fbpx

ရုပ်တုသစ်ပြောင်းလဲမှုဖြင့် တရားစွဲခံရသူ ၇ ဦးကို သရက်ချောင်းမြို့နယ်တရားရုံး အပြီးပြတ်လွှတ်

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ဆင်ဖြူပြင်ရပ်ကွက်ရှိ နတ်ကွန်းမှာ ကိုးကွယ်တဲ့ ရွာပိုင်ဘိုးဘိုးရုပ်တုကို ဖယ်ရှားပြီး ရုပ်တုသစ် အစားထိုးတဲ့အတွက် တရားစွဲခံရသူ ဦးစုကမ်းအပါအဝင် ၇ ဦးကို အမှုကနေ အပြီးပြတ်လွတ်ကြောင်း သရက်ချောင်းမြို့နယ်တရားရုံးက နိုဝင်ဘာ ၁၄ ရက်နေ့မှာ အမိန့်ချမှတ်ခဲ့ပါတယ်။

ဆင်ဖြူပြင်ရပ်ကွက်မှ မူလရွာပိုင်ဘိုးဘိုးရုပ်တုလှူဒါန်းသူ ဦးဉာဏ်ဝင်းက တရားလိုပြုလုပ်ကာ ရာဇသတ်ကြီးပုဒ်မ ၄၂၇ နဲ့ အခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်နေ့က တရားစွဲဆိုခဲ့တာဖြစ်ပြီး ၃၂ ကြိမ်မြောက်ရုံးချိန်းမှာ အထက်ပါအတိုင်း အမိန့်ချခဲ့တာပါ။

သရက်ချောင်းမြို့နယ် တရားရုံး၊ သတင်းပြန်ကြားရေးအရာရှိ ဦးဇော်ဝင်းနိုင်က “တရားခံတွေကို ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၂၅၈(၁)အရ အမှုမှ အပြီးပြတ်လွှတ်ကြောင်း အမိန့်ချမှတ်ခဲ့ပါတယ်၊ အမှုကို မှားယွင်းအမှုလို့ သတ်မှတ်ခဲ့ပါတယ်”လို့ ပြောပါတယ်။

တရားလိုလှူဒါန်းထားတဲ့ နတ်ရုပ်ဟောင်းနွမ်းနေပြီဖြစ်လို့ ဆင်ဖြူပြင်ကျေးရွာအုပ်ချုပ်ရေးမှူးက အစည်းအဝေးခေါ်ကာ အများသဘောဆန္ဒအရ နတ်ရုပ်အသစ်ကို ပြောင်းလဲကိုးကွယ်မယ်လို့ ဆုံးဖြတ်တဲ့အတွက် နတ်ရုပ်ဟောင်းကို ဖယ်လိုက်တာဖြစ်ပြီး တရားလိုက သူလှူထားတဲ့အရာကို အကျိုးဖျက်ဆီးတယ်ဆိုပြီး တရားစွဲဆိုခဲ့ တာလို့ ဆိုပါတယ်။

အမှုနဲ့ပတ်သက်ပြီး တရားလိုဘက်က တရားလိုပြသက်သေ ၇ ဦးကို တင်ပြရာ ၂ ဦး အပယ်ခံရပြီး တရားလိုပြသက်သေ ၅ ဦးနဲ့ တရားခံပြသက်သေ ၄ ဦးတို့ကို ရုံးတော်က စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ချမှတ်တဲ့အမိန့်နဲ့ပတ်သက်လို့ တနင်္သာရီတိုင်ဒေသကြီး တရားလွှတ်တော်ကို အယူခံ ၀င်ရောက်နိုင်သလို ပြင်ဆင်မှုအတွက် ပြင်ဆင်လည်း တက်ရောက်နိုင်တယ်လို့ ဦးဇော်ဝင်းနိုင်က ပြောပါတယ်။

တရားလိုဖြစ်သူ ဦးဉာဏ်ဝင်းက ရှေ့နေနဲ့တိုင်ပင်ပြီး တိုင်းဒေသကြီး တရားလွှတ်တော်ကို ဆက်တက်ဖို့ ရှိတယ်လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၃ နှစ်ခန့်ကတည်းက ရွာထိပ်နတ်ကွန်းမှ ရွာပိုင်ဘိုးဘိုးရုပ်တုနဲ့ ကျားရုပ်ကို တည်ထားကိုးကွယ်ထားပြီး နှစ်ကြာလာတာနဲ့အမျှ ကွန်ကရစ်ရုပ်တုမှာ အက်ကွဲလာတာ၊ ခြေလက်တွေ ပဲ့ကျခဲ့တာကို ဖာထေးပြုပြင်ပြီး ကိုးကွယ်လာခဲ့တယ်လို့ သိရပါတယ်။

ဆင်ဖြူပြင်ရပ်ကွက် ရိုးရာနတ်သဘင်ပူဇော်ပသပွဲကို ပြာဆိုလဆန်း ၁၄ ရက်နေ့မှာ ပုံမှန်ပြုလုပ်လေ့ရှိပြီး အဆိုပါ ဆင်ဖြူပြင်နတ်သဘင်ပူဇော်ပသပွဲမှာ ဒေသအတွင်း ထင်ရှားတဲ့ ပွဲတခုလည်းဖြစ်ပါတယ်။

တင့်လွင်

Tags:

Source : DVB