fbpx

မာန်လျှော့သင့်ပြီဟု ရော်နယ်ဒိုကို ဂျူဗင်တပ်စ်ကစားသမားဟောင်း အကြံပြု

ပေါ်တူဂီအသင်းခေါင်းဆောင်ရော်နယ်ဒိုအနေနဲ့ မာန်တွေလျှော့ရတော့မယ့်အချိန်ဖြစ်တယ်လို့ ဂျူဗင်တပ်စ် ကစားသမားဟောင်းကြီး နီကိုလာအမိုရူဆိုက အကြံပေး တိုက်တွန်းလိုက်ပါတယ်။

အသက်အရွယ်ပိုင်းအရ ဘောလုံးသမားတယောက်ရဲ့နေ၀င်ချိန်ကို ရောက်နေပေမယ့် ရော်နယ်ဒိုကတော့ အသင်းနဲ့ သူ့အတွက်  အကောင်းဆုံးဖြစ်ချင်တဲ့ မာန်ကို မလျှော့နိုင်သေးတာ တွေ့မြင်နေရတယ်လို့ ဆိုပါတယ်။

ဒါဟာ သူ့ကိုသူ ဆွဲချနေသလိုဖြစ်တာကြောင့် အကောင်းဆုံးကစားသမားအဖြစ် ထိပ်ဆုံးမှာ ရှိနေချင်သေးတယ်ဆိုရင် သူထမ်းထားတဲ့တာဝန်တွေကို လျှော့ချပစ်မှရမယ်လို့ အမိုရူဆိုက သုံးသပ်ပါတယ်။

နည်းပြဆာရီရဲ့ လူစားလဲတာ ခံရပြီးတဲ့နောက် ရော်နယ်ဒိုရဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ပုံစံကို ပရိသတ်တော်တော်များများက သတိထားမိလာတာပါ။

ရော်နယ်ဒိုကတော့ သူဟာ ဒဏ်ရာရနေရင်‌တောင် အသင်းကို ကူညီချင်ကြောင်း ပြောဆိုခဲ့သလို ဘယ်ကစားသမားကမှတော့ လူစားလဲခံရတာကို သဘောမ‌ကျပေမယ့် အ‌ခြေအနေနဲ့ ပတ်သက်ပြီး နားလည်သလို အမှန်တကယ်လည်း သူ့အနေနဲ့ ကြံခိုင်မှု ပြည့်ဝခြင်းရှိမနေဘူးလို့ ၀န်ခံပြောကြားထားပါတယ်။

ဒါ့အပြင် နောက်ဆုံးကစားခဲ့တဲ့ နိုင်ငံအသင်းပွဲ ၂ ပွဲစလုံးမှာ ကြံ့ခိုင်မှုမပြည့်ဝပေမယ့် အရေးပါတဲ့ပွဲတွေဖြစ်လို့ နိုင်ငံအတွက်ရော ကလပ်အတွက်ပါ ဂုဏ်ယူစွာနဲ့ စတေးလိုက်တယ်လို့ ပြောကြားထားပါတယ်။

နည်းပြဆာရီနဲ့ ဆက်ဆံရေး မပြေမလည်ဖြစ်နေတယ်လို့ သတင်းတွေထွက်အပြီးမှာ ရော်နယ်ဒိုအနေနဲ့ တူရင်မြေကိုစွန့်ခွာမလားဆိုတဲ့ မေးခွန်းတွေ ထွက်လာပေမယ့် အသင်းရဲ့အားကစားဒါရိုက်တာ ဖေဘီယိုပက်ထရီစီကတော့ ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်နဲ့အတူ Ballon D’or ဆုရယူချင် နေသေးတာကြောင့် ကူညီပေးသွားမှာဖြစ်ပြီး လာမယ့်ရာသီ ဆက်ရှိနေမယ်ဆိုတာ သံသယဖြစ်ဖို့မလိုကြောင်း ပြောကြားသွားပါတယ်။

Tags:

Source : DVB