fbpx

အနာဂတ်တွေ လှပချင်တယ်ဆိုရင်

ဆရာကြီး ဦးအောင်သင်းက ပြောတယ် အနာဂတ်လှပဖို့ဆိုရင် လူငယ်တွေကို ရွှေချရမယ်တဲ့။ ဘုရားကိုရွှေချသလို လူငယ်တွေရဲ့ နှလုံးသားကိုလည်း ရွှေချရမယ်။ လူငယ်တွေရဲ့နှလုံးသားကို ရွှေချဖို့ စာကြည့်တိုက်တွေ ဖွံ့ဖြိုးလာအောင် ပံ့ပိုးကူညီကြရမယ်။ စာကြည့်တိုက်တွေဖွင့်ပြီး စာပေတွေနဲ့ ရင်းနှီးအောင် လုပ်ဆောင်ပေးကြရမယ်တဲ့။
ဒီနေ့ လူ့အဖွဲ့အစည်းက လူတော်တော်များများဟာ လူငယ်တွေကို ရွှေချဖို့မေ့နေကြပါတယ်။ လူငယ်တွေကို လျစ်လျူရှုထားကြတယ်။ လူငယ်တွေရဲ့ တက်သစ်စ အညွန့်တလူလူကို ပြုစုပျိုးထောင်ပေးကြရမယ့်အစား ရိုက်ချိုးပစ်နေသူတွေတောင် တွေ့လာရပါတယ်။ ဝမ်းနည်းစရာပါပဲ။ 
ဆရာကိုစိုးထိုက်(ဖဒို)ရဲ့ မြေစာပင် စာအုပ်ကလေးကိုဖတ်ပြီး ကြက်သီးထမိတယ်။ လောကမှာ ဒီလိုကလေးတွေ တကယ်ရှိနေတာပါလားလို့ တွေးမိတယ်။ သူတို့ဘဝတွေ ဘယ်လောက်ခက်ခဲကြရမလဲ။ သေနတ်သံတွေကြားမှာ ဝေဒနာမျိုးစုံအောင်ခံစားနေကြရတဲ့ ကလေးငယ်တွေရဲ့ဘဝကို ဖေးမစာနာပေးကြရမယ့်အစား ကူညီသလိုလိုနဲ့ ကလေးတွေကိုဗန်းပြပြီး စီးပွား ရှာနေကြတဲ့သူတွေ။ ဘဝပေးအခြေအနေတွေကြောင့် လမ်းဘေးမှာအမှိုက် ကောက်စားနေကြရတဲ့ လမ်းပျော်လေးတွေလောက်မှ စိတ်ဓာတ်မြင့်မြတ်မှုမရှိတဲ့သူတွေ။ ကိုယ့်အကျိုးစီးပွားအတွက် ဘာဆိုဘာမှ မကြည့်တော့တဲ့သူတွေ။ ကျွန်မတို့တိုင်းပြည်မှာ ဒီလိုစိတ်ဓာတ်ရှိတဲ့သူတွေရှိနေတာ သိပ်ရင်နာစရာကောင်းတယ်။ တိုင်းပြည်နာတယ်။ သူတို့လက်ထဲမှာ ကျွန်မတို့ရဲ့အနာဂတ်တွေ ဘယ်လောက်တောင် ဆုံးရှုံးခဲ့ရပြီးပြီလဲ။ နောက်ထပ် ဘယ်လောက်ဆုံးရှုံးရဦးမလဲ။ မတွေးရဲစရာပါပဲ။ 
အဲဒီကလေးငယ်လေးတွေဟာ ကျွန်မတို့တိုင်းပြည်ကို ကယ်တင်မယ့် အနာဂတ်စွမ်းအားရှင်လေးတွေပါ။ သူတို့ကို လွတ်လပ်ပျော်ရွှင်စွာလမ်းဖွင့်ပေးရပါမယ်။ အချုပ်အနှောင်ကင်းကင်း ရွက်လွှင့်စေရမယ်။ စိတ်ဒဏ်ရာတွေမဖြစ်စေဖို့ အတတ်နိုင်ဆုံးရှောင်ကြဉ်ပြီး သူတို့လေးတွေကို ရွှေချရပါမယ်။ ဒါမှသာ အနာဂတ်တိုင်းပြည်ဟာ မျှော်လင့်ချက်ကောင်းကို မျှော်လင့်နိုင်မယ်။ မျှော်လင့်ချက်ကောင်းဆီကို ချီတက်နိုင်ပါမယ်။ 
လူငယ်တွေကိုရွှေချဖို့ စာကြည့်တိုက်တွေဟာ မရှိမဖြစ်လိုအပ်တယ်။ စာအုပ်စာပေတွေကိုချစ်မှ လှပတဲ့အနာဂတ်သစ်ကို ဖွင့်လှစ်နိုင်မယ်။ စာအုပ်စာပေတွေကိုမြတ်နိုးမှ တိုးတက်တဲ့နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်မယ်။ စာအုပ်စာပေတွေကို တွယ်တာမှ အဆိုးတွေကို ခွဲခြားဖယ်ခွာနိုင်မယ်။ စာအုပ်စာပေဆိုတဲ့ အလင်းတံခါးကနေသာ အနာဂတ်ကို အထင်းသားမြင်တွေ့နိုင်ကြမှာဖြစ်တယ်။ ဒါကြောင့် အနာဂတ်လူငယ်တွေဟာ စာအုပ်စာပေတွေနဲ့ ရင်းနှီးထိတွေ့မှုရှိဖို့ အလွန်အရေးကြီးတယ်။ ဒီလိုထိတွေ့ခွင့် ရဖို့ နီးစပ်ရာလူကြီးတွေက အလေးထားဖန်တီးပေးရမယ်။ မိဘတွေအနေနဲ့လည်း ကလေးတွေရဲ့ ကိုယ်ခန္ဓာအာဟာရပြည့်ဝဖို့ချည်း ဦးစားပေးဖြည့် ဆည်းမနေဘဲ ဦးနှောက်နဲ့နှလုံးသားအာဟာရ ပြည့်ဝဖို့အတွက်ပါ ဖြည့်ဆည်းပေးကြရမယ်။ မိမိတို့ရဲ့ရင်သွေးငယ်လေးတွေ ထူးချွန်ထက်မြက်ဖို့ဆိုရင် အစားအသောက်နဲ့ ဉာဏ်ရည်မြင့်ဆေးတွေချည်း တိုက်ကျွေးနေရုံနဲ့ မရနိုင်ပါဘူး။ နှလုံးသားအာဟာရနဲ့ ဦးနှောက်အာဟာရပါ မျှတနေဖို့ လိုအပ်တယ်။ ဒါမှသာ ထူးချွန်ထက်မြက်တဲ့ လူတော်လူကောင်းလေးတွေ ဖြစ်လာမှာပါ။ ဒီလိုလူတော်လူကောင်းလေးတွေကသာ ကျွန်မတို့ရဲ့ အနာဂတ်တိုင်းပြည်ကို ကောင်းမွန်စွာတည်ဆောက်နိုင်ကြမှာပါ။
ကျွန်မတို့တိုင်းပြည်မှာ အထူးလိုအပ်နေတာ ဗိုလ်ချုပ်အောင်ဆန်းလို လူတော်လူကောင်းလေးတွေပါ။ လူတော်တိုင်း လူကောင်းမဖြစ်နိုင်ပါဘူး။ အနာဂတ်တိုင်းပြည်ကို ဖန်တီးထုဆစ်မယ့်သူတွေဟာ လူတော်ရုံနဲ့ မပြီးသေးပါဘူး။ လူကောင်းလေးတွေဖြစ်နေဖို့လည်း အရေးကြီးပါတယ်။ ကျွန်မတို့အားလုံးရဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ စာအုပ်စာပေတွေကို တလေးတစား ချစ်မြတ်နိုးခဲ့သူတစ်ယောက်ဆိုတာ အားလုံးအသိပါ။ လူကောင်းတစ်ယောက်ဖြစ်ဖို့အတွက် စာအုပ်စာပေတွေဟာ ထောက်ပံ့မှုအပေးနိုင်ဆုံးဆိုတာ ငြင်းချက်ထုတ်စရာမလိုတဲ့အချက်ပါ။ ဒါကြောင့် အနာဂတ်ကို ထုဆစ်မယ့် လူငယ်မျိုးဆက်သစ်တွေကို စာအုပ်စာပေတွေနဲ့ နီးစပ်ခွင့်ရစေချင်မိတယ်။ ဖတ်မှတ်လေ့လာစေချင်မိတယ်။ လက်တွေ့မှာလည်း ပြန်လည်အသုံးချစေချင်မိတယ်။ 
လူငယ်ကိုပျိုးထောင်မှ အနာဂတ်ကို အုတ်မြစ်ချပြီးသားဖြစ်မယ်။ လူငယ်ကိုအလေးထားမှ အနာဂတ်ကိုလေးစားရာရောက်မယ်။ လူငယ်ကို ချနင်းနေသရွေ့ အနာဂတ်ဟာ အဓိပ္ပာယ်မဲ့နေပါဦးမယ်။ လူငယ်တွေရဲ့ဘဝကို ကြိုးကိုင်ခြယ်လှယ်နေကြတဲ့ ဂိုဏ်းဂဏတွေ၊ အတုအယောင်အဖွဲ့ အစည်းတွေကိုလည်း ထိထိရောက်ရောက် ဖျက်ဆီးအရေးယူကြဖို့လိုပါတယ်။ ဒါဟာ တစ်နည်းအားဖြင့် တိုင်းပြည်ရဲ့အနာဂတ်ကို ကယ်တင်ရာလည်း ရောက်ပါတယ်။ နောက်တက်လာမယ့် မျိုးဆက်သစ်လူငယ်တွေဆီမှာ ဒီလို ယုတ်ညံ့တဲ့စိတ်ဓာတ်တွေ စွဲကပ်မလာစေဖို့လည်း စာအုပ်စာပေတွေကို ကိုယ်တိုင်လေ့လာဖတ်ရှုစေခြင်းကနေ တည့်မတ်ပေးရမယ်။ လူဆိုတာ တစ်ပါးသူပြောလို့ သိခြင်းထက် ကိုယ်ကိုယ်တိုင်သိရှိသွားမှုကို ပိုပြီးအလေး ထားတတ်ကြတယ်မဟုတ်လား။ စာအုပ်စာပေတွေကနေ သူတို့ကိုယ်တိုင် သိရှိသွားစေမှုအတွက် ထောက်ပံ့ပေးသွားပါလိမ့်မယ်။ လူကြီးတွေဘက်က စာအုပ်စာပေတွေ ဖြည့်ဆည်းပေးဖို့သာ လိုအပ်ပါတယ်။ ဖုန်းဘေလ်ဖြည့် သွင်းဖို့ထက် စာအုပ်တစ်အုပ်ဝယ်ဖို့ ဝန်လေးနေတဲ့ခေတ်မှာ အနာဂတ်ကို အလေးထားကြောင်းပြတဲ့အနေနဲ့ မိမိကစပြီး စာအုပ်တွေကို ဝယ်စုပြလိုက်ပါ။ ပြီး လူငယ်တွေကိုပေးဖတ်ပါ။ အနာဂတ်ပျိုးခင်းကြီးထဲ လူငယ်တွေနဲ့လှပနေတဲ့အခါ ရင်တွင်းပီတိရဲ့ချိုမြမှုကို လှိုက်လှိုက်လှဲလှဲခံစားလိုက်ပါ။ ရှင်သန်ခြင်းရဲ့ အနှစ်သာရဆိုတာ ကောင်းမွန်တဲ့လုပ်ဆောင်ချက်တွေနဲ့ လောကကောင်းကျိုးကို ဆောင်ခြင်းပဲ မဟုတ်လား။ ဒါကြောင့် ကျွန်မတို့တတ်နိုင်တဲ့ တစ်ဖက်တစ်လမ်းကနေ အနာဂတ်အတွက်ပျိုး ထောင်ပေးလိုက်ကြရအောင်ပါ။ 
အဘိုးအိုဟာ သရက်ပင်ကို နောင်လာနောက်သားတို့အတွက် ရည်စူးပြီး စိုက်ခဲ့သလို ကျွန်မတို့လည်း ကျွန်မတို့ရဲ့အဖိုးတန်လှတဲ့အချိန်တွေထဲက တချို့ကို နောင်လာနောက်သားတို့အတွက် ရင်းနှီးမြှုပ်နှံနိုင်ရပါလိမ့်မယ်။ မိမိတစ်ဘဝစာလောက်သာကြည့်ပြီး ပျော်ပျော်ပါးပါးအသက် ရှင်သွားမယ်ဆိုရင် အဲ့ဒီလူဟာ တာဝန်မဲ့ရာရောက်ပါလိမ့်မယ်။ မိမိလူမျိုး၊ မိမိတိုင်းပြည်၊ မိမိတို့ရဲ့နောင်လာနောင်သားများအတွက် ကောင်းမွန်သော မျိုးစေ့တွေချပေးနိုင်ခဲ့ရပါမယ်။ ဘယ်လိုကောင်းမွန်တဲ့မျိုးစေ့တွေလဲ ဆိုရင် စာကောင်းပေမွန်တွေနဲ့ ရင်းနှီးထိတွေ့ခွင့်ရအောင် ဖန်တီးပေးလိုက်ရုံပါပဲ။ ဒီစာကောင်းပေမွန်တွေကနေ သူတို့ကို လမ်းပြပေးသွားပါလိမ့်မယ်။ သူတို့ရဲ့ဘဝကို သူတို့ကို ဘယ်လိုပုံဖော်ရမလဲ သိရှိသွားပါလိမ့်မယ်။ နိမ့်ကျတဲ့စိတ်ဓာတ်တွေကို အလိုလိုဖယ်ရှားနိုင်သွားပါလိမ့်မယ်။ တွေးခေါ် စဉ်းစားနိုင်စွမ်းတွေ တိုးတက်လာပါလိမ့်မယ်။ ဒီလိုနည်းနဲ့ လူတော်လူကောင်းတွေကို ကျွန်မတို့မွေးထုတ်ပေးရပါမယ်။ လူတော်လူကောင်းတွေ အုပ်ချုပ်တဲ့ တိုင်းပြည်ကသာ အေးချမ်းသာယာဝပြောပါတယ်။ 
အနာဂတ်ဟာ လူငယ်တွေရဲ့လက်ထဲမှာရှိနေတာ မဟုတ်လား။ 
ဒါ့ကြောင့် ဆရာကြီးဦးအောင်သင်းရဲ့ စကားအတိုင်း အနာဂတ်တွေ လှပချင်တယ်ဆိုရင် လူငယ်တွေကို လျစ်လျူရှုမထားဘဲ ရွှေချကြပါလို့ တိုက်တွန်းရေးသားလိုက်ရပါတယ်။ 
မေမီမိုးမြင့်

Source : The Voice