fbpx

ရန်ကုန်တိုင်းအစိုးရက ရောင်းချသည့် မြေကွက်လျှောက်လွှာ ဝယ်ယူသူ ၁၅၀၀၀ ကျော်အနက် ၁၂၀၀၀ ကျော်၏ လျှောက်လွှာများအား စစ်ဆေးနေဆဲဖြစ်

ရန်ကုန်တိုင်းအစိုးရမှ ရောင်းချသည့် မြေကွက်လျှောက်လွှာ ဝယ်ယူသူ ၁၅၀၀၀ ကျော်အနက် လျှောက်ထားသူ ၁၂၀၀၀ ကျော်၏ လျှောက်လွှာများအား စစ်ဆေးနေဆဲဖြစ်ပြီး မည်သူအား ရောင်းချမည်ကို မဆုံးဖြတ်ရသေးကြောင်း နိုဝင်ဘာ ၁၈ ရက်က ရန်ကုန်မြို့တော်ခန်းမတွင် ပြုလုပ်သည့် မြို့တော်စည်ပင် လစဉ်သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောကြားသည်။

“မြေစီမံခန့်ခွဲမှု ကော်မတီကို တိုင်းဒေသကြီး အစိုးရအဖွဲ့က ဖွဲ့ပေးထားတယ်။ YCDC က ရောင်းချတာမဟုတ်ပါဘူး။ လျှောက်လွှာတွေကို အောက်တိုဘာ ၇ ရက်က ရောင်းချပြီး နိုဝင်ဘာ ၈ ရက်မှာ အရောင်းပိတ်ပါတ်။ လျှောက်လွှာဝယ်ယူမှုက ၁၅၆၂၀ ဝယ်ယူသွားပါတယ်။ ဝယ်ယူပြီးတော့ နိုဝင်ဘာ ၈ ရက်မှာ နောက်ဆုံးထား ပြန်တင်လာတဲ့ လျှောက်လွှာပေါင်းက ၁၂၁၅၈ စောင်ဖြစ်ပါတယ်။ သုံးထောင်ကျော်ကျော်လောက် ပြန်မတင်ဘူး။ တင်ပြီးသားလက်ခံထားတဲ့ ၁၂၁၅၈ စောင်ကို မြေစီမံခန့်ခွဲမှု ကော်မတီက အမျိုးအစားခွဲခြားနေတုန်း ရှိပါတယ်။ လူနေအိမ်ရာအတွက် ဘယ်နှဦး လျှောက်သလဲ၊ စီးပွားရေးလုပ်ငန်းအတွက် ဘယ်နှဦး လျှောက်သလဲ၊ စက်မှုလက်မှုအတွက် ဘယ်နှဦး လျှောက်သလဲ ခွဲခြားနေတုန်းပါ၊ အဲဒီလျှောက်ထားတဲ့ အမျိုးအစားအလိုက် ဘယ်သူ့ကို ရောင်းမလဲဆိုတာ ကျွန်တော်တို့အဖွဲ့ မထိုင်ရသေးပါဘူး။ စီစဉ်ဆောင်ရွက်နေဆဲဖြစ်ပါတယ်” ဟု ဦးသန်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရက ရောင်းချမည့် မြေကွက်များအတွက် ဝယ်ယူခွင့် ရရှိသူများအနေဖြင့် မြေကွက်တန်ဖိုးအပြင် အခြေခံအဆောက်အအုံ တည်ဆောက်ခြင်း ကုန်ကျစရိတ်ပါ ထပ်မံပေးသွင်းရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောကြားသည်။

ရန်ကုန်တိုင်းအစိုးရမှ ရောင်းချသည့် မြေကွက်များသည် လှိုင်သာယာ၊ရွှေပြည်သာ၊ ဒဂုံမြို့သစ်လေးမြို့နယ်(ဒဂုံအရှေ့၊ ဒဂုံအနောက်၊ ဒဂုံတောင်၊ ဒဂုံမြောက်) နှင့် မှော်ဘီမြို့နယ်များ အတွင်းရှိ မြေနေရာ ၃၈ နေရာရှိ မြေကွက်ပေါင်း ၅၀၀ အတွက် လျှောက်လွှာများ ရောင်းချပေးနေခြင်းဖြစ်သည်။

မြေအသုံးချခွင့် လျှောက်ထားသူသည် မြေပေါ်တွင် ဆောင်ရွက်လိုသည့်လုပ်ငန်းကို အမှန်ခြစ်အမှတ်အသားဖြင့် ဖော်ပြရန်၊ ငွေကြေးအထောက်အထားတင်ပြရန်၊ စီးပွားရေးလုပ်ငန်း/စက်မှုလုပ်ငန်း ဆောင်ရွက်မည့် အဆိုပြုချက်များအတွက် (အသုံးပြု ငွေကြေးပမာဏ၊ လုပ်ငန်းစီမံချက်၊ အချိန်ကာလ) တို့ကို ပူးတွဲတင်ပြရန်၊ စက်မှုလုပ်ငန်း ဆောင်ရွက်လိုသူများသည် မြောင်းတကာ စက်မှုဇုံနေရာကိုသာ လျှောက်ထားရမည်၊ မူရင်းလျှောက်လွှာတစ်စောင်လျှင် မြေနေရာတစ်နေရာသာ လျှောက်ထားခွင့်ရှိကြောင်း သိရသည်။

ထို့ပြင် အသုံးပြုခွင့်ရရှိထားသည့် မြေနေရာအား သုံးနှစ်အတွင်း ပြန်လည်ရောင်းချခြင်း မပြုရန်၊ မြေအသုံးပြုခွင့်ရရှိထားသူမှာ ၎င်းရရှိထားသည့် မြေနေရာတွင် ခြောက်လအတွင်း စတင်ဆောက်လုပ်၍ အဆောက်အအုံ ဆောက်လုပ်ပြီးစီးပါက မြေငှားစာချုပ် (ဂရန်) ရရှိရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အသုံးပြုခွင့်ရရှိထားသော မြေများကို လျှောက်ထားသူအမည်ဖြင့်သာ ထားရရှိရမည်ဖြစ်ပြီး သုံးနှစ်အတွင်း အမည်ပြောင်းခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။

Source : Eleven Media Group