fbpx

မလုပ် မရှုပ် မပြုတ် ပိတ်ကား၏ နောက်ကွယ်

အစိုးရဌာနဆိုင်ရာဝန်ထမ်းတွေကို မလုပ်၊ မရှုပ်၊ မပြုတ်တဲ့လူတွေလို့ အများပြည်သူကြားမှာ ဝေဖန်ခံနေရတာ ကြာပါပြီ။ ဒီအတွဲလိုက်စကားလုံးဟာ အရင်တုန်းက အသံမကျယ်လောင်ခဲ့ပေမယ့် ဒီမိုကရေစီရောင် ခြည်သန်းလာတဲ့ ၂၀၁၀ နောက်ပိုင်းမှာတော့ ကျယ်လောင်စွာ ထွက်ပေါ်လာနေတာကို သတိပြုမိသူတိုင်း သိကြမယ်ထင်ပါတယ်။ 
ဝါးလုံးရှည်နဲ့ယမ်းပြီး အဲဒီလိုဝေဖန်ခံရတဲ့အပေါ် ဝန်ထမ်းအသိုင်းအဝိုင်းထဲမှာ နာတဲ့သူတွေရှိသလို ဒီစွပ်စွဲချက်က ကြားနေကျပဲလို့ သဘောထားပြီး အရေခွံထူသွားတဲ့သူတွေလည်း ရှိပါလိမ့်မယ်။ အမှန်တော့လည်း ဒီစွပ်စွဲချက်ဟာ ဝန်ထမ်းထုတစ်ရပ်လုံးကို လွှမ်းခြုံနိုင်လိမ့်မယ်လို့မထင်ပါဘူး။ မြင်ချင်တဲ့နေရာ ကွက်မြင်ပြီး စွပ်စွဲကြလေသလားဆိုတာ သံသယဖြစ်မိပါတယ်။
ဝန်ထမ်းထုထဲမှာ မလုပ်၊ မရှုပ်၊ မပြုတ်တဲ့ဝန်ထမ်းတွေရှိသလို ရိုးသားကြိုးစားပြီးတာဝန်ကျေတဲ့ ဝန်ထမ်းတွေလည်း တပုံကြီးပါ။ ဝန်ထမ်းရယ် လို့တော့မဟုတ်ပါဘူး။ အဖွဲ့အစည်းတိုင်း၊ လုပ်ငန်းတိုင်းမှာတော့ အလုပ်ကြိုးစားသူနဲ့ ခိုကပ်သူ၊ စိတ်ချယုံကြည်ရသူနဲ့ မယုံကြည်ရသူဆိုပြီး ရှိတတ်ကြပါတယ်။ လူရှိတဲ့နေရာမှာ အဆိုး၊ အကောင်းက ဒွန်တွဲနေတတ်ပါတယ်။ ဘာပဲဆိုဆို အများပြည်သူကြားမှာ ဝန်ထမ်းတွေအပေါ် ခုလိုဝေဖန်ပြီဆိုကတည်းက တစ်နေရာရာမှာ တစ်ခုခု လွဲမှားနေတာတော့ သေချာပါတယ်။
စာရေးသူက နိုင်ငံ့ဝန်ထမ်းတစ်ဦးပေမို့ ဒီစကားကို ကြားလိုက်တဲ့ ပထမဆုံးအချိန်မှာတော့ နားမလည်နိုင်သလို ဖြစ်ရပါတယ်။ နောက်ပိုင်းတော့ ဒီစကား ဘာကြောင့် ထွက်လာသလဲဆိုတာ နေတဲ့ပတ်ဝန်းကျင်နဲ့ အလုပ်ခွင်မှာ လေ့လာစူးစမ်းမိပါတယ်။ ဒီစွပ်စွဲချက်ပိတ်ကားရဲ့ နောက်ကွယ်မှာ ဘယ်အရာတွေများရှိလေမလဲ သိချင်စိတ်ပြင်းပြမိပါတယ်။
ပထမဦးစွာ မေးခွန်းလေးတစ်ခု မေးချင်ပါတယ်။ အလုပ်လုပ်တဲ့အခါ ဘာကြောင့် ငါ့ကို တာဝန်ပေးသင့်သလဲဆိုတာ စာဖတ်သူအနေနှင့် စဉ်းစားဖူးပါသလား။ လူတော်တော်များများက စဉ်းစားကြမယ် မထင်ပါဘူး။ ငါက ဒီအလုပ်မှာ ကျွမ်းကျင်လို့၊ လုပ်တာကိုင်တာ သေသပ်လို့၊ စနစ်ကျလို့၊ ခြေသွက်လက်သွက်မို့ ငါ့ကို တာဝန်ပေးသင့်တယ်လို့ ယူဆမိသူက လူတစ်ရာမှာ ဆယ်ရာခိုင်နှုန်းပဲ ရှိမယ်ထင်ပါတယ်။ အများစုကို ဒီမေးခွန်းမေးလိုက်ရင် ဘာဖြေရမလဲလို့ စဉ်းစားတွေဝေသူက ပိုများပါတယ်။ မိမိရဲ့ အားသာချက်ကို စဉ်းစားမိသူက အလုပ်ခွင်တစ်ခုမှာ လက်ချိုးရေတွက်လို့ရပါတယ်။
မစဉ်းစားကြရင်တောင်မှ အလုပ်ခွင်တစ်ခုမှာ ဝန်ထမ်းတစ်ဦးဟာ တာဝန်ပေးခံရတာ များလာရင် ငြိုငြင်တာတွေတောင် ရှိပါသေးတယ်။ သူများတွေ အေးအေးလူလူနေရရင် ကိုယ်လည်း အေးအေးလူလူ နေချင်ကြတယ်။ တချို့ကလည်း တာဝန်ကျေရုံလေးပဲ လုပ်ကိုင်ပြီးတော့ နေတတ်ကြတယ်။ ပြောရရင် မလုပ်၊ မရှုပ်၊ မပြုတ်လမ်းစဉ်ကို အားကျတယ်လို့ပဲ ပြောရမယ်ထင်ပါတယ်။ တက်တက်ကြွကြွ အလုပ်ကြိုးစားတာကို အားကျ အတုမယူဘဲ သက်သာရာသက်သာကြောင်း နေရတဲ့အမူအကျင့်ကိုပဲ အားကျနေကြတာ အများစုမဟုတ်ရင်တောင် အနည်းစုထက် ပိုမယ်ထင်ပါတယ်။ လူတွေရဲ့ ပင်ကိုသဘာဝကိုက သက်သောင့်သက်သာနေရတာကို ပိုမိုနှစ်ခြိုက်လေ့ ရှိတတ်ကြပါတယ်။
ဒီမလုပ်၊ မရှုပ်၊ မပြုတ်လမ်းစဉ်က စာရေးသူတို့နိုင်ငံမှာ စနစ်က တွန်းပို့ခဲ့တဲ့ လက်ဆင့်ကမ်းအစဉ်အလာလိုဖြစ်နေတာ ဆယ်စုနှစ်နဲ့ချီနေပါပြီ။ ခြေရာပြန်ကောက်ရရင် ယခင်အစိုးရအဆက်ဆက် အထူးသဖြင့် ၁၉၆၀ နောက်ပိုင်းကနေ စတင်လာတယ်လို့ ပြောရမှာပါ။
ဝန်ထမ်းတွေကြားထဲမှာ ဖြစ်နေတာက လစာတူတူရတာချင်းအတူတူ သူက သက်သောင့်သက်သာနေရပြီးတော့ ငါ့ကိုကျ ခိုင်းလိုက်တာဆိုပြီး ခိုင်းတဲ့သူကို မတရားသလိုလို ဘက်လိုက်သလိုလို ထင်မြင်ကြတာကို တွေ့ရပါတယ်။ အလုပ်လုပ်ရာမှာ တွယ်ကပ်နေတဲ့သူတွေ၊ ခိုကပ်နေတဲ့သူတွေ များနေတယ်လို့ ဆိုရမှာပါ။ မိမိက သူ့ထက်တော်လို့ ခိုင်းတာပဲလို့ မြင်သူက နည်းပါးပြီး သက်သာရာ သက်သာကြောင်း အေးအေးလူလူ နေချင်တဲ့သူက ပိုများတာတွေ့ရပါတယ်။ ကိုယ်နဲ့မဆိုင်ရင် မလုပ်ချင်တဲ့သူတွေက မိမိကို တာဝန်ပေးထားတဲ့ကိစ္စမှအပ အခြားသောအလုပ်တွေကို လုပ်ကိုင်ဖို့ လက်ရှောင်ကြတယ်။ ပေးထားတဲ့အလုပ်ထက် ပိုမလုပ်ချင်ကြဘူး။ အကြီးအကဲ ဆိုသူတွေကလည်း တော်တဲ့လူတွေ၊ စိတ်ချရတဲ့လူတွေကိုပဲ ဖိခိုင်းနေတာကို တချို့ရုံးတွေမှာ တွေ့မြင်နေရဆဲ ဖြစ်ပါတယ်။
ဒီတော့ အလုပ်ခွင်တစ်ခုမှာ တော်တဲ့သူကိုချည်း ဖိခိုင်းတာကလည်း မှန်ကန်တဲ့စီမံခန့်ခွဲရေးနည်းလမ်းတော့ မဟုတ်ပါဘူး။ အကြီးအကဲဖြစ်သူဟာ တော်တဲ့သူရော မတော်တဲ့သူပါ တာဝန်မျှတစွာပေးဖို့ လိုပါတယ်။ အားကိုးစိတ်ချရတယ်ဆိုပြီး တစ်ဦးတစ်ယောက်တည်းကိုပဲ ရှိသမျှ တာဝန်တွေ ပေးနေပြီးတော့ အသုံးမတည့်တဲ့သူကို ချောင်ထိုးထားတာဟာလည်း ဖြစ်သင့်တဲ့အရာမဟုတ်ဘူးလို့ ထင်ပါတယ်။ လေ့ကျင့်ပေးရမယ့်သူကို လေ့ကျင့်ပေးပြီးတော့ ဆွဲခေါ်ဖို့လိုပါတယ်။ တုံးနေတဲ့ဓားကို ထက်လာအောင် သွေးရမှာဖြစ်သလို ထက်နေတဲ့ဓားကိုလည်း လုံးပါးပါးမသွားအောင် အနားပေးဖို့ သတိပြုကြရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဌာနတော်တော်များများမှာတော့ မိမိထိုင်ခုံလှုပ်မှာ ကြောက်တဲ့သူတွေက စိတ်ချရသူ၊ သွက်လက်သူ၊ အမိန့်နာခံတတ်သူတွေကိုပဲ တာဝန်ပေးတတ်ကြပြီးတော့ အပျင်းထူထူ လက်ကြောမတင်း တလွဲလုပ်တဲ့သူတွေကိုတော့ ဘာသိဘာသာ ထားလိုက်ကြတာ တွေ့ရပြန်ပါတယ်။ အလုပ်လုပ်တဲ့သူတွေနဲ့ပဲ အလုပ်ဖြစ်အောင် လုပ်သွားတဲ့အခါ အလုပ်မလုပ်တဲ့သူတွေ၊ ကျွမ်းကျင်မှုအားနည်းတဲ့သူတွေက ဘေးရောက်မှန်းမသိရောက်သွားကြတယ်။ ဒီဟာကနေ မလုပ်၊ မရှုပ်၊ မပြုတ်အဖွဲ့ဝင်များ ဖြစ်သွားပြီး နောက်ဆုံး အလုပ်ခွင်မှာ ဝန်နဲ့အားမမျှဘဲ တကယ်အလုပ်လုပ်တဲ့သူတွေက မနိုင်ဝန်ထမ်းရတယ်။ ဒီတော့ စိတ်ဓာတ်တွေကျပြီး အလုပ်စွန့်ခွာကြတယ်။ မလုပ်တဲ့သူတွေကတော့ အချိန်ကြာလာတာနဲ့အမျှ အလုပ်နဲ့ ကင်းကွာသွားပြီး နဂိုထက် ပိုတုံးသွားကြပြန်ရော။
ဒါ့အပြင် အလုပ်ကို မလုပ်ရရင် ပြီးရော။ မလုပ်တော့ မရှုပ်ဘူး။ မရှပ်တော့ ဘာအခက်အခဲ အကျပ်အတည်းမှလည်း မတွေ့ရတဲ့အခါ စိတ်ချမ်းသာတယ်လို့ ခံယူထားသူကလည်း ရှိပါသေးတယ်။ ဘာမှမလုပ်ရဘဲ လစာရနေသူကို ကြိတ်အားကျနေသူတွေလည်း ရှိပါသေးတယ်။ အလုပ်လုပ်ဖို့ဝင်လာသူက မိမိလုပ်ရမယ့်အလုပ်ကို မလုပ်ချင်ဘဲ လစာကို အချောင်လိုချင်တယ်ဆိုရင် အစကတည်းက အလုပ်မလုပ်တာပဲ ကောင်းပါတယ်။ အဲဒီရုံးအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်သွားရင် ရုံးအတွက်ရော နိုင်ငံအတွက်ပါ အများကြီးနစ်နာပါတယ်။ 
လေ့လာရသလောက် အစိုးရရုံးအလုပ်ဆိုတာအပြင်က ကုမ္ပဏီ အလုပ်တွေထက် အများကြီး သက်သာပါတယ်။ အပြင်က ကုမ္ပဏီတွေမှာ တစ်နေ့ကို အလုပ်ချိန် အနည်းဆုံး ၉ နာရီဆိုရင် အစိုးရရုံးတွေမှာက တစ်နေ့ကို အလုပ်ချိန် ၇ နာရီခွဲသာ လုပ်ရပါတယ်။ ဒါတောင် အချိန်ပြည့် မနားတမ်းလုပ်ရတာ မဟုတ်ပါဘူး။ တစ်နေ့ကို တကယ်အလုပ်လုပ်ရတာက ၆ နာရီ လောက်ပဲလုပ်ရတာပါ။ ဒီနေရာမှာ မေးစရာရှိပါတယ်။ အလုပ်ချိန်မတူတာ မပြောနဲ့၊ လစာရတာချင်း တူသလားလို့ စောဒက တက်စရာရှိပါတယ်။ ဒီမေးခွန်းဖြေရရင် မတူဘူးလို့ပဲ ဖြေရပါလိမ့်မယ်။ တကယ်လည်း လစာချင်း မတူပါဘူး။ လစာပမာဏ နည်းခြင်း၊ များခြင်းထက် အလုပ်လုပ်ချင်စိတ်က ပိုအရေးကြီးတယ်လို့ ယူဆမိပါတယ်။
ဝန်ထမ်းတော်တော်များများကို လေ့လာကြည့်တဲ့အခါ အသစ်ဝင်လာတုန်းကတော့ အားတက်သရော လုပ်မယ်၊ ကိုင်မယ်ဆိုတဲ့ စိတ်သတ္တိ အပြည့်တွေနဲ့ ဝင်လာတဲ့သူတွေဖြစ်ပေမယ့် ဝင်လာလည်းပြီးရော သိပ်မကြာလိုက်ဘူး။ နဂိုဝန်ထမ်းအဟောင်းတွေက အရောင်ဆိုးလိုက်ကြတာ တွေ့ရတယ်။ ရုံးအထာလေးတွေ၊ လူကြီးအထာလေးတွေ၊ ပျင်းရိနည်းတွေ၊ ရှောင်လင်သိုင်းကွက်လေးတွေပါ အပိုဆောင်းသင်ပေးလိုက်ကြတယ်။ ဒီတော့ တက်ကြွလှပါတယ်ဆိုတဲ့လူတောင် ပတ်ဝန်းကျင်ရဲ့ စေ့ဆော်ပုံဖော်မှုကြောင့် အဲဒီပတ်ဝန်းကျင်နဲ့ တစ်သားတည်းဖြစ်သွားပြန်ရော။
လိုရင်း ပြန်ဆက်ရရင် မလုပ်၊ မရှုပ်၊ မပြုတ် လမ်းစဉ်ကို ဘာလို့ လူတွေလိုက်ကြသလဲလို့ လေ့လာကြည့်တဲ့အခါ အဓိကအချက်တစ်ချက်ကို သွားတွေ့ရပါတယ်။ အဲဒါက တာဝန်ယူမှု၊ တာဝန်ခံမှု မရှိရာကနေ ဆင်းသက်လာတာကို တွေ့ရပါတယ်။ အခြားအကြောင်းတရားများလည်း ရှိနိုင်ပါတယ်။ သို့ပေမဲ့ ဒီအချက်ကတော့ ပင်မရေသောက်မြစ်တစ်ခုလို ဖြစ်နေတာ တွေ့ရပါတယ်။
လုပ်တဲ့သူက ရှုပ်မယ်၊ ရှုပ်တာများတဲ့အခါ ပြုတ်ဖို့ဘက်ကို တဖြည်းဖြည်း နီးလာတယ်။ ဒီတော့ မလုပ်၊ မရှုပ်၊ မပြုတ်လမ်းစဉ်ကပဲ သက်သာရာသက်သာကြောင်း မက်မောစရာ ကျင့်စဉ်တစ်ခုဖြစ်လို့ လူတွေ ကျင့်သုံးနေကြသလား မသိပါဘူး။
တစ်ဖက်မှာလည်း လုပ်တဲ့သူအတွက် တာဝန်ယူ၊ တာဝန်ခံပေးမယ့် အားကိုးစရာဒေါက်တိုင် ပျောက်ဆုံးနေပါတယ်။ ကိုယ်ဖြစ်ကိုယ်ခံ၊ မိုးမပြို ပြိုခဲ့သည်ရှိသော် ဆိုတဲ့စကားတွေ ပတ်ဝန်းကျင်မှာ ခဏခဏ ကြားနေရတော့ တာဝန်ယူမှုကင်းမဲ့တဲ့ အပြုအမူတွေပဲ ပေါက်ဖွားလာတာ ဆန်းတော့ မဆန်းပါဘူး။ လုပ်သာလုပ်၊ မင်း အမှားကို ငါတာဝန်ခံမယ်ဆိုတဲ့ တာဝန်ယူမှုဘောင်က ပျောက်ဆုံးနေတယ်လို့ ခံစားရပါတယ်။
ဒီတော့ လုပ်တဲ့သူကလည်း ခိုင်းမှလုပ်မယ်၊ မခိုင်းရင် မလုပ်ဘူး ဆိုတဲ့စိတ်ဓာတ်တွေ ဝင်လာကြရော။ ဒါလည်း သဘာဝကျပါတယ်။ ကိုယ်ဖြစ် ကိုယ်ခံဆိုတဲ့ ဝန်းကျင်တစ်ခုမှာ ဘယ်သူကများ ကိုယ့်သေတွင်းကိုယ်တူးမှာလဲ။ ဘယ်သူကများ စေတနာပိုနေဦးမှာလဲ။ ဘယ်သူကများ တီထွင်ကြံဆနေဦးမှာလဲ။ ဒီဟာကနေ မလုပ်၊ မရှုပ်၊ မပြုတ် ဘဝကို ရောက်သွားကြတယ်။ အလုပ်အပေါ် စေတနာထားပြီး တီထွင်ကြံဆ လုပ်ကိုင်လာအောင် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ရှိဖို့လိုနေတာ တွေ့ရပါတယ်။
အလုပ်ခွင်တွေမှာ အရေးတကြီးလိုအပ်နေတာက လုပ်လို့ ရှုပ်လာတဲ့အခါ မပြုတ်ရအောင် တည့်မတ်ပေးမယ့်၊ တာဝန်ခံပေးမယ့် အားကိုးအားထားရာပဲ ဖြစ်ပါတယ်။ လုပ်သာလုပ်ကွာ၊ ဖြစ်လာတဲ့ပြဿနာ ငါရှင်းမယ်ဆိုတဲ့ စိတ်ချအားကိုးရတဲ့ တာဝန်ခံမှုက အရေးတကြီးလိုအပ်နေတာ တွေ့ရပါတယ်။ တာဝန်ခံတဲ့နေရာမှာလည်း စည်းမဲ့ ဘောင်မဲ့ လုပ်ချင်ရာလုပ်တာကို တာဝန်ခံရမယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ဥပဒေ၊ ညွှန်ကြားချက်တွေနဲ့အညီ ပြတ်ပြတ်သားသား ဆောင်ရွက်သူကို နောက်တွဲပြဿနာ ဖြစ်လာတဲ့အခါ တာဝန်ခံပေးဖို့ ဆိုလိုရင်းပါ။ 
တာဝန်ခံရတယ်ဆိုတာ အပြောလွယ်သလောက် အလုပ်တော့ ခက်ပါတယ်။ ဘာလို့ဆို မိမိထိုင်ခုံကို အသေဆုပ်ကိုင်ထားတဲ့ လူ့အဖွဲ့အစည်းမှာ လူတစ်ဦးအတွက် တာဝန်ခံပေးရတယ်ဆိုတာ ထင်သလောက်လွယ်တာတော့ မဟုတ်ပါဘူး။ လုပ်မှားကိုင်မှားဖြစ်သွားလို့ အရေးယူခံရမယ့်ကိစ္စဆို လုပ်တဲ့သူရော တာဝန်ခံသူပါ ဒဏ်ထိမှာဆိုတဲ့အခါ ဘယ်သူမှလဲ ခပ်ပေါပေါ တာဝန်ခံရဲပါ့မလဲ။
အဓိကတော့ တစ်ဦးချင်း၊ တစ်ယောက်ချင်းရဲ့ Capacity အားနည်းတာရယ်၊ Professional မဆန်တာတွေကြောင့် တာဝန်ခံရမယ့်သူတွေလည်း တာဝန်မခံကြတာလား ဆက်စပ်တွေးမိပြန်တယ်။ ကိုယ်တာဝန်ခံပေးရမယ့်သူက တကယ်ယုံကြည်စိတ်ချရတယ်၊ အလုပ်ကြိုးစားတယ်၊ Bright ဖြစ်တယ်ဆိုရင် တာဝန်ခံပေးရသူက ရှောရှောရှူရှူ တာဝန်ခံပေးကြတာ တွေ့ရတယ်။ 
ဒီလိုမှ မဟုတ်ဘဲ ကိုယ်တာဝန်ခံပေးရမယ့်သူက အလုပ်ကို လက်ကြောမတင်းဘူး၊ ပြောလည်း နားမထောင် ဇွတ်တရွတ်လုပ်တတ်ပြီး မပါးနပ်တဲ့သူဆိုရင် ကိုယ်ဖြစ်ကိုယ်ခံဆိုတဲ့သဘောနဲ့ တာဝန်ခံဖို့ လက်ရှောင်လိုက်ကြတာ တွေ့ရတယ်။ ဟုတ်တာပေါ့၊ သူ့ကို တာဝန်ခံလိုက်လို့ ကိုယ်လည်း မထုသာမထောင်းသာ အပူမိမှာဆိုရင် တာဝန်မခံပေးနိုင်တာကလည်း သူ့ဘက်ကကြည့်တော့ မှန်နေပြန်ရော။ လူဆိုတာ ကိုယ်လုပ်တဲ့အမှားကိုပဲ ကိုယ်ခံယူလိုကြတာပါ။ သူတစ်ပါးလုပ်လိုက်တဲ့အမှားကြောင့် အလကားနေ ကိုယ်ပါ လူညံ့အဖြစ်မခံချင်ကြတာ လူတိုင်းရဲ့ ပင်ကိုခံယူချက်ပါပဲ။
စာရေးသူငယ်ငယ်ကဆို Professional ဆန်တာ၊ ကြေးစား ဆန်တာကို သိပ်နားမလည်ခဲ့ဘူး။ နောက်ပိုင်းဆို Professional ဆန်ခြင်းရဲ့ အဓိက မူရင်းသဘောက စိတ်ချယုံကြည်ရခြင်းပဲလို့ နားလည်လာမိတယ်။ သူ့ကိုခိုင်းလိုက်ရင် စိတ်ချရတယ်ဆိုတဲ့ ယုံကြည်မှုပဲ ဖြစ်တယ်။ လွဲချော်မှုမရှိဘူး။ တစ်ဆို တစ်ဖြစ်တဲ့သူ။ တစ်ဖြစ်ရမှာကို နှစ်ဖြစ်ပြီးမှ တစ် ဘာကြောင့်မဖြစ်ရလဲဆိုပြီး ဆင်ခြေပေးသူ မဟုတ်ဘူး။ ဒါကြောင့်လည်း ပရော်ဖက်ရှင်နယ်ပီသသူကို လူတွေ လေးစားတန်ဖိုးထားပြီး အားကိုးကြတာပါ။
ချုပ်လိုက်ရင် မလုပ်၊ မရှုပ်၊ မပြုတ်လမ်းစဉ်ဟာ တာဝန်ခံမှုမရှိခြင်းကြောင့် ဖြစ်လာတယ်ဆိုရင် တာဝန်ခံမှုမရှိတာဟာလည်း မလုပ်၊ မရှုပ်၊ မပြုတ်ဆိုတဲ့ စိတ်ဓာတ်ပိုင်ရှင်တွေကြောင့်လို့ ကောက်ချက်ချရမလို ဖြစ်လာနေပါတယ်။ ဒီနှစ်ခုဟာ အပြန်အလှန် ဆက်စပ်နေပါတယ်။ ဒီနှစ်ခုစလုံးဟာ မကောင်းတဲ့အမူအကျင့်တွေလို့ ဆိုလို့ရပေမယ့် ဘယ်ဟာက အရင်ဖြစ်လာသလဲဆိုတာ တွေးစရာ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ကြောင့်လား၊ စနစ်ကြောင့်လား။
နောက်ဆုံး မလုပ်၊ မရှုပ်၊ မပြုတ်လမ်းစဉ် ပပျောက်ဖို့ဘယ်ဟာကို အရင်တိုက်ဖျက်ရမလဲဆိုတာ တွေးစရာကောင်းတယ်။ အဓိကအားဖြင့်တော့ အလုပ်လုပ်တဲ့အခါ တာဝန်ရှိတဲ့ အကြီးအကဲက တာဝန်ခံပေးမယ်၊ လုပ်ကိုင်တဲ့သူတွေကလည်း စေတနာပါပါနဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အားကုန်ထုတ်၍ ဆောင်ရွက်ကြမယ်၊ တာဝန်တွေလည်း မျှမျှတတ စီမံခန့်ခွဲပေးမယ်ဆိုရင်တော့ လုပ်ငန်းတွေလည်း ပိုမိုအောင်မြင်ပြီးတော့ ဝေဖန်မှုတွေလည်း လျော့နည်းသွားမှာ ဖြစ်ပါတယ်။
အဓိကကတော့ မိမိကိုယ်ကိုယ် ဘာကြောင့်တာဝန်ပေးသင့်သလဲဆိုတာကို မသုံးသပ်မိသူတွေရဲ့ ကိုယ်တိုင် မတည်ဆောက်မှုကြောင့်လို့ပဲ သုံးသပ်ရမယ်ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အနာဂတ်နိုင်ငံတော်တည်ဆောက်တဲ့နေရာမှာ မလုပ်၊ မရှုပ် ဝန်ထမ်းတွေနဲ့ တည်ဆောက်လို့ရမှာမဟုတ်ဘဲ စိတ်ရောကိုယ်ပါ နှစ်မြုပ်ပြီး ကိုယ်စွမ်းဉာဏ်စွမ်းအပြည့်အဝဖြင့် ဆောင်ရွက်တဲ့ ကျွမ်းကျင်ဝန်ထမ်းတွေနဲ့ တည်ဆောက်မှပဲ ပိုမြန်ဆန်လာမယ်လို့ ယုံကြည်မိပါတယ်။
သားညိုထွေး

Source : The Voice