fbpx

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်သည် ၃၆နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းသို့ ပြောင်းလဲနိုင်ပြီး မြန်မာ့ကမ်းရိုးတန်းဒေသများ မုန်တိုင်း အရှိန်သက်ရောက်နိုင်

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်သည် ၃၆ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းသို့ ပြောင်းလဲနိုင်ပြီး မြန်မာ့ကမ်းရိုးတန်ဒေသများ မုန်တိုင်းအရှိန် သက်ရောက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းကပြောကြားသည်။

“လေဖိအားနည်း ရပ်ဝန်းအားကောင်းပြီးတော့ မုန်တိုင်းငယ်ဖြစ်သွားပြီ၊ ခန့်မှန်းထားတာတော့ ၁၂နာရီအတွင်း အားကောင်းတဲ့မုန်တိုင်းငယ် ၂၄ နာရီမှ ၃၆ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်နိုင်တယ်။ လက်ရှိအချိန်မှာ အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်နိုင် တဲ့အနေအထားရှိတယ်” ဟု ဦးလှထွန်းက ပြောကြားသည်။

လက်ရှိခန့်မှန်းချက်အရ မြန်မာနိုင်ငံ သို့ တိုက်ရိုက်ဝင်ရောက်ရန် အလားအလာ နည်းပါးကြောင်း၊ အန္ဒိယအရှေ့ကမ်းစပ်ကြားနှင့် ဘင်္ဂလားဒေ့ရှ် သို့ဦးတည်မည်ဟု ခန့်မှန်းထားကြောင်း ဦးလှထွန်းကပြော ကြားသည်။

“ လက်ရှိကတော့ အဲဒီလောက်ပဲခန့် မှန်းလို့ရသေးတယ်။ ဒီကောင်က ကမ်းကို ဖြတ်သွားမလား၊ ပင်လယ်ထဲမှာပဲ ပျက်သွားမလားဆိုတာကို နည်းနည်းစောင့်ကြည့်ရ မယ်။ မြန်မာဘက်ကိုတော့ တိုက်ရိုက်ဦးတည်ဖို့မရှိဘူး။ ဆိုင်ကလုန်းမုန်တိုင်းသို့ မဟုတ် အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းအဖြစ်ရောက်လာရင်တော့ မြန်မာနိုင်ငံကမ်းရိုးတန်းဒေသတွေကတော့ အရှိန် သက်ရောက်မှုတော့ရှိနိုင်တယ်။ရခိုင်ကမ်း ရိုးတန်းတို့ မြစ်ဝကျွန်းပေါ်ဒေသတွေက အရှိန်သက်ရောက်မှုရှိနိုင်တယ်။ပင်လယ်ထဲမှာဖြစ်နေတဲ့အတွက် မုန်တိုင်းအဆောက်အအုံတိမ်တိုက်တွေ ရောက်လာတဲ့အခါ ပင်လယ်ပြင်မှာ လှိုင်းတွေကြီးတာတို့ ကမ်း ရိုးတန်းဒေသတွေမိုးများတာတို့ အဲဒါမျိုး တွေရှိတယ်။ မြန်မာနိုင်ငံထဲကို တိုက်ရိုက်ဖြတ်ကျော်ဝင်ရောက်မယ့်အလားအလာ နည်းတယ်”

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ နိုဝင်ဘာ ၅ရက် နေ့လယ် ၁၂ နာရီ မိနစ် ၃ဝအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ် ပြင်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေ သော လေဖိအားနည်းရပ်ဝန်း (Low Pressure Area ) သည်ဘင်္ဂလားပင် လယ်အော်အရှေ့ အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ် အော်အရှေ့တောင် ပိုင်းသို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိခဲ့ကြောင်း၊ အဆိုပါ မုန်တိုင်းငယ်သည် အိန္ဒိယနိုင်ငံ၊ မာယာဘန်ဒါမြို့၏ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၈၅)မိုင်ခန့်၊ ပါရာဒစ်ပ်မြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင်(၅၁၀)မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ကိုကိုး ကျွန်းမြို့၏ အနောက် တောင်ဘက် ရေမိုင်(၁၂၅)မိုင်ခန့်နှင့် ပုသိမ်မြို့၏ အနောက်တောင်ဘက် ရေမိုင်(၂၉၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မုန်တိုင်းငယ် ၏ လက်ရှိအခြေအနေသည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့ လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားကြောင်း၊ အဆိုပါ မုန်တိုင်းငယ်သည် နိုဝင်ဘာ ၅ ရက် မြန်မာစံတော်ချိန် ၁၂နာရီ ၃ဝမိနစ် အချိန်တွင် မြောက်လတ္တီ ကျု(၁၃ဒ သမ၁)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၁ဒသမ၅)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက် လေဖိအား (၁၀၀၅)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၅)မိုင်နှုန်း ဖြစ်ကြောင်း မိုးဇလထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။

မုန်တိုင်းငယ် သည် နောက် ၁၂  နာရီ အတွင်း အားကောင်းသော မုန်တိုင်းငယ် အဖြစ်သို့လည်းကောင်း၊ နောက် ၃၆ နာရီအ တွင်း ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်ပြီး၊ အစဦးတွင် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး နောက် မြောက်-အနောက်မြောက် ဘက်သို့ ကွေ့ ကာ ရွေ့လျားမည်ဟု ခန့်မှန်းရကြောင်း မိုးဇလထုတ်ပြန်ချက်အရသိရသည်။

မုန်တိုင်းငယ်၏အရှိန်ကြောင့် နိုဝင်ဘာ ၅ရက် နေ့လယ်မှ နောက်၄၈နာရီအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်း ရွာနိုင်ကြောင်း၊မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကြောင်း၊မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ သည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပြီး၊ လှိုင်းအမြင့်သည် မြန်မာ့ ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင် လယ်ပြင် တို့တွင် ၈ ပေမှ ၁၂ ပေခန့် ရှိနိုင် ကြောင်း မိုးဇလထုတ်ပြန်ချက်အရသိရ သည်။

အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် ပြည်တွင်း လေကြောင်းပျံသန်း ရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေ ယာဉ်များ၊ သင်္ဘောများအနေဖြင့် လည်း ကြိုတင်သတိပြုရန် မိုးဇလထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Source : Eleven Media Group