fbpx

တာချီလိတ်မြို့ရှိ ငွေလဲဆိုင်အား အမျိုးသားလေးဦးက သေနတ်ဖြင့် ခြိမ်းခြောက်ကာ  မြန်မာငွေနှင့်နိုင်ငံခြားငွေများ လုယက်မှုဖြစ်ပွား

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ငွေလဲဆိုင်တစ်ဆိုင်ကို အမျိုးသားလေးဦးက သေနတ်ဖြင့် ခြိမ်းခြောက်ကာ  မြန်မာငွေနှင့် နိုင်ငံခြားငွေများ လုယက်မှု ဒီဇင်ဘာ ၂ ရက် နံနက် ၇ နာရီဝန်းကျင်တွင်  ဖြစ်ပွားခဲ့ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

တာချီလိတ်မြို့ မြန်မာ-ထိုင်းချစ်ကြည် ရေးတံတား အမှတ်(၂)အနီး ဗိုလ်ချုပ်လမ်းပေါ် ရှိ ငွေလဲဆိုင်သို့  အမျိုးသားလေးဦးက  ငွေလဲ ရန်ရောက်ရှိလာပြီး ငွေလဲလုပ်ငန်းလုပ်ကိုင် နေသူ အမျိုးသားအား သေနတ်ဖြင့်ခြိမ်းခြောက်ကာ ထိန်းချုပ်ပြီး မြန်မာ၊ ထိုင်းနှင့် တရုတ်ငွေ များအား လုယက်ပြီးကားဖြင့်ထွက်ပြေးသွားခဲ့ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

“ဖြစ်စဉ်ကတော့ ဟုတ်ပါတယ်။ မနက် ၇ နာရီ ၁၅ မိနစ်လောက်က ဖြစ်သွားတာပါ။ အခုလောလောဆယ်တော့  ဆိုင်က CCTV မှတ်တမ်းများဖြင့် လိုက်လံဖမ်းဆီး ပိတ်ဆို့ရှာ ဖွေနေပါတယ်” တာချီလိတ်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့ က လုယက်ခံရသည့် ငွေလဲဆိုင်မှ CCTV မှတ်တမ်းများဖြင့် လိုက်လံဖမ်းဆီး ပိတ်ဆို့ရှာ ဖွေနေကြောင်း သိရသည်။

ယခုငွေလဲဆိုင် လုယက်မှုဖြစ်ပွားခဲ့သည့် နေရာအနီးတွင်လည်း ရွှေဆိုင်တစ်ဆိုင်အား  ၂၀၁၉ ခုနှစ် ဇူလိုင် ၈ ရက်က  အမျိုးသားနှစ်ဦး က သေနတ်ဖြင့်ခြိမ်းခြောက်ကာ ရွှေထည်ပစ္စည်းများ လုယက်မှုဖြစ်ပွားခဲ့ကြောင်း သိရ သည်။

၂၀၁၉ ခုနှစ်အတွင်း  တာချီလိတ်မြို့၌  ရွှေဆိုင်များ လုယက်ခံရမှုဖြစ်စဉ်များကြောင့် ရဲတပ်ဖွဲ့က လုံခြုံရေးတိုးမြှင့်ရန် ရွှေဆိုင်ပိုင်ရှင် များအားခေါ်ယူတွေ့ဆုံပြီး တိုက်တွန်းထား ကြောင်း၊ ယခုနှစ်တာချီလိတ်မြို့၌ ရွှေဆိုင်များ လုယက်ခံရမှုမှာ လေးကြိမ်မြောက်ရှိပြီဖြစ်ကြောင်း  တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

Source : Eleven Media Group