fbpx

၂၀၁၈ ခုနှစ်တွင် ဝက်သက်ဗိုင်းရပ်စ် လူ ၁၀ သန်းခန့် ကူးစက်ခံရ၊ ၁၄၀၀၀၀ သေဆုံး

၂၀၁၈ ခုနှစ်မှာ လူအယောက် ၁၀ သန်းလောက် ဝက်သက်ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီး လူ ၁၄၀၀၀၀ သေဆုံးခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ကာကွယ်ဆေးနဲ့ ဇီဝဗေဒဌာန ညွှန်မှူး ဒေါက်တာ ကိတ်သ် အိုဘရိုင်ယန်ကပြော ပါတယ်။

 ပြီးခဲ့တဲ့ ၂၀၁၇ တုန်းက လူအယောက် ၇ ဒသမ ၅ သန်းကျော် ဝက်သက်ကူးစက်ခံခဲ့ပြီး ၁၂၄၀၀၀ ကျော် သေဆုံးခဲ့တာကြောင့် ပိုမိုတိုးလာတာပါ။

 ကူးစက်နှုန်းရော သေဆုံးနှုန်းပါ တိုးလာတာဟာ လူတွေ ကာကွယ်ဆေး မထိုးကြလို့ပဲလို့ ကိတ်သ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ကာကွယ်ဆေးမထိုးရေး လှုပ်ရှားသူတွေကြောင့် ဝက်သက်တိုက်ဖျက်ရေး လှုပ်ရှားမှုတွေ ပိုခက်ခဲနေတယ်လို့လည်း သူက ပြောပါတယ်။

“သိပ္ပံပညာရပ်ဆိုင်ရာ သက်သေတွေကို ငြင်းဆန်ပြီး ယုံကြည်မှုပြဿနာတွေကြောင့် ကာကွယ်ဆေးထိုးတာကို ဆန့်ကျင်တဲ့လူတွေ တိုးလာနေတယ်၊ ကာကွယ်ဆေးထိုးလို့ အောတဇင်လို ဉာဏ်ရည်မသန်စွမ်းနဲ့ တခြားပုံမမှန်တာတွေ ဖြစ်စေနိုင်တယ်ဆိုတဲ့ ယုံကြည်မှုတွေ ရှိနေတယ်” လို့ သူက ရှင်းပြပါတယ်။

ပစိဖိတ်သမုဒ္ဒရာတောင်ပိုင်းက ကျွန်းနိုင်ငံ ဆာမိုအာမှာတော့ ဝက်သက်ကူးစက်မှုကြောင့် လူအယောက် ၆၀ ကျော် သေဆုံးခဲ့ပြီးပါပြီ။ 

ကူးစက်မှု တိုက်ဖျက်ရေး မရှိမဖြစ် မဟုတ်တဲ့ ပြည်သူပိုင်နဲ့ ပုဂ္ဂလိက ဝန်ဆောင်မှုလုပ်ငန်း အားလုံးကို အစိုးရက ဒီဇင်ဘာ ၅ ရက်က စပြီး ပိတ်ပစ်ခဲ့ပါတယ်။

ကာကွယ်ဆေး မထိုးရေး လှုပ်ရှားမှုတွေကြောင့် ကူးစက်မှု တိုက်ဖျက်ရေး လုပ်ငန်းတွေလည်း ရှုပ်ထွေး နေပါတယ်။

Tags:

Source : DVB