစ်ပွားသည့် နေရာဒေသတစ်ခုတွင် ၁ နှစ်ခန့် နေထိုင်ဖူးပါသည်။ ထို့ကြောင့် တိုက်ပွဲဧရိယာထဲနေခဲ့ရသည့် ခံစားချက်မျိုးကို ကောင်းကောင်းမှတ်မိပါသည်။ တိုက်ပွဲဧရိယာထဲနေရသူ၏ ဘဝသည် ကျီးလန့်စာ စားရသည့်ဘဝနှင့် မခြားပေ။ ဘယ်တော့များ သေနတ် သံကြားရမလဲဆိုတာ နားစွင့်ရသည်။ ဘယ်ကို ရှောင်ပြေးရမလဲဆိုသည်ကိုပါ ကြိုတွေးထားရသည်။ မိမိဘေးကင်းပါသော်လည်း မိမိ၏ မိသားစုဝင်များ ဘေးကင်းပါ့မလား တွေးပူ၍သောကရောက်ရသည်က တစ်မျိုး။ မည်သည့်ခံစားချက်မျိုးဖြစ်သည်ကို ပြန်ပြောပြဖို့ ခက်ခဲပါသည်။ အင်မတန် ခါးသီးခက်ထန်သည့် ခံစားချက် ဖြစ်ပါသည်။
တိုက်ပွဲ (စစ်ပွဲ) ဖြစ်လာလျှင် ပထမဆုံး ပျောက်ကွယ်သွားသည်မှာ အမှန်တရားဖြစ်သည်ဟု ဆိုကြသည်။ တိုက်ပွဲထဲမှာ ဘယ်ဘက်က အမှန်လဲဆိုတာ ညနေစောင်းမှာ နေလုံးကွယ်သလို ကွယ်ပျောက်သွားရသည်။ တစ်ဖက်ကပြောတာပဲ မှန်သလိုလို၊ ကျန်တစ်ဖက်ကပြောတာပဲ မှန်သလိုလိုနှင့် အမှန်တရား အစစ်အမှန်ကို ရှာတွေ့နိုင်ဖို့ ခဲယဉ်းပေသည်။ 
တိုက်ပွဲဖြစ်လျှင် အမှန်တရားပျောက်ကွယ်သွားသည်သာမက တရားမျှတမှုပါ ပျောက်ကွယ်သွားပေသည်။ မတရားတာ မရှိ။ တစ်ဖက်ကို အနိုင်ရရေးအတွက် ဘာပဲလုပ်ရလုပ်ရ တရားနည်းလမ်းကျသည်ဟု ယူဆထားကြသည်။ အချစ်နှင့်စစ်မှာ မတရားတာမရှိဟု ဆိုကြသည်မဟုတ်ပါလား။
တိုက်ပွဲတစ်ခုတွင် တရားမျှတမှုသာ ပျောက်ကွယ်သွားသည်လားဆို လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်းများပါ ပျောက်ဆုံးသွားရပေသည်။ အမှန်တရားနေရာတွင် စစ်ပရိယာယ် မာယာများက အစားထိုး ဝင်ရောက်လာသည်။ တရားမျှတမှုနေရာတွင် ရက်စက်ကြမ်းကြုတ်မှုတွေ နေရာယူလာသည်။ လွတ်လပ်ခြင်းနေရာတွင် စိုးရိမ်သောကတွေက မင်းမူလိုက်သည်။ ငြိမ်းချမ်းနေသည့် ပတ်ဝန်းကျင်တွင် သေနတ်ပစ်ဖောက်သံများနှင့် ယမ်းငွေ့များက အစားထိုးဖုံးလွှမ်းသွားသည်။
ပတ်ဝန်းကျင်က သက်မဲ့အရာဝတ္ထုများကို ကြည့်ပြန်လျှင်လည်း စာသင်ကျောင်းများသည် တိတ်ဆိတ်စွာ အထီးကျန်နေသည်။ ဘုရား၊ စေတီများမှာ အသက်ဝင်မှုမရှိ။ ကားသံတဟွန်းဟွန်းနှင့် အလုပ်ရှုပ်ခဲ့သည့် လမ်းမကြီးများလည်း အလုပ်မဲ့၊ အကိုင်မဲ့ ငြိမ်သက်လျက်။ မြို့သည် ပကတိ ငြိမ်သက်၍ ချောက်ချားစရာကောင်းလွန်းပေသည်။ အရာရာသည် အသွင်တစ်မျိုးဖြင့် သူစိမ်းဆန်လွန်းသည်ဟု တွေးမိသည်။
စစ်၏ ပုံတူပန်းချီကို ရေးဆွဲဖို့ ကမ္ဘာကျော် ပန်းချီဆရာကြီး ပီကာဆိုကို အကူအညီတောင်းဆိုချင်မိသည့်ဆန္ဒ ပေါ်လာသည်။ သူ သက်ရှိထင်ရှားရှိလျှင် ဘယ်လိုစုတ်ချက်တွေနဲ့ ရေးဆွဲလေမလဲ။ သေချာသည်မှာ ထိုပန်းချီကားတွင် သားသည်မိခင်တို့၏ ငိုကြွေးသံများ ပဲ့တင်ထပ်နေပေလိမ့်မည်။ သားပျောက်ဖခင်တို့၏ ဒေါသမီးများလည်း လောင်ကျွမ်းနေပေလိမ့်မည်။ ဆာလောင်မွတ်သိပ်နေသည့် အဘိုးအိုတစ်ဦး၏ ကြောင့်ကြမှုကိုပါ ဆေးခြယ်ရလိမ့်မည်။ ကိုယ်ဝန်သည်မိခင်တို့၏ ကျည်ဆန်ထိုးဖောက်ရာများက သက်သေတည်နေပေလိမ့်မည်။ ကလေးငယ်များ၏ မျှော်လင့်ချက်မဲ့မှုပါ ထည့်ရေးရလိမ့်မည်။ အတွေးများကို ရပ်တန့်၍ စာဆက်ရေးဖို့ အာရုံစိုက်လိုက်မိသည်။
စာရေးသူက တိုက်ပွဲတွေမဆိုထားနှင့်။ ရန်ပွဲများကိုပါ အသေမုန်းတီးသည်။ လူလူချင်း ဖြစ်နေသည့် ရန်ပွဲများ၊ တိုက်ပွဲများကို ရွံရှာမုန်း တီးသည့်စိတ်မှာ ငယ်ငယ်ကတည်းကပင် သန္ဓေတည်လာသည်ဟု ဆိုရပေမည်။ ရန်ပွဲများကို မုန်းတီးသည်မှာ အခြားအကြောင်းကြောင့် မဟုတ်ပေ။ 
မှတ်တတ်စအရွယ်မှာ စာရေးသူအိမ်ဘေးက ဦးလေးလင်မယားမှာ ခဏခဏရန်ဖြစ်ကြသည်။ သူတို့ရန်ဖြစ်ပြီဆိုလျှင် ဘေးကနေ စာရေးသူတို့မှာ အိပ်ကောင်းကောင်း မအိပ်ရ၊ စာကောင်းကောင်း မဖတ်ရ၍ ဖြစ်သည်။ သူတို့လင်မယားကလည်း အဖေခရီးသွားနေသည့်အချိန်များတွင် ပိုဖြစ်တတ်သည်။ အဖေရှိလျှင် အဖေက ပြောဆိုထိန်းသိမ်းသည့်အခါ အဖေ့ကို မကြောက်သော်လည်းရွံ့ဆိုသကဲ့သို့ အဖေအိမ်မှာရှိနေလျှင် ဦးလေး လင်မယားမှာ လူသိရှင်ကြား ရန်မဖြစ်ရဲပေ။ တိုးတိုးသာဖြစ်ကြသည်။
တစ်နေ့က အဖေမရှိတုန်း လင်မယားနှစ်ယောက် ရန်ဖြစ်ရာကနေ ရိုက်လားပုတ်လား ဖြစ်ကြတော့ သွေးသံတရဲရဲဖြစ်နေသော မြင်ကွင်းကို မြင်လိုက်ရသည်။ ထိုမြင်ကွင်းသည် အချိန်အတော်ကြာ စာရေးသူ၏ အတွေးထဲ နေရာယူထားခဲ့ပြီး ရန်ပွဲများကို မုန်းတီးသည့်စိတ်က လွှမ်းမိုးခိုင်မာခဲ့သည်ဟု ဆိုရပေမည်။ ထိုအချိန်မှစ၍ ရန်ဖြစ်ရမည်ကို ကြောက်လည်း ကြောက်မိသည်။
ရခိုင်ဘက်မှာဖြစ်နေသည့် ယခုတိုက်ပွဲများမှာလည်း တစ်နည်းအားဖြင့်ပြောရလျှင် ရန်ပွဲအကြီးစားများသာ ဖြစ်သည်ဟု ဘာသာပြန်ဆိုရမည်။ တစ်ဖက်နှင့်တစ်ဖက် စွပ်စွဲကြ၊ ပြစ်တင်ကြ၊ အပုပ်ချကြ၊ ထိုးနှက်ကြနှင့် တည့်တည့်တွေးကြည့်လျှင် ရန်ပွဲများသာဖြစ်သည်။ တိုက်ပွဲနောက်ကွယ်က နိုင်ငံရေးပြဿနာဟု မည်သို့ပင်ဆိုစေကာမှု တစ်ဖက်နှင့်တစ်ဖက် နားလည်မှုမပေးနိုင်ဘဲ သဘောထားမကြီးနိုင်သော အမြင်သဘောထားကနေ ပေါက်ဖွားလာသည့် နောက်ဆက်တွဲ ဆိုးကျိုးများသာ ဖြစ်သည်ဟု နားလည်မိပါသည်။ ကြားထဲက ပြည်သူများသာ မြေစာပင် ဖြစ်ရပေသည်။
လက်ရှိရခိုင်တိုက်ပွဲကာလတွင် အရပ်သားသေဆုံးမှု ၆၃ ဦး၊ မိုင်းနှင့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၅၃ ဦး၊ ပျောက်ဆုံးနေသူ ၉ဦး၊ ဖမ်းဆီးခံရသူ ၁၅၆ ဦးနှင့် စစ်ဘေးရှောင်လူဦးရေ ၆ သောင်းကျော် ရှိနေပြီလို့ ရခိုင်မျိုးနွယ်စုများအစည်းအရုံး (REC) စာရင်းများအရ လေ့လာသိရှိရပေသည်။ ဤစာရင်းများကိုကြည့်လျှင် အပြစ်မဲ့ပြည်သူတို့၏ဘဝကို မျက်ဝါးထင်ထင် မြင်နိုင်ပါသည်။ 
ရခိုင်တိုက်ပွဲကို ဇောင်းပေးပြောရခြင်းမှာ လက်ရှိအချိန်တွင် တိုက်ပွဲများ ပြင်းထန်နေ၍ ဖြစ်ပါသည်။ မည်သည့်နေရာဒေသမှာပဲ ဖြစ်ပွားပါစေ တိုက်ပွဲ (စစ်ပွဲ) ဆိုလျှင် ငြင်းပယ်ရပေလိမ့်မည်။
လွန်ခဲ့သောအပတ်က ရခိုင်ပြည်နယ်၊ မြောက်ဦးဘက်တွင် ကိုးတန်းကျောင်းသူလေးနှင့် သူ့မောင်လေး နှစ်ယောက်လုံး တိုက်ပွဲရှောင်ရာမှ စက်လှေတိမ်းမှောက် သေဆုံးသည့်သတင်းဆိုလျှင် ကြားမိမိချင်း ကြက်သီးတွေတောင် ထမိပါသည်။ သူ့မိဘတွေ ဘယ်လောက်များ ရင်ထုမနာဖြစ် ကြလေမလဲ၊ အဖြစ်ဆိုးလေခြင်းဟု သက်ပြင်းချမိပါသည်။ ဤကဲ့သို့ ဖြစ်စဉ်အပြင် ဟိုးတစ်လောတုန်းက မြောက်ဦးမြို့နယ်၊ ပန်းမြောင်းကျေးရွာတွင် အိမ်ထဲ၌ ညနေထမင်းစားနေသည့် ကလေးသုံးဦးမှာ ပစ်ခတ်သူမဲ့ ကျည်ဆန်ထိမှန်၍ သေဆုံးရတဲ့သတင်းဆိုရင် ပြောစရာစကားတောင် ရှာမရပေ။ စာရေးသူပဲ အသည်းနုလွန်းတာလားမသိ။ 
အရပ်သား အပြစ်မဲ့ပြည်သူတွေ တိုက်ပွဲတွေအတွင်း သေဆုံးရခြင်းကို လက်ခံနိုင်ဖို့ အတော်ခက်ခဲပါသည်။ တိုက်နေသူအချင်းချင်း ကျဆုံးသေကျေကြလျှင် သူ့ကံအကြောင်းတရားနှင့်သူဟု တရားသဘောအရ ရှုမှတ်လိုက်စရာရှိသော်လည်း အပြစ်မဲ့အရပ်သားများ သေဆုံးမှုမှာ မည်သည့်နည်းနှင့်မျှ မဖြစ်သင့်သည့် နာကျင်သေဆုံးမှုဟု ဆိုချင်ပါသည်။
တစ်ဆက်တည်း ဆိုချင်တာက တိုက်ပွဲတွေကြောင့် အရပ်သား ပြည်သူတွေ သေဆုံးရတာကို တားဆီးနိုင်မယ့်သူ မရှိတော့ဘူးလားဟု စိတ်အချဉ်ပေါက်ပေါက်နှင့် တွေးမိသည်။ သည်အတိုင်းပဲ လက်ပိုက်ကြည့်နေကြတော့မလား။ ဘယ်သူတွေပဲသေသေ အတ္တမာနတွေနဲ့ သဘောထား တင်းမာနေကြဦးမလား။ အပြစ်မဲ့ပြည်သူများအတွက် ကူရာမဲ့ ကယ်ရာမဲ့ ဘဝကို ရောက်နေပြီလားလို့ မေးစရာဖြစ်လာပေသည်။ တိုက်ပွဲတွေအတွင်း သေနတ်သံတွေကို နားစွင့်ရင်း အိပ်ကောင်းကောင်း မအိပ်ရ၊ စားကောင်းကောင်း မစားရနှင့် အတိဒုက္ခရောက်ရသည်မှာ တိုက်ပွဲဧရိယာအတွင်း နေထိုင်ကြသည့် အပြစ်မဲ့ပြည်သူများသာ ဖြစ်ပါသည်။ မည်သည့်နေရာမှာပဲ တိုက်ပွဲဖြစ်ဖြစ် ပြည်သူများမှာ အသက်ဘေးစိုးရိမ်၍ ကြောက်လန့်ထွက် ပြေးရ၊ တိမ်းရှောင်ကြရသည်။ လုပ်ကိုင်နေသည့် လုပ်ငန်းကိုင်ငန်းများကိုလည်း စိတ်ဖြောင့်ဖြောင့်နှင့် လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်း မရှိသည်မှာ များစွာ နစ်နာကြရပေသည်။
တိုက်ပွဲ၏ အနိဋ္ဌာရုံ၊ တိုက်ပွဲ၏ နောက်ဆက်တွဲဆိုးကျိုးများကို ရေးချမည်ဆိုလျှင် ကုန်နိုင်မည်မထင်။ သေချာသည်မှာ တိုက်ပွဲဖြစ်လာလျှင် ပြည်သူတို့၏ဘဝ၊ အသက်အိုးအိမ်စည်းစိမ် တန်ဖိုးမှာ သုညအဆင့်သို့ ရောက်သွားပေသည်။ စီးပွားရေး၊ ပညာရေး၊ လူမှုရေးကိစ္စများမှာလည်း ရပ်တန့်သွားရပေသည်။ လုံခြုံမှုမရှိ။ ဘဝမျှော်လင့်ချက်များလည်း အသက်မဲ့သွားရသည်။ ကလေးများ၏ ပညာရေးမှာလည်း မှေးမှိန်သွားရပြန်သည်။ ကောင်းသည့်အရာဟူ၍ တစ်စက်ကလေးမှ ရှိမည်မထင်။
တိုက်ပွဲရှိလျှင် မငြိမ်းချမ်းနိုင်သလို ငြိမ်းချမ်းသောဒေသတွင်လည်း တိုက်ပွဲရှိနိုင်မည် မဟုတ်ပါ။ တစ်ခုနှင့်တစ်ခုသည် မရှိခြင်းဖြင့် အပြန်အလှန် အကျိုးသက်ရောက်နေသည့် သဘောသဘာဝပင် ဖြစ်ပါသည်။ သို့သော် ငြိမ်းချမ်းရေးသည် တိုက်ပွဲများအပေါ် မူတည်နေသော်လည်း တိုက်ပွဲများသည် ငြိမ်းချမ်းရေးကို မမှီခိုသလို ဖြစ်နေသည်။
တိုက်ပွဲဖြစ်တာ မကောင်းဘူးလို့ ခံယူထားသည့် လူသားဆန်သူတိုင်း ငြိမ်းချမ်းရေးပဲ လိုချင်ကြပါလိမ့်မည်။ ရခိုင်တိုက်ပွဲအတွင်း ဒေသနေ ရခိုင်လူမျိုးပဲ သေသေ၊ အခြားတိုင်းရင်းသားများပဲ သေသေ၊ သေဆုံးသူများမှာ ၁၃၅ မျိုးသော တိုင်းရင်းသားများသာ ဖြစ်သည့်အတွက် ပြည်ထောင်စုစိတ်ဓာတ်ကို ရင်ဝယ်ပိုက်ထားသူတိုင်း ဆန့်ကျင်ကန့်ကွက်ရမည့်အရေးကိစ္စဖြစ်ပါသည်။ ယခုမှု အရပ်ဘက်အဖွဲ့အစည်းများပင် အသံတိတ်ဆိတ်လွန်းသည်ဟု ထင်ရသည်။ ဘေးကနေ ပွဲကြည့်ပရိသတ်ဖြစ် သွားကြပြီလားဟုပင် သုံးသပ်ရမလို ဖြစ်လာနေပါသည်။
ဤသို့ဆို၍ တိုက်ပွဲရပ်တန့်ရေး ဆန္ဒပြစေရန် လှုံ့ဆော်မှုမျိုးတော့ မဟုတ်ရပါ။ တိုက်နေခိုက်နေကြသည့်သူများမှာ သူ့ယုံကြည်ချက်၊ ရပ်တည်ချက်များဖြင့် တိုက်ခိုက်နေကြ၍ သူတို့အပေါ် သနားစာနာမှု မပြသနိုင်သော်လည်း တိုက်ပွဲတွေကြောင့် ဗလာသေဆုံးနေရသည့် အရပ်သားများအတွက် စိုးရိမ်ပူပန်ပေးဖို့ နိုင်ငံသားအားလုံးတွင် တာဝန်ရှိသည်ဟု ယုံကြည်မိပါသည်။ အရပ်ဘက်အဖွဲ့အစည်းများမှ အသံတွေ ကျယ်လောင်လာမှ ကာယကံရှင်အဖွဲ့အစည်းများမှာလည်း ထိန်းထိန်းသိမ်းသိမ်းဖြင့် ဆောင်ရွက်လာကြမည်ဟုလည်း ယူဆမိပါသည်။ တိုက်ပွဲ မည်သို့ဖြစ်နေပါစေ အဓိက အရပ်သားပြည်သူတွေ ဘေးကင်းလုံခြုံဖို့လိုသည်။ ရှည်ကြာလာသည့် ပြည်တွင်းစစ် ပယောဂကြောင့် ဘယ်မိသားစုကိုမှ ရှင်ကွဲမကွဲ စေလို၊ သေကွဲမကွဲစေချင်တော့ပါ။ ညီအစ်ကိုချင်း တိုက်နေရသည့် တိုက်ပွဲသည် ကမ္ဘာ့မျက်နှာစာတွင်လည်း ကဲ့ရဲ့စရာ ရှုတ်ချစရာသာ ဖြစ်ပေသည်။
တိုက်ပွဲထဲက သေနတ်သံတွေအစား စာသင်ခန်းထဲက ကလေးတွေရဲ့ စာအံသံတွေပဲ ဆူဆူညံညံ ရှိစေချင်သည်။ လမ်းမကြီးများလည်း ပုံမှန်အတိုင်းပဲ လည်ပတ်စီးဆင်းစေချင်သည်။ စစ်ဘေးရှောင်ပြည်သူများလည်း မိမိနေရပ်ကို ပြန်၍ နဂိုမူလအလုပ်ခွင်များမှာ ရှိစေချင်သည်။ မိခင်တို့၏ စိုးရိမ်သောကများကို ပျော်ရွှင်မှုတွေနှင့် အစားထိုးစေချင်သည်။ 
ယမ်းငွေ့တွေကို မမြင်လိုတော့သလို ပစ်လို့ ကျန်ခဲ့သည့် ကျည်ဆန်ခွံများလည်း မမြင်လိုတော့ပါ။ တိုက်ပွဲခြိမ်းသံများလည်း မကြားလိုတော့ သလို အပြစ်မဲ့ ကလေးငယ်များ သေဆုံးတာလည်း မမြင်လိုတော့ပါ။ ရွာသူ၊ ရွာသားတွေ ဖမ်းဆီးခံရတာတွေလည်း မကြားလိုတော့ပါ။
ထို့ကြောင့် တိုက်ပွဲမရှိခြင်းအားဖြင့် ငြိမ်းချမ်းရေးသည် ယခင်ထက် နီးစပ်လာပေမည်ဟု ယုံကြည်မိပါသည်။ တိုက်ပွဲများကို ရပ်တန့်ပြီးတော့ ငြိမ်းချမ်းရေးစကားဝိုင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပိုအသက်ဝင်စေချင်မိပါသည်။ ဆွေးနွေးပွဲများ မရှိခြင်းအားဖြင့် တိုက်ပွဲတွေ ပိုပြင်းထန်လာမည်ကို စိုးရိမ်မိပါသည်။ ယခုလည်း မြောက်ပိုင်း ၄ ဖွဲ့နှင့် တွေ့ဆုံမည့် အောက်တိုဘာဆွေးနွေးပွဲကို ရွှေ့ဆိုင်းလိုက်ရသည်ဟု ကြားသိရပေသည်။
တိုက်ပွဲမရှိခြင်းအားဖြင့် ငြိမ်းချမ်းရေးခရီးကို စတင်ဖို့ တာဝန်ရှိ သူအားလုံးကို မေတ္တာရပ်ခံချင်ပါသည်။ စာရေးသူတို့လည်း တိုက်ပွဲသတင်းတွေထက် ငြိမ်းချမ်းရေးသတင်းတွေပဲ ဆက်ဆက်ကြားချင်မိပါတော့သည်။
သားညိုထွေး

Source : The Voice