fbpx

ရဲရင့်အောင်နဲ့ တွေ့ဆုံခြင်း

“အရင်တုန်းကတော့ ကျွန်တော်ဖြစ်ချင်တာကိုပဲ စဉ်းစားတယ်။ အခုကတော့ ဖြစ်သင့်တဲ့ဟာကို ရွေးတယ်”
အဆိုတော်သရုပ်ဆောင် ရဲရင့်အောင်နဲ့ တွေ့ဆုံခိုက် မာယာရထားမောင်းမယ့်မိန်းမ ရုပ်ရှင်ဇာတ်ကားအကြောင်း၊ ဇာတ်လမ်းရွေးချယ်မှု အကြောင်းနဲ့ စိန်ခေါ်မှုအသစ်ဖြစ်လာမယ့် အက်တင်တွေအကြောင်းကို မေးမြန်းထားပါတယ်။ 
Voice  :   မာယာရထားမောင်းမယ့် မိန်းမဇာတ်ကားမှာ ဘယ်လိုမျိုး သရုပ်ဆောင်ရမှာလဲ။
YYA    :    ဒီဇာတ်ကားကိုစပြီးတော့ လာပြောကတည်းက ကိုရာဇဝင်ကိုက ဒီလို ရိုက်ဖို့ ရှိတယ်။ ဂျင်ပါတီရိုက်ပြီးကတည်းက ပြောထားတာပေါ့။ ရိုက်ဖြစ်ရင် ဆက်သွယ်လိုက်မယ်။ သူတို့ လုပ်ခွင့်ရတဲ့အချိန်မှာ ကျွန်တော်တို့ကို ခေါ်တယ်။ ကမ်းလှမ်းတယ်။ ကျွန်တော်လည်း အသစ်အသစ်သော ဗဟုသုတပညာတွေ ရနိုင်တယ်ထင်တယ်။ လုပ်ရမှာလည်း အသစ်အဆန်းတစ်ခုလို့ ခံစားရတယ်။ အဲဒါကြောင့် လက်ခံဖြစ်တာပါ။ ကျွန်တော်က မာယာရထားစီးရမယ့် နေရာမှာပါပဲ။ 
Voice  :   မင်းသမီးတွေ ကလည်း အများကြီးပါတယ်။ ကိုယ့်ထက်လည်း စီနီယာလည်း ပါနေတော့ ဘယ်လိုမျိုး မျှော်လင့်ထားသေးလဲ။ 
YYA    :    မျှော်လင့်တာကတော့ ကျွန်တော် ဒီဘက် ရုပ်ရှင်ဘက်ကို စရောက်ကတည်းက ကျွန်တော် နဲ့ တွဲရိုက်ရတဲ့အထဲမှာ စီနီယာတွေ လူကြီးတွေပါတဲ့အခါတိုင်း ကျွန်တော်သူတို့ အလုပ်လုပ်ပုံကို လေ့လာတယ်။ သူတို့အလုပ်ပေါ်မှာထားတဲ့ ခံယူချက်၊ စိတ်တွေကို တစ်ယောက်ချင်းစီကနေအကောင်းဆုံးဖြစ်အောင် အတုယူတယ်။ အခုလည်း ဒီကားမှာလည်း အဲလို ပညာတွေ ဗဟုသုတတွေ ရနိုင်မယ်လို့ ထင်ပါတယ်။ 
Voice  :   ရဲရင့်အောင် အက်တင်တွေလည်း လျော့မသွားအောင် ဘာတွေပြင်ဆင်ထားသေးလဲ။ 
YYA    :    ကာရိုက်တာ အတွက်တော့ အများကြီးပြင်ဆင် ထားပါတယ်။ ပုံစံနှစ်မျိုးစီ တွေ့ရမယ်။ ပုံစံနှစ်မျိုးစီဆိုပေမယ့် ကာရိုက်တာ အရမ်းကြီးချိန်းသွားတာမျိုး မဟုတ်ပါဘူး။ ငယ်ဘဝ အသက်ကြီးတဲ့ဘဝ အဲဒါမျိုးလောက်ကိုပဲ မတူညီတဲ့ သဘောမျိုးကို ပြရမှာပေါ့နော်။ 
Voice  :   အခုလက်ရှိ ဇာတ်ကားတစ်ကား ရိုက်တော့မယ်ဆိုရင် ဘယ်လိုမျိုးရွေးချယ်မှုတွေ ရှိနေလဲ။ 
YYA    :    အရင်တုန်းကတော့ ကျွန်တော်ဖြစ်ချင်တာကိုပဲ စဉ်းစားတယ်။ အခုကတော့ ဖြစ်သင့်တဲ့ဟာကို ရွေးတယ်။ ကျွန်တော့်အတွက် ပညာရမယ့်ဟာတွေကိုပဲ သွားချင်တယ်။ အဲလိုနေရာတွေမှာ နေရတာပျော်တယ်။ အဲလိုပဲ စဉ်းစားပြီး ရွေးဖြစ်တယ်။ 
Voice  :   ရဲရင့်အောင်ရဲ့ ရွေးချယ်မှုတွေက နောက်ထပ်စိန်ခေါ်မှုသစ်တွေ ဖြစ်လာမှာလား။ 
YYA    :    ဟုတ်ကဲ့။ ဖြစ်လာနိုင်ပါတယ်။ ဘာပဲလုပ်လုပ် ကျွန်တော့်အတွက် ဒီဘက်မှာက အားလုံးက အသစ်အဆန်း ဖြစ်နေတဲ့အတွက် ဘယ်လိုကားပဲရိုက်ရိုက် စိန်ခေါ်မှုတစ်ခုအနေနဲ့ ကျွန်တော် အမြဲတမ်းခံစားရတယ်။ ရှေ့မှာရိုက်ထားတဲ့ကားတွေကတော့ Teamwork  နဲ့ လုပ်တယ်။ ဇာတ်ကားတိုင်းကတော့ Teamwork နဲ့ပဲ လုပ်ကြတာများပါတယ်။ ရှေ့ကားတွေကျတော့ အတွဲလိုက်အပြုံလိုက် တခြားသူငယ်ချင်းတွေရော သွားတယ်။ ဒီကားကျတော့ ကျွန်တော်ကာရိုက်တာကို ကျွန်တော်ပေါ့နော် ယောကျာ်းလေးတစ်ယောက်တည်း ပြောရတာမျိုးဖြစ်တဲ့အတွက် အဲဒီပေါ်မှာနေထိုင်တဲ့ပုံကို စဉ်းစားရတယ်။ ပုံစံပြန်ပြောင်းရတယ်။ 

ခင်ညိုညိုသိမ့်

Source : The Voice