fbpx

ရန်ဖြစ်နေသည့် မိဘနှစ်ပါးကို ဝင်ရောက်ဖျန်ဖြေရာက သားဖြစ်သူ သေနတ်ကျည်ဆန်ထိမှန် သေဆုံး 

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဥဘွန်းရာ့ခ်ျဌာနီခရိုင်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ဖြစ်နေတဲ့ မိဘနှစ်ပါးကို ဝင်ရောက်ဖျန်ဖြေပေးရင်း သေနတ်ကျည်ဆန်သင့်ခဲ့ရတဲ့ သားဖြစ်သူဟာ သေဆုံးသွားပြီလို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

အသက် ၁၇ နှစ်ရွယ်ရှိ နောင့်ဖရုတ် ခေါ် နိုင်းပရီဝပ် ဖန်ခမ်းလာ ဆိုသူ အထက်တန်းကျောင်းသားလေးတဦးဟာ နိုဝင်ဘာ ၂ ရက်နေ့ ည ၁၀ နာရီကျော်မှာ သေနတ်ဒဏ်ရာရခဲ့တာဖြစ်ပြီး ဥဘွန်းရာ့ခ်ျဌာနီခရိုင် ဆေးရုံကြီးမှာ တက်ရောက်ကုသနေရာက မနေ့က အဆိုပါဒဏ်ရာနဲ့ သေဆုံးသွားတာလို့ သတင်းမှာ ဖော်ပြပါတယ်။ 

ဥဘွန်းရာ့ခ်ျဌာနီခရိုင် တောချဥဒုမ်းမြို့ မိုင်းတေချရပ်ကွက်မှာ နေထိုင်သူ နန်းရတ်တန၀ဒီ (၄၄ နှစ်)နဲ့ နိုင်းဝိဆုထစ် ဖန်းဖိင်း (၄၄ နှစ်) တို့ ဇနီးမောင်နှံဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်နေ့ညက စကားများ ရန်ဖြစ်ကြပြီး ဖခင်ဖြစ်သူက ပစ္စတိုသေနတ်ဆွဲထုတ်စဉ် သားဖြစ်သူက မိခင်ကို ပစ်ခတ်မှာစိုးလို့ ဝင်ရောက်ဟန့်တားခဲ့ရာက သေနတ်ကျည်ဆန် လွတ်ထွက်သွားပြီး သားကို ထိမှန်သွားတာပါ။ 

သားဖြစ်သူ ကြမ်းပြင်ပေါ် လဲကျသွားတာနဲ့ ဖခင်က ထွက်ပြေးသွားခဲ့ကြောင်း၊ အဲဒီနောက် အိမ်နီးချင်းတွေရဲ့ အကူအညီနဲ့ သားကို ဆေးရုံအမြန်တင်ခဲ့တယ်လို့ မိခင်က သတင်းထောက်ကို ပြောပါတယ်။ 

ရဲတပ်ဖွဲ့ဝင်တွေက အခင်းဖြစ်တဲ့ညမှာပဲ ဖခင် နိုင်းဝိဆုထစ်ကို သက်သေခံ သေနတ်နဲ့အတူ ရှာဖွေဖမ်းဆီးလိုက်ပါတယ်။

Tags:

Source : DVB