fbpx

ခြားနားသော အမှန်တရားများကို အရောင်မဆိုးပါနှင့်

လူမှုနယ်ပယ်နေရာတိုင်းတွင် သူ့အရပ်နှင့် သူ့ဓလေ့များ ဆိုသည်မှာ တစ်နေရာနှင့်တစ်နေရာ မတူညီနိုင်ကြပေ။ တစ်ပါးသူများက တန်ဖိုးထားသောအရာများသည် မိမိတို့အတွက် တန်ဖိုးနည်းအထင်သေးစရာ ဖြစ်ချင်ဖြစ်နိုင်ပါသည်။ ထို့နည်းတူပင် မိမိတို့တန်ဖိုးထားရှိသည့်အရာများ သည်လည်း တစ်ပါးသူများအတွက် အထင်သေးစရာဖြစ်နိုင်ပေသည်။ မိမိတို့၏ ယုံကြည်မှုများနှင့်ဝေးကွာတိုင်း အမှားဟူ၍ တထစ်ချ မသတ်မှတ်စေလိုပေ။ မိမိတို့ယုံကြည်မှုများနှင့် မတူညီကြတိုင်း အမှားဟူသော ဘောင်ထဲသို့ ထည့်သွင်းမထားစေလိုပေ။
မတူညီကြသည့် ကိုးကွယ်ယုံကြည်မှုများနှင့်ဆက်စပ်၍ ငြင်းခုံခြင်း ဘေးရန်မှဖယ်ခွာ၍ ကောင်းသောနှလုံးသွင်းခြင်းမျိုးဖြင့်သာ လက်တွဲသင့်ပေသည်။ တစ်ပါးသူ၏အယူအဆများကို နားလည်ပေးခြင်းမျိုးများ ဖြင့်လည်း တတ်နိုင်သလောက် အားပေးသင့်ပေသည်။ မိမိတို့၏ အယူအဆများနှင့် မတူညီကြသူတိုင်းကိုလည်း အမှားဆိုသော သင်္ကေတထဲတွင် အမြဲတမ်းထည့်သွင်း၍ မထားမိစေဖို့ရန်မှာ အရေးကြီးဆုံးဖြစ်သည်။
ခေတ်မီလမ်းသစ်တို့ ပေါများလာသည့် ယနေ့ခေတ်သစ်ထဲတွင် ယုံကြည်ချက်များနှင့် ခံယူချက်များကို စံထိုး၍ တိုင်းတာကြရန် ခက်ခဲလှပေသည်။ လျှောက်လှမ်းကြီးပြင်းခဲ့သော နယ်ပယ်များ မတူညီကြသည့်အလျောက် ကိုးကွယ်ဆည်းကပ်ခဲ့ရသည့် ရိုးရာယုံကြည်မှုများသည်လည်း ကွဲပြားခြားနားနေမည်ဖြစ်သည်။ မိမိတို့၏ ယုံကြည်ချက်ချင်း၊ ခံယူချက်ချင်း မျှဝေကြည့်သည့်အချိန်မျိုးများတွင် မိမိတို့သိထားသောအရာများကိုသာ အမှန်ဟု သတ်မှတ်၍မရနိုင်ပေ။ ရှာဖွေမှုတွေ များပြားလာသောခေတ်တိုင်းတွင် ယုံကြည်ချက်ချင်း၊ ခံယူချက်ချင်း ဝေးကွာတတ်သည့် သဘောတရားများမှာ အမြဲတမ်းရှိနေမည်သာဖြစ်သည်။ တစ်ပါးသူဘက်ကို ပိုမို၍ တွေးဆပေးခြင်းမျိုးများဖြင့်သာ စိုသောလက်တို့ကို မခြောက်စေပါဘဲ ခင်မင်မြတ်နိုးမှုများအား သက်တမ်းတိုးသင့်လှပေသည်။
ရောက်နေကြသောနေရာချင်း မတူညီကြသည့်အချိန်များတွင် ကျွန်တော်တို့တစ်တွေ မြင်နေရသည့်အရာများသည်လည်း ကွဲပြားခြား နာစွာရှိနေမည်ဖြစ်သည်။ အမြင်ချင်းမတူညီကြသည့်အခါ ညှိမရသော အချိန်များလည်း ရှိနေပေမည်။ သဘောထားချင်းလည်း ဝေးကွာစွာ ရှိနေတတ်ပါသည်။ သဘောထားချင်း မတူညီကြရုံဖြင့် တစ်ပါးသူ၏အယူအဆများကို အမှားဟူသောပေတံဖြင့် တိုင်းတာလို့မရနိုင်ပေ။ အမှန်တရားဟူသည် တစ်ခါတလေ သူ့ဘက်ကိုယ့်ဘက်တိုင်းတွင် ရှိနေတတ်ပေသည်။
မိမိတို့ထင်ထားသော အမှန်တရားသည် တစ်ပါးသူများအတွက် အမှန်တရားဖြစ်ချင်မှ ဖြစ်နိုင်ပါသည်။ တစ်ပါးသူတို့၏ အမှန်တရားများကိုလည်း မိမိတို့သဘောထားများနှင့် မတိုက်ဆိုင်၍ အမှားဟုမခေါ်ဆိုထိုက်ပါပေ။ မိမိတို့မြင်သော အမှန်တရားနှင့် တစ်ပါးသူတို့မြင်သော အမှန်တရားများဆိုသည် ကြည့်ရှုရပုံချင်း ကွာခြားနိုင်ပါသည်။ အမှန်တရားဆိုသည်မှာလည်း တစ်နေရာတည်းတွင် ရှိနေနိုင်သည်ဟု မသတ်မှတ်စေလိုပေ။ 
အမှန်တရားနှင့် အမှားတို့၏ မြင်အပ်ကြားအပ်သော နယ်နိမိတ်သည်ကား ကျယ်ပြောလှပေသည်။ အမှန်နှင့်အမှားတို့ဖြင့် ဖြတ်သန်းတွေးဆရသည့် လူမှုဝန်းကျင်မှ ရိုးရာယုံကြည်မှု ထုံးတမ်းဓလေ့တို့မည်သည် မတူညီကြသော အမြင်များကြားတွင် ဘေးထွက်ဆိုးကျိုးသည်ကား များလွန်းလှပေသည်။ ငြင်းခုံခြင်းများဖြင့် လွန်ဆွဲတတ်ကြသည်ကလည်း အန္တရာယ်များလွန်းလှပေသည်။
သူ့အမြင်၊ ကိုယ့်အမြင်များကို ကိုယ်မြင်နေရသည့်ဘက်မှနေ၍ တစ်ယူသန်စိတ်ထားတို့ဖြင့် ဝေဖန်အပြစ်ပြောဆိုရန် မသင့်လှပါပေ။ အမြင်ချင်းမတူညီသည့် အမှန်တရားများသည် လူတိုင်းလူတိုင်းတွင် ရှိနေတတ်ကြပေသည်။ မိမိတို့သိထားသောအရာများကိုသာ မျှဝေမှုပုံစံမျိုးဖြင့်သာ ဆွေးနွေးပြောကြားသင့်ပေသည်။ ထို့အတူပင် တစ်ပါးသူတို့ သိထားသော အရာများကိုလည်း မျှဝေခံစားမှုပုံစံမျိုးဖြင့်သာ နားထောင်သင့်လှပေသည်။ ငြင်းခုံဆွေးနွေးတတ်သည့် အတ္တရောသော မျှဝေမှုများကိုကား တတ်နိုင်သလောက် ရှောင်ရှားသင့်ပါသည်။
ယနေ့ ကျွန်တော်တို့တစ်တွေ၏ ပတ်ဝန်းကျင်များတွင် ငြင်းခုံတတ်သည့်အရာများမှာ များပြား၍နေပေသည်။ ငြင်းခုံမှုအမျိုးမျိုးတို့ထဲတွင် ကိုးကွယ်ယုံကြည်မှုများကို တည်ချက်ထား၍ ငြင်းခုံတတ်ကြသည်မှာ စိတ်မကောင်းစရာကောင်းလှပေသည်။ မိမိတို့၏ ယုံကြည်ကိုးကွယ်မှုနှင့် တစ်ပါးသူတို့၏ ယုံကြည်မှုများကို အပြစ်တင်၍ ငြင်းခုံကြခြင်းသည်ကား အန္တရာယ်များလွန်သည်မှာ အမှန်ပင်ဖြစ်သည်။ 
လူမျိုးတိုင်းတွင် ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှု ထုံးတမ်းဓလေ့များ ရှိကြပေသည်။ လူမျိုးတိုင်း၏ ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှု ထုံးတမ်းဓလေ့များဆိုသည်မှာ ကိုးကွယ်ယုံကြည်မှုများကို အခြေခံ၍သာ အများဆုံးဖြစ်တတ်ပေသည်။ မတူညီကြသော ရိုးရာယဉ်ကျေးမှု ထုံးတမ်းဓလေ့များကို တွေ့ကြုံကြသည့်အချိန်များတွင် တစ်ပါးသူတို့၏ ရိုးရာယဉ်ကျေးမှုထုံးတမ်းဓလေ့များကို တန်ဖိုးထားတတ်ဖို့ အထူးလိုအပ်ပါသည်။ တစ်ပါးသူတို့၏ ယုံကြည်မှုကို လေးစားတန်ဖိုးထားနိုင်ကြဖို့ရန် ဂရုစိုက်သင့်လှပေသည်။
တစ်ပါးသူတို့၏ ရိုးရာယဉ်ကျေးမှု ထုံးတမ်းဓလေ့များကို စော်ကားသလိုဖြစ်စေမည့် အပြောအဆိုများကိုလည်း ဂရုစိုက်ရပေမည်။ တစ်ပါးသူတို့ တန်ဖိုးထားရှိသောအရာများကို အနေအထိုင်အားဖြင့်လည်း ဂရုစိုက်ပေးရပေမည်။ သို့မှသာလျှင် လူအချင်းချင်း တန်ဖိုးထားတတ်သည့်စိတ်ဓာတ်များ ပိုမို၍ထွန်းကားလာပေမည်။ တစ်ပါးသူတို့၏ ယုံကြည်မှုများကို တန်ဖိုးထား လေးစားပေးခြင်းမျိုးဖြင့်လည်း ငြိမ်းချမ်းခြင်းများကို တည်ဆောက်လို့ရနိုင်ပါသည်။
မတူညီကြသော ရိုးရာယဉ်ကျေးမှုချင်း ထိပ်တိုက်တွေ့ဆုံကြသည့် အချိန်မျိုးများတွင် ကိုယ်အမူအရာ နှုတ်အမူအရာအနေနှင့် တစ်ပါးသူတို့အား စော်ကားသည့်ပုံစံမျိုးများမဖြစ်ရလေအောင် အထူးဂရုစိုက်သင့်ပေသည်။ မိမိတို့၏ အနေအထိုင် အပြောအဆိုတစ်ခုခုကြောင့် တစ်ပါးသူတို့ တန်ဖိုးထားသောအရာများကို ပြက်ရယ်ပြုမိသလို မဖြစ်စေရန်မှာ အထူးလိုအပ်ပါသည်။ တစ်ပါးသူတို့၏ ယုံကြည်မှုများကို အထင်သေးနိမ့်ချတတ်သော အကျင့်ဆိုးများကို ရှောင်ရှားရပေမည်။
ခေတ်မီသိပ္ပံနည်းစနစ်များ ပိုမိုထွန်းကားလာသော ယနေ့ခေတ်မျိုးတွင် ကိုးကွယ်ယုံကြည်မှုများနှင့်ပတ်သက်၍ အပြစ်တင်ငြင်းခုံကြဖို့ရန် ပိုမို လွယ်ကူကြပေသည်။ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုချင်း အားစမ်းတတ်ကြသည်ကလည်း အန္တရာယ်များလှပေသည်။ တစ်ဦးနှင့်တစ်ဦး လေးစားတန်ဖိုးထားမှုများ လျော့ကျလာသည့် အချိန်အခါမျိုးများတွင် ကိုးကွယ်ယုံကြည်မှုများကို မိမိတို့၏ တစ်ဖက်သတ်သောစံနှုန်းများနှင့် နှိုင်းယှဉ်တတ်ကြသည်မှာ လွဲမှားမှုတစ်ခုဟု ဆိုချင်မိပေသည်။ 
လက်တွေ့ဆန်ဆန်ကျင့်သုံးနိုင်သော ခေတ်မီနည်းပညာထွန်းကား မှုများအောက်တွင် ရိုးရာယဉ်ကျေးမှု ထုံးတမ်းဓလေ့များဆိုသည် လက်ခံနိုင်စရာများရှိသလို လက်မခံနိုင်စရာများလည်း ရှိတတ်ပေသည်။ မိမိတို့ နှင့်မတူညီရုံမျှဖြင့်သာ အပြစ်တစ်ခုအဖြစ်ထား၍ အပြစ်ဆိုဖို့ရန် မဖြစ်သင့်လှပေ။ ဘိုးဘွားတို့ထားရှိခဲ့သော ကိုးကွယ်ရာများနှင့် ရိုးရာယဉ်ကျေးမှု ထုံးတမ်းဓလေ့များကို စောင့်ထိန်းခြင်းမျိုးများဖြင့်သာ လက်ဆင့်ကမ်းသင့်ပေသည်။ တစ်နည်းအားဖြင့် ခေတ်သစ်ကိုတည်မှီ၍လည်း ကိုးကွယ်ရာတိုင်းနှင့် ရိုးရာယဉ်ကျေးမှု ထုံးတမ်းဓလေ့တိုင်းကို ပြင်ဆင်၍ မပြောင်းလဲသင့်ပေ။
အချုပ်အားဖြင့် ကိုးကွယ်ယုံကြည်မှုတိုင်းနှင့် ရိုးရာယဉ်ကျေးမှု ထုံးတမ်းဓလေ့များကို မိမိတို့၏ အမြင်တစ်ခုတည်းဖြင့် ပြုပြင်ခြင်းများကိုလည်း ရှောင်ကြဉ်ကြပါ။ ပြက်ရယ်ပြုသလိုဖြစ်စေမည့် ကိုယ်အမူအရာ နှုတ်အမူအရာများကိုလည်း ထိန်းသိမ်းကြပါ။ အမှန်တရားတိုင်းသည် ချစ်ခင်မှုဆီကို ရောက်ရှိကြသည်မဟုတ်ပေ။ အချို့သောအမှန်တရားတို့သည် အမုန်းတရားဆီသို့ ပို့ဆောင်ပေးတတ်ပေသည်။
ထို့အတူပင် အမှန်တရားများသည် အရောက်နောက်ကျတတ်သလိုပင် အမှန်တရား၏ နယ်နိမိတ်ဆိုသည်မှာလည်း ကျယ်ဝန်းလှပါကြောင်းနှင့် လူမျိုးတိုင်း၏ ရိုးရာယဉ်ကျေးမှုထုံးတမ်းဓလေ့များကို တန်ဖိုးထားလေးစားသင့်ပါကြောင်း ရေးသားလိုက်ရပါသည်။ 
ခိုင်မြင့်ဝေ

Source : The Voice