fbpx

ဒိုမီနီကန် မူးယစ်မှောင်ခိုဂိုဏ်းခေါင်းဆောင်ကို ကိုလံဘီယာနှင့်FBI ပူးပေါင်းဖမ်းဆီး

ကိုလံဘီယာအာဏာပိုင်တွေနဲ့ အမေရိကန်ပြည်ထောင်စု ထောက်လှမ်းရေး ဗျူရို (FBI) တို့ ပူးပေါင်းပြီး ဒိုမီနီကန် မူးယစ်မှောင်ခိုဂိုဏ်း ခေါင်းဆောင်တယောက်ကို ဒီဇင်ဘာ ၂ ရက်နေ့က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြကြပါတယ်။

ပဲရာလ်တာလို့ အမည်ရတဲ့ အဲဒီမူးယစ်ခေါင်းဆောင်ဟာ FBI က အလိုရှိနေသူဖြစ်ပြီး သူဟာ ၂၀၀၇ ခုနှစ်က ၂၀၁၇ ခုနှစ်အထိ အမေရိကန်နိုင်ငံနဲ့ ကာရေဘီယံနိုင်ငံတွေက မူးယစ် မှောင်ခိုလုပ်ငန်းတွေမှာ ပါဝင်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

ဒါ့အပြင် ၂၀၁၈ ခုနှစ်မှာ ပွာတိုရီကိုကျွန်း အခြေစိုက် အမေရိကန်ခရိုင် တရားရုံးကလည်း သူ့ကို မူးယစ်မှောင်ခိုစွဲချက်တွေနဲ့ တရားစွဲဆိုထားပါသေးတယ်။ 

၂၀၁၉ ခုနှစ် သြဂုတ်လက ဒိုမီနီကန်နိုင်ငံမှာ ဘေစ့်ဘော အားကစားသမားဟောင်း နှစ်ယောက်ကို အသုံးချပြီး ငွေကြေးခဝါချခဲ့တယ်လို့ စွပ်စွဲခံရတဲ့ ဂိုဏ်းတဂိုဏ်းကို နှိမ်နင်းခဲ့ပါတယ်။

အဲဒီဂိုဏ်းဟာ ပဲရာလ်တာ ဦးဆောင်တဲ့ဂိုဏ်း ဖြစ်တယ်လို့ အဲဒီအချိန်တုန်းက အာဏာပိုင်တွေက ပြောခဲ့ကြပါတယ်။

ပဲရာလ်တာဟာ ကိုကင်း အပါအဝင် တခြားမူးယစ်ဆေးဝါးတွေကို တောင်အမေရိက ကနေ အမေရိကန်၊ ဥရောပအထိ ပို့ဆောင်တဲ့ ဒေသတွင်း အကြီးဆုံး မှောင်ခိုလုပ်ငန်းတွေထဲက တခုကို ထိန်းချုပ်ခဲ့သူလို့ အာဏာပိုင်တွေက ပြောပါတယ်။

Tags:

Source : DVB