fbpx

အနာဂတ်အရေး မျှော်တွေးကြစေလိုပါသည်

ယခု ၂၀၁၉၊ အောက်တိုဘာလအတွင်း၌ ကြားသိဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများမှာ ဝမ်းသာစရာကောင်းလှသလို ဝမ်းနည်း ဖို့ရန်လည်းကောင်းလှပါသည်။ အဘယ့်ကြောင့်ဆိုသော် အောက်တိုဘာ လ ၂၄ ရက်နေ့က လူမှုကွန်ရက်ထက်၌ နိုင်ငံဝန်ထမ်း (အမြဲတမ်းဝန်ထမ်း) များ လစာတိုးပြီဟူသော သတင်းတစ်ပုဒ် ပျံ့နှံ့လာခဲ့ပါသည်။ သို့သော်လည်း နောက်တစ်နေ့တွင်မူ အဆိုပါသတင်းမှာ မမှန်ကန်ကြောင်းကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ထို့အတူ အောက်တိုဘာလ ၂၆ ရက်နေ့ တွင် ကျင်းပခဲ့သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲ၌ ဗိုလ်ချုပ်စိုးနိုင်ဦးက နိုင်ငံတော်နှင့် တပ်မတော်က ငြိမ်းချမ်းရေး ဖိတ်ခေါ်နေစဉ် ပါဝင်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ဖိတ်ခေါ်အသိပေးခဲ့ပါသည်။ 
သို့သော် ထိုနေ့၌မှာပင်လျှင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းချောင်းဝနှင့် ပြိန်းတောကျေးရွာအကြား ရေပျက်ကျေးရွာ ဖောင်ဆိပ်အရောက်တွင် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) က ရွှေနဒီ အမြန်ရေယာဉ်ပေါ်၌ လိုက်ပါစီးနင်းလာကြသူများကို ဓားစားခံလုပ်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။ ငြိမ်းချမ်းရေးအတွက် မှန်းဆ၍ ပျော်ရလု ဆဲဆဲ ထိတ်လန့်စရာအဖြစ်က ကပ်ငြိပါလာခဲ့သည်ဟု ဆိုရပေမည်။ 
ထို့အပြင် အောက်တိုဘာလ ၂၈ ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း (MICC-2) တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA လေးနှစ်မြောက် နှစ်ပတ်လည်ကို စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင်ဖြင့် ကျင်းပခဲ့ပါသည်။ သို့သော်လည်း ထို နှစ်ပတ်လည်အခမ်းအနားသို့ ရှမ်းလက်နက်ကိုင်အဖွဲ့ RCCS မတက်ရောက်နိုင်ခဲ့သဖြင့် ပြည်သူများနည်းတူ အခြားသောအဖွဲ့ဝင်များ စိတ်မကောင်းဖြစ်ခဲ့ကြရပြန်ပါသည်။ ဤမျှတင်မဟုတ်။ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ရဲဘော်ကြီးများကျဆုံးခဲ့သည့် အတွင်းဝန်ရုံးဟောင်းတွင် အဆင့်မြင့်အနှိပ်ခန်း ဖွင့်ခဲ့သဖြင့် ပြည်သူလူထုအကြား ဝေဖန်မှုမြင့်တက်ခဲ့ရပြန်ပါသည်။ ဆိုရလျှင် ယခုလအတွင်း၌ ပြည်သူများအကြား ပွဲဆူစေခဲ့သည့်သတင်းများ၊ ဖြစ်ရပ်များက များပြားလွန်းလှပါသည်။ 
ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် YBS ယာဉ်များနေရာတွင် Seania ကားများဖြင့် ပြောင်းလဲပြေးဆွဲမည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆို၍ မကြာမီမှာပင် YBS ရှယ်ယာ ရှင်များ၏ အစည်းအဝေးရုပ်သံ ဗီဒီယိုဖိုင်မှာ လူမှုကွန်ရက်ထက်၌ ပျံ့နှံ့လာခဲ့ပါသည်။ ထို့အပြင် ကညနမှ ယာဉ်အမည်ပြောင်းမူဝါဒ အသစ်တစ်ရပ် ထုတ်ပြန်ခဲ့ပြီးသည့်နောက် ထိုထုတ်ပြန်ချက်အရ အခွန်ပေးဆောင်ရမည့်အချက်ကို လက်မခံနိုင်ဟူသော သတင်းစာရှင်းလင်းပွဲတစ်ခု အထမြောက်ခဲ့ပြန်ပါသည်။ ထိုသို့ဖြင့် ဝမ်းသာစရာများနှင့်အတူ ယှဉ်တွဲကပ်ငြိပါလာသည့် ဝမ်းနည်းထိတ်လန့်စရာသတင်းများက ယခုလ အတွင်း၌ပင်လျှင် ကုန်နိုင်တော့လိမ့်မည်မထင်။
ဤနေရာတွင် ၂၀၁၉၊ အောက်တိုဘာလ ၃၀ ရက်နေ့ထုတ် The Voice Daily သတင်းစာမှ အယ်ဒီတာ၏ မှတ်သားသတိပြုထိုက်စရာ ကောင်းလှသည့် အာဘော်အား အနည်းငယ်လက်ဆင့်ကမ်းဝေမျှလိုပါသည်။ 
“လက်ရှိအချိန်တွင် ကြုံတွေ့နေရသော အခြေအနေအရပ်ရပ်သည် မူလကိစ္စ တစ်နည်းအားဖြင့် လာရင်းကိစ္စနှင့် တဖြည်းဖြည်းဝေးကွာနေသည်မှာ သေချာနေပေရာ ဒီမိုကရေစီနိုင်ငံသားကိစ္စနှင့် ပတ်သက်နေသည့် အင်အားစုအားလုံးအနေနှင့် ဓမ္မဓိဋ္ဌာန်ကျသည့်အဖြစ်၊ လက်တွေ့ကျသည့် လုပ်ကိုင်ဆောင်ရွက်မှုများဖြင့် ပြဿနာများနှင့် အခက်အခဲများကို အတူတကွ တက်တက်ကြွကြွ ပူးပေါင်းဖြေရှင်းသင့်ပြီ” ဟု နှိုးဆော်တိုက်တွန်း သတိပေးထားပါသည်။ 
မူလကိစ္စဆိုသည်မှာ တိုင်းရင်းသားလူမျိုးစုများ တန်းတူညီတူဖြစ်ရေးကို အခြေခံသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဟုဆိုပါက မှားလိမ့်မည်မထင်ပေ။ သို့သော်လည်း ထိုကဲ့သို့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်ရန် ကြိုးပမ်းနေသော လက်ရှိ အာဏာရအစိုးရအနေနှင့်မူ အချိန်နှင့်အမျှ ရင်ဆိုင်ဖြေရှင်းနေရသည့်ပြဿနာများက မနည်းလှပေ။ တရားရေးမဏ္ဍိုင်တည့်မတ်ခိုင်မာရေး၊ အခြေခံအလုပ်သမားများ၏အခွင့်အရေးများ တန်းတူညီမျှရရှိနိုင်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့်အတူ အိမ်နီးချင်းနိုင်ငံအချို့၏ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး စိန်ခေါ်မှုများကို ဖြေရှင်းရင်းနှင့်ပင် လက်ရှိသက်တမ်းကုန်ဆုံးဖို့ရန် တစ်စထက်တစ်စ နီးကပ်လာခဲ့ပြီဖြစ်သည်။ သို့သော်လည်း ပဲ့နင်း ဦးထောင်၊ ဦးထောင် ပဲ့နင်း ဆိုသကဲ့သို့ မည်သည့်ကဏ္ဍကိုမှ အကောင်းဆုံး မထိန်းချုပ်နိုင်သေးဟု ဆိုရမည်ဖြစ်သည်။ 
“နောင်အနှစ် နှစ်ဆယ်ရောက်ရင် မြန်မာနိုင်ငံဟာ စင်ကာပူနိုင်ငံကို ကျော်ရမယ်” ဟူသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ စကားကို အမှတ်တရရှိ၍ နေကြပါလိမ့်ဦးမည်။ အဆိုပါစကားကို လူထုခေါင်းဆောင်အနေနှင့် တရားလက်လွတ် ပြောခဲ့ခြင်းမဟုတ်။ သူ၏ ရင်ဝယ် သားသမီးများနှင့်မခြားသော ပြည်သူလူထုတစ်ရပ်လုံးကို ယုံကြည်အားကိုး သည့်စိတ်ဖြင့် ရဲရဲဝံ့ဝံ့ ပြောဆိုခဲ့ခြင်း ဖြစ်ပါသည်။ 
သို့သော်လည်း နိုင်ငံ့ခေါင်းဆောင်တစ်ယောက် သို့မဟုတ် လူထု ခေါင်းဆောင်တစ်ယောက်အနေနှင့် မည်မျှပင် နိုင်ငံနှင့်လူမျိုးအား ကောင်းစားမြင့်မားစေချင်ပါသည်ဟုဆိုနေစေကာမူ၊ ကြိုးပမ်းနေစေကာမူ ထို ဦးဆောင်သူ၏နောက်၌ရှိသော ပြည်သူလူထုတစ်ရပ်လုံးက အားကြိုးမာန် တက် မပါဝင်ဘဲ စိတ်ဝမ်းကွဲနေပါက လက်တွေ့ဖြစ်ပေါ်လာလိမ့်မည် မဟုတ်ပေ။ ပြည်သူလူထုအနေနှင့် မိမိတို့ခေါင်းဆောင်၏ဆန္ဒ၊ မိမိတို့ ယုံကြည်အားကိုးရသော အစိုးရ၏ရည်မှန်းချက်၊ မိမိတို့ မျှော်လင့်ချက်များ ပြည့်ဝဖို့ရန်အတွက် တစ်ဦးတစ်ယောက်ချင်းစီ၏ အခြေခံစိတ်ဓာတ်များ ကို ပြုပြင်ပြောင်းလဲပစ်ဖို့ရန် အထူးလိုအပ်လှပါသည်။ မိမိတို့ လိုချင်တပ်မက်မှုကို နှုတ်ဖြင့် ကြွေးကြော်တည်ဆောက်နေ၍မရနိုင်။ ကိုယ်တိုင် မပါဝင် မတည်ဆောက်ပါက ကောင်းမွန်သည့်ပြောင်းလဲမှုကို ရရှိနိုင်လိမ့်မည်မဟုတ်သည်က သေချာလှပါသည်။ 
တိုင်းရင်းသားအားလုံး တန်းတူညီမျှဖြစ်ရေးကို အခြေခံသော ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရာတွင် ငြိမ်းချမ်းရေးသည် အခြေခံအုတ်မြစ်ဖြစ်သည်။ ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် အတားအဆီးများရှိနေနိုင်သကဲ့သို့ အခြေခံအလုပ်သမားတို့၏ဘဝ တိုးတက်ပြောင်းလဲဖို့ရန် ကြိုးပမ်းရာတွင်လည်း မမြင်နိုင်သော အမှောင့်အဖျက်များက ရှိနေဆဲဖြစ်သည်။ ထိုအခက်အခဲများကို အောင်မြင်စွာ ကျော်လွှားဖြတ်သန်းနိုင်ဖို့ရန်ဆိုသည်မှာ ခေါင်းဆောင်ကောင်းရှိနေရုံနှင့်မရ။ နောက်လိုက်ကောင်းများ ရှိနေဖို့ရန်လည်း လိုအပ်လှသည်ပင် မဟုတ်ပါလား။ 
နိဒါန်းတွင် ယခုရက်ပိုင်းများ၌ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များစွာတို့၏ ဝမ်းမြောက်ကြည်နူးစရာများနှင့် ကပ်ငြိပါလာသည့် ထိတ်လန့်ဝမ်း နည်းစရာများကို တင်ပြခဲ့ပြီးဖြစ်ပါသည်။ ယနေ့ ပြည်သူများအလိုရှိနေသော စည်းကမ်းပြည့်ဝ၍ ခွင့်တူညီမျှသော စံနှုန်းပြည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာတွင် ယခုကြုံတွေ့ရင်ဆိုင်နေကြရသည့် အဖြစ်မျိုးများနှင့် ရှောင်ကွင်းနိုင်ကြဖို့ရန်လိုအပ်လှပါသည်။ မည်သည့်ကဏ္ဍ၊ မည်သည့်အဖွဲ့အစည်းတွင်း၌တွင်မဆို ဦးဆောင်သည့် ခေါင်းဆောင်ကောင်းအနေနှင့် ခေါင်းဆောင်ပီသဖို့ရန် အထူးလိုအပ်လှပါသည်။ ထို့အတူ အတူတကွ လိုက်ပါပါဝင်တည်ဆောက်ကြမည့် အဖွဲ့ဝင်များ သို့မဟုတ် ပြည်သူများသည်လည်း မိမိတို့၏ဆန္ဒ၊ အတ္တ၊ လောဘများကို ရှေ့တန်းမတင်ကြဘဲ အနာဂတ်အရေးကို မျှော်တွေး၍ ပေးဆပ်ပြုပြင်ပြောင်းလဲ လိုစိတ်ရှိကြရလိမ့်မည်ဖြစ်သည်။ သို့မှသာ အားလုံးမျှော်လင့်တောင်းတ တပ်မက်နေသည့် နိုင်ငံတော်သစ်၊ စနစ်သစ်တစ်ခုကို တည်ဆောက်ဖော် ဆောင်နိုင်လိမ့်မည်သာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတော့သည်။
စည်သူ (ရေနံချောင်း)

Source : The Voice