fbpx

ရင်၌ဖြစ်သော ရင်ဝယ်သားကဲ့သို့ သဘောထားသည်

ယခုအခါတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်များရှိ အချို့သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး များတွင် နိုဝင်ဘာလ ၇ ရက်နေ့၌ ကျရောက်သည့် နှစ်ပတ်လည်နေ့ အခမ်းအနားများကို ကြိုတင်ကျင်းပလျက်ရှိကြသည်။ ပြီးခဲ့သည့် နိုဝင်ဘာ လ ၄ ရက်နေ့က ကရင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ဘားအံမြို့၌ ပြုလုပ်ကျင်းပသည့် နှစ်ပတ်လည်နေ့အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့် ကိုယ်တိုင် တက်ရောက်၍ အမှာစကားပြောကြားကာ ဝန်ထမ်းများအား အမှတ်တရ လက်ဆောင်များပေးအပ်ခြင်း၊ ကံစမ်းမဲများနှိုက်ခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ရာ လူမှုကွန်ရက်ပေါ်တွင်ပျံ့နှံ့ ခဲ့ပြီး ဝမ်းသာအားရ သဘောထားမှတ်ချက်ပြုသူများကိုလည်း တွေ့ရှိရသည်။
ထိုကဲ့သို့ ဝမ်းသာအားရ သဘောထားမှတ်ချက်ပြုကြသည့်အကြောင်းမှာ အချို့သောဒေသများတွင် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၊ ကျပန်းစကားပြောပြိုင်ပွဲများ၊ ကံစမ်းမဲဖောက်ခြင်းများစသည်တို့ကို ပြုလုပ်ကြသော်လည်း ယခုကဲ့သို့ ပြည်နယ်ဝန်ကြီးချုပ်တစ်ဦးက ကိုယ်တိုင်တက်ရောက် အားပေးချီးမြှင့်ခြင်းမျိုးကား မရှိသလောက် ရှားပါးသည့်အတွက် ဖြစ်သည်။ ထို့အပြင် ဝန်ထမ်းများအနေနှင့် ပို၍ ဝမ်းမြောက်ဝမ်းသာဖြစ်ရသည့်အကြောင်းမှာ ဝန်ကြီးချုပ်၏အမှာစကားတွင် ပါဝင်သည့် “မိမိအနေနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများကို အားကိုးအားထားပြုသည့်အပြင် မိမိရင်၌ဖြစ်သော ရင်ဝယ်သားများကဲ့သို့ သဘောထားပါကြောင်း” စသည့် ပြောကြားချက်သည် လက်ရှိတာဝန်ထမ်းဆောင်နေသောဝန်ထမ်းများသာမက ကျွန်တော်တို့လို ထိုဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူခဲ့သူများပင် ထိုစကားကြောင့် ပီတိဝေဖြာခဲ့ရပါသည်။
အဘယ်ကြောင့်ဆိုသော် ခေတ်အဆက်ဆက်အစိုးရများ၏လက်အောက်တွင် အခေါ်အဝေါ်အမျိုးမျိုးပြောင်း၍ ပေးအပ်သောတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့သော်လည်း ထိုကဲ့သို့ချီးကျူးစကားမျိုး အပြောမခံခဲ့ရသည့်အပြင် နှိပ်ကွပ်မှုအမျိုးမျိုးကိုသာ ခံခဲ့ကြရ၍ဖြစ်ပါသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ပါလီမန်ဒီမိုကရေစီအစိုးရလက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့စဉ်ကလည်း အစိုးရ၏မူဝါဒများကို မည်သို့ပင်အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သော်လည်း မျက်နှာကောင်းမရခဲ့သည့်အပြင် အချို့သောပုဂ္ဂိုလ်တို့၏ အပြုအမူနှင့် လုပ်ဆောင်မှုများကြောင့် ဗျူရိုကရက်အရာရှိဆိုးဟူသော ဂုဏ်ပုဒ်ပင် အတပ်ခံခဲ့ရသည်။
၁၉၆၂ ခုနှစ် တပ်မတော်က အာဏာရယူပြီးနောက် လုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းခဲ့ရာတွင် ယခင်တိုင်းမင်းကြီး၊ ခရိုင်ဝန်၊ နယ်ပိုင်ဝန်ထောက်နှင့် မြို့ပိုင်တို့၏လုပ်ပိုင်ခွင့်များကို ရုပ်သိမ်းကာ တိုင်း၊ ခရိုင်၊ မြို့နယ်လုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီများတွင် တပ်မတော်အရာရှိက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်၍ ထွေအုပ်အရာရှိများက အဖွဲ့ဝင်များအဖြစ် ဆောင်ရွက်ခဲ့ရပါသည်။ ထိုမှတစ်ဖန် ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေအရ ရွေးကောက်တင်မြှောက်ခံရသော တိုင်းနှင့် မြို့နယ် ပြည်သူ့ ကောင်စီ အလုပ်အမှုဆောင်အဖွဲ့ရုံးများတွင် ရုံးအဖွဲ့မှူးများအဖြစ် ပြောင်းလဲ တာဝန်ထမ်းဆောင်ခဲ့ကြရပြန်ပါသည်။ ထိုစဉ်ကမူ ကျွန်တော်တို့မှာ အလုပ်ဝင်ခါစဖြစ်၍ ယခင် မြို့ပိုင်၊ နယ်ပိုင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူများကို မဆလပါတီ၏ အရွေးကောက်ခံကိုယ်စားလှယ်ဟုဆိုသူ (မြန်မာစာပင် ကောင်းစွာမရေးတတ်၊ မဖတ်တတ်သူများက) ဦးနှိမ်။ ဦးချိုးခဲ့သည်များကို ကြုံတွေ့ခဲ့ကြရပါသည်။
မြို့နယ်တစ်ခုတွင်ဆိုလျှင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးလုပ်သူက ယခင် နယ်ပိုင်/မြို့ပိုင်လုပ်ခဲ့သူကို “နယ်ပိုင်ကြီး လာပါဦးဗျ၊ လက်ဖက်ရည်လေးမှာပေးပါဦး၊ မြို့ပိုင်ကြီး လာပါဦးဗျ၊ ဒီစားပွဲလေး ဟိုဘက်ကို ရွှေ့ပေးပါဦး” ဟု ဆိုကာ တမင်သက်သက်ရည်ရွယ်ချက်ဖြင့် ချိုးနှိမ်ခိုင်းစေခဲ့ကြပါသည်။ ထိုအခါ ပညာမာနရှိကြကုန်သော နယ်ပိုင်/မြို့ပိုင်ကြီးများသည် အလုပ်ခွင်မှ အကြောင်းအမျိုးမျိုးဖြင့် ထွက်ခွာကုန်ကြပါသည်။ (ထိုခေတ်က မြို့ပိုင်/နယ်ပိုင်တစ်ယောက်ဖြစ်ဖို့ရာ အလွန်မလွယ်ကူပါ။ BA, BL စသည့်ဘွဲ့များရကြသည့်အပြင် လူအများယှဉ်ပြိုင်ဖြေဆိုရာမှ ရွေးချယ်ခံရပါကလည်း အချိန်ပြည့် တစ်နှစ်ကျော်သင်တန်းများတက်ရောက်ပြီး အလုပ်သင်အဖြစ် တစ်နှစ်ခန့်လှည့်လည်၍ တာဝန်ထမ်းရပါသည်။ အချို့ဆိုလျှင် နိုင်ငံခြားသို့ပင် အုပ်ချုပ်မှုပညာများကို သွားရောက် သင်ကြားကြရပါသည်။ ထို့ကြောင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ရှေ့မီ၊ နောက်မီ အုပ်ချုပ်မှုပညာကျွမ်းကျင်သူများ ခါးဆက်ပြတ်သွားခြင်း ဖြစ်ပါသည်)။
မဆလပါတီခေတ်/ပြည်သူ့ကောင်စီခေတ်တွင် အလုပ်စတင်ဝင် ရောက်ကြသော ကျွန်တော်တို့ကတော့ မိမိကိုယ်မိမိ ပြည်သူ့ဝန်ထမ်းဟူ သောခံယူချက်ဖြင့် ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့၊ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး စသူတို့က ခိုင်းသမျှလုပ်ငန်းတာဝန်များကို မညည်းမညူ တာဝန်ကျေအောင် ဆောင်ရွက်ခဲ့ကြပါသည်။ ရှမ်းပြည်နယ် မြို့နယ်တစ်ခုတွင် တာဝန်ကျခဲ့စဉ်က ပြည်သူ့ကောင်စီအစည်းအဝေးအတွက် အခမ်းအနားပြင်ဆင်ခဲ့ရာ မိုးသဲသဲရွာနေသည့်အကြား ထိုင်ခုံများကို သယ်ယူခဲ့ရာ ထီးဆောင်း၍မရသဖြင့် ထိုင်ခုံကို ခေါင်းပေါ်မိုး၍ ထီးသဖွယ်ဆောင်းခဲ့ရသည့် အဖြစ်ကလည်း အမှတ်ရစရာပင်ဖြစ်ပါသည်။ ထိုခေတ်က အခမ်းအနား ပြင်၊ ခုံစီ၊ ချက်ပြုတ်၊ ဧည့်ခံ၊ ကျွေးမွေး စသည့်အလုပ်များကတော့ မြို့ပိုင်/ နယ်ပိုင် တစ်ဖြစ်လဲ ရုံးအဖွဲ့မှူး/ဒုရုံးအဖွဲ့မှူးတို့ တတ်အပ်သည့် အဋ္ဌာရသ အတတ်ပညာထဲတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။ သို့ရာတွင် “ခင်ဗျား တို့ကို အားကိုးပါတယ်ဗျာ၊ ခင်ဗျားတို့အပေါ် ဘယ်လိုသဘောထားပါတယ် ဗျာ” စသည့် ချီးကျူးပြောဆိုသံများကား တစ်ကြိမ်တစ်ခါမျှ ကြားရလေ့မရှိပါ။ ၎င်းတို့နှုတ်မှကြားရလေ့ရှိသည့်စကားမှာ “ခင်ဗျားတို့ ဝန်ထမ်းတွေကဗျာ” ဟူသော စကားပင်ဖြစ်ပါသည်။ ယခုလို တိုင်းနှင့်ပြည်နယ်အဆင့် အကြီးအကဲတစ်ယောက်၏ ချီးကျူးပြောဆိုသံကြားရဖို့ဆိုသည်ကား ဝေလာဝေးပင်ဖြစ်သည်။
၁၉၈၈ ခု ဒီမိုကရေစီတောင်းဆိုသည့် အရေးတော်ပုံဖြစ်ပြီးနောက် ခရိုင်အဆင့်ကိုလည်း ပြန်လည်ဖွဲ့စည်းကာ တိုင်း/ပြည်နယ်၊ ခရိုင်၊ မြို့နယ် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့/အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ စသည်တို့ကို ဖွဲ့စည်းခဲ့ရာ ပထမပိုင်းတွင် အဖွဲ့ဝင်များအဖြစ် ဆောင်ရွက်ခဲ့ကြရသည်။ ပြည်သူတွေကတော့ ထွေအုပ်ဟူသည့် ဌာနအဖွဲ့ အစည်းကို အာဏာပိုင်သဖွယ် ထင်မှတ်မှားခဲ့ကြသည်။ အခေါ်အဝေါ်အား ဖြင့်သာ အဖွဲ့ဝင်/အတွင်းရေးမှူး စသည်ဖြစ်သော်လည်း တကယ်တမ်း ကျတော့ ဥပဒေနှင့်ညီသည်ဖြစ်စေ၊ မညီသည်ဖြစ်စေ ခိုင်းသမျှအလုပ်ကို ငြင်းဆန်ခွင့်မရှိ လုပ်ခဲ့ကြရသည်သာ ဖြစ်ပါသည်။
ဘယ်သူ့ကိုတော့ မြေကွက်ချပေးလိုက်၊ ဘယ်သူ့ကိုတော့ မြေဂရန် ထုတ်ပေးလိုက်၊ ဘယ်သူ့ကိုတော့ အရက်လိုင်စင်ပေးလိုက် စသည့် အမိန့်ညွှန်ကြားချက်များအပြင် ဘယ်မြေကိုသိမ်းလိုက် ဆိုသည်များကြောင့် ယနေ့တိုင် ရှင်းမရသော လယ်ယာမြေ ပြဿနာများ ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်ပါသည်။ ဆိုရသော် “အစွယ်လိုသူမိဖုရား၊ အသွားစေခိုင်းသူ မင်းဧကရာဇ်၊ လေးပစ်သူဘုရားကျွန်တော်မျိုး၊ ကြံဖော်ကြံဖက်သုံးဦးအနက်မှ ငမိုက်သားမုဆိုး နင်ချည်းသာသေစေတော့” ဟူသည့်အဖြစ်မျိုးကား ကျွန်တော်တို့ ထွေအုပ်ဝန်ထမ်းများ အမှန်တကယ်ကြုံတွေ့ခဲ့ရသည့် ဖြစ်စဉ်များပင် ဖြစ်ပါသည်။
ဤမျှလောက်လုပ်ပေးသည့်ကြားကပင် ကျွန်တော်တို့ ကြားခဲ့ရ သည့်ချီးကျူးသံကား “ခင်ဗျားတို့ ထွေအုပ်တွေကလဲဗျာ” ၊ “ခင်ဗျား တို့ကလည်း ပြောလိုက်ရင် ဒီလိုချည်းပဲ၊ ဘာလဲ ဆန့်ကျင်တာလား” ၊ “ခင်ဗျားတို့ ဥပဒေစာအုပ်ကြီး ဘေးကို ဖယ်ထားစမ်းပါဗျာ” ဆိုသည့် စကားသံများပင်ဖြစ်ပါသည်။ ကျွန်တော်တို့မှာ ထိုခေတ်က နေ့မအား ညမနား ဆိုသည့် စကားအတိုင်းပင် တစ်နေကုန် (အစည်းအဝေးများအပါအဝင်) မနားရ၊ ပြေးရလွှားရသည်။ ညနေ ၅ နာရီလောက်မှ ရုံးတက်ရသည်။ ည ၈ နာရီ ၉ နာရီ အစည်းအဝေးခေါ်လျှင်လည်း သွားတက်ရသည်။ ညသန်းခေါင် ခွေးနှစ်ကောင်ပဲကိုက်ကိုက်၊ ကားနှစ်စီးပဲတိုက်တိုက် အပြေးအလွှား သွား၍ သတင်းပို့ရသည်။ လူကြီးလမ်းကြောင်းရှိသည်ဆိုပြီး ဖုန်းဆက်လျှင် မနက် ၄ နာရီ၊ ၅ နာရီ ထ၍ပြေးရသည်။
ဤရွေ့ ဤမျှ လုပ်နေသည့်အထဲ (ချီးကျူးစကား ကြားရဖို့ဝေးစွ)ဒေသ တစ်ခုတွင် တာဝန်ထမ်းဆောင်စဉ် ခရိုင်ဥက္ကဋ္ဌရောက်လာသည့်အခိုက် ကားတံခါးဖွင့်မပေးမိ၍ ထောင့်မကျိုးဟုဆိုကာ လက်သီးဖြင့်ထိုးရန် အရွယ်ခံရသည်။ ခရိုင်တစ်ခုတွင် တာဝန်ထမ်းဆောင်စဉ်ကလည်း ခါးနာ၍ ခွင့်တင်ရာ “ငါ…မသား ထွေအုပ်တွေ၊ ဖျားရတာနဲ့၊ ခါးနာရတာနဲ့ ထွက်စာတင်ကွာ၊ အခုထွက်” ဟူ၍ အပြောခံရသည်။ ဒေသတစ်ခုတွင်လည်း ဆည်ရေဝပ်ဧရိယာထဲတွင် သစ်ပင်များရှိနေသည်ကို ဆည်မြောင်းဦးစီးဌာနက မခုတ်သည့်အတွက် မိမိအား တိုင်းမှူးဖြစ်သူက လက်သီးဖြင့်ထိုး ရန်အရွယ်ခံရသည်။
ရင်၌ဖြစ်သော ရင်ဝယ်သား 
နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သော နိုင်ငံရေးနှင့် အုပ်ချုပ်ရေး သမိုင်းတစ်လျှောက် တစ်ကြိမ်တစ်ခါမျှ မကြားဖူးခဲ့သော ချိုမြိန်ပြီး အရသာ ရှိသည့်စကားတစ်ခွန်းကို မမျှော်လင့်ဘဲ ကြားလိုက်ရသည့်အတွက် အုပ်ချုပ်ရေးလောကသားတို့အဖို့ ပျော်မည်ဆိုပါကလည်း ပျော်လောက်ပါပေသည်။ ယနေ့ ယခု ခေတ်ကာလတွင်လည်း အုပ်ချုပ်ရေးဝန်ထမ်းတို့မှာ အခြားဝန်ထမ်းများကဲ့သို့ နံနက် ၉ နာရီခွဲ ရုံးတက်၍ ညနေ ၄ နာရီခွဲ ရုံးဆင်း ရသည့်ရက်ဆိုသည်မှာ မရှိသလောက်ပင်ဖြစ်သည်။ စနေ၊ တနင်္ဂနွေရက်များတွင်လည်း အလားတူပင် ဖြစ်သည်။ အချို့သောဌာနများကလည်း အလားတူ အချိန်ပိုဆင်းရခြင်းနှင့် ရုံးပိတ်ရက်များ၌ အလှည့်ကျတာဝန် ထမ်းဆောင်ရခြင်းတို့ရှိကြသော်လည်း အုပ်ချုပ်ရေးဝန်ထမ်းများကား ထိုသို့အလှည့်ကျမဟုတ်။ အကြောင်းပေါ်လျှင် ပေါ်သလို၊ အရေးပေါ်လျှင် ပေါ်သလို အချိန်မရွေး (အချိန်နှင့်တစ်ပြေးညီ ထ၍လုပ်ကြရသည်)။ မီးလောင်လျှင်၊ လေပြင်းတိုက်လျှင်၊ ရေကြီးလျှင် မြေပြင်သို့အလျင်ဆင်း၍ စီမံခန့်ခွဲရသည်။ လူကြီးခရီးစဉ်တိုင်းတွင် ကြိုဆိုရေး၊ ဧည့်ခံရေး၊ နေရာ ထိုင်ခင်းပြင်ဆင်ရေး၊ အခမ်းအနားတက်ရန် လူစုဆောင်းရေးကအစ မလစ်ဟင်းအောင် ဆောင်ရွက်ရသည်။ ယုတ်စွအဆုံး မိမိဒေသမှ လွှတ်တော်ကိုယ်စားလှယ် ဝန်ကြီးဖြစ်သွားသောအခါ ရုံးပိတ်ရက် သူ့အိမ်ကို သူပြန်သည်ကအစ ကိုယ်က တာဝန်ကြီးတစ်ခုလို ခြေချုပ်မိနေသည်။
မည်သို့ပင်ဖြစ်စေ ဝန်ကြီးချုပ်၏စကားတစ်ခွန်းကြောင့် ပင်ပန်းသမျှ အမောတွေပြေကြပြီဖြစ်သည်။ ရှေ့ဆက်ပြီး အလုပ်လုပ်ကြဖို့လိုသည်။ကြိုးစားကြဖို့လိုသည်။ ရိုးသားကြဖို့လိုသည်။ အဂတိတရား မလိုက်စား ကြဖို့လိုသည်။ မိမိ၏ဂုဏ်သိက္ခာ၊ မိမိဌာန၏ဂုဏ်သိက္ခာ၊ မိမိဒေသ၏ဂုဏ် သိက္ခာကို ထိန်းသိမ်းကြရန်လိုသည်။ နောင်တွင်လည်း မည်သည့်အစိုးရ ပင်တက်သည်ဖြစ်စေ သက်ဆိုင်ရာအစိုးရ၏မူဝါဒများကို အောင်မြင်အောင် ဆောင်ရွက်ရန်မှာ အုပ်ချုပ်ရေးဝန်ထမ်းတို့၏ အဓိကတာဝန်ဖြစ်သည်။
ကရင်ပြည်နယ် ဝန်ကြီးချုပ်နည်းတူ အခြားအခြားသော တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များသည်လည်း မိမိဝန်ထမ်းများအပေါ် အလားတူ အလေးအနက် တန်ဖိုးထားကြစေလိုကြောင်း တောင်းဆုပြုလိုက်ရပါသည် ….။
သိန်းထက်အောင်

Source : The Voice