fbpx

ကုန်ကားထဲက အလောင်းများ ဗီယက်နမ်နိုင်ငံသားများ ဖြစ်နိုင်ဟု ဗြိတိန်ရဲပြော

လန်ဒန်မြို့အနီး ကုန်ကားထဲတွေ့ရတဲ့ အလောင်းတွေဟာ ဗီယက်နမ်လူမျိုးတွေလို့ ယုံကြည်ရကြောင်း ဗြိတိန်ရဲတပ်ဖွဲ့က နိုဝင်ဘာလ ၁ ရက်မှာ ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် ဒီအမှုနဲ့ပတ်သက်ပြီး  လူသတ်မှု၊ လူကုန်ကူးမှု သံသယနဲ့ အလိုရှိနေတဲ့ မြောက်အိုင်ယာလန်က ရော်နန်ဟူးခ်ျနဲ့ ညီဖြစ်သူ ခရစ္စတိုဖာတို့ကိုလည်း လာအဖမ်းခံဖို့ ဗြိတိန်ရဲတပ်ဖွဲ့က တိုက်တွန်းလိုက်ပါတယ်။  

ဗြိတိန်စုံစမ်းရေးအကြီးအကဲက ရော်နန်နဲ့ ခရစ္စတို့ကို မြောက်အိုင်ယာလန်ရဲတပ်ဖွဲ့ဆီမှာ အဖမ်းခံဖို့  တိုက်တွန်းခဲ့သလို စုံစမ်းရေးမှာ လာရောက်ကူညီဖို့လည်း မေတ္တာရပ်ခံခဲ့ပါတယ်။   

အောက်တိုဘာ ၂၃ ရက်ညက ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့အနီးက စက်မှုဇုန်တခုမှာ ရပ်ထားတဲ့ အအေးခန်းကုန်ကားအတွင်းကနေ အမျိုးသား ရုပ်အလောင်း ၃၁ လောင်းနဲ့ အမျိုးသမီး ရုပ်အလောင်း  ၈ လောင်းတို့ကို ဗြိတိန်ရဲတပ်ဖွဲ့က တွေ့ရှိခဲ့တာပါ။

ဒီအမှုနဲ့ပတ်သက်လို့ လက်ရှိကုန်ကားဒရိုင်ဘာအပါအဝင် လူ ၄ ယောက်ကို ဗြိတိန်ရဲတပ်ဖွဲ့က  လူသတ်မှု၊ လူကုန်ကူးမှု သံသယတို့နဲ့ ဖမ်းဆီးထားပါတယ်။ 

 

Tags:

Source : DVB