fbpx

ချားလိစ်သီယွန်က ၎င်းကြုံတွေ့ခဲ့ရသည့် အိမ်တွင်းအကြမ်းဖက်မှုအကြောင်း ထုတ်ဖော်ပြောကြား

သရုပ်ဆောင် ချားလိစ်သီယွန်က ၎င်း၏မိသားစုအတွင်း ၁၉၉၁ ခုနှစ်က ဖြစ်ပွားခဲ့သည့် အိမ်တွင်းအကြမ်းဖက်မှုအကြောင်းကို National Public Radio တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

၎င်း၏ မိခင်သည် ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်မှုအဖြစ် သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာတွင် ဖခင်ဖြစ်သူ သေဆုံးခဲ့ကြောင်း သီယွန်က ပြောကြားခဲ့သည်။

“အဲအချိန်တုန်းက အဖေက သေနတ်တစ်လက်နဲ့ အိမ်ထဲကို ဝင်လာတယ်။ အရက်တွေမူးနေလို့ လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်ဘူး။ အဖေက တံခါးကို တွန်းဖွင့်ပြီး အိပ်ခန်းထဲဝင်လာဖို့လုပ်နေတာမို့ ကျွန်မနဲ့ အမေက တံခါးကိုမှီထားတယ်။ အဖေက နောက်ပြန်ဆုတ်ပြီး တံခါးကို သေနတ်နဲ့ သုံးချက်ပစ်ခဲ့တယ်” ဟု သီယွန်က ဆိုသည်။

ယင်းအချိန်တွင် ၎င်း၏ အသက်သည် ၁၅ နှစ်သာ ရှိသေးသည်ဟု သီယွန်က ပြောကြားခဲ့သည်။

မိခင်ဖြစ်သူတွင် ရွေးချယ်စရာမရှိသဖြင့် ကိုယ့်ကိုယ်ကိုယ်ခုခံကာကွယ်ခဲ့ပြီး ခြိမ်းခြောက်မှုကို အဆုံးသတ်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ သီယွန်သည် မိခင် Gerda နှင့် ဖခင် Charles တို့နှင့်အတူ တောင်အာဖရိကရှိ ဂျိုဟန်နက်စဘာ့ဂ်မြို့အနီးတွင် ကြီးပြင်းခဲ့သည်။ မိဘများသည် လမ်းဆောက်လုပ်ရေးကုမ္ပဏီတစ်ခု၏ ပူးတွဲပိုင်ရှင်များဖြစ်ကြောင်း၊ ဖခင်သည် အလွန်အမင်း စိတ်ပျက်စရာကောင်းသူတစ်ဦးဖြစ်ပြီး အရက်ချိုးတစ်ဦးဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်သည် အော်စကာဆုရ သရုပ်ဆောင် သီယွန်အတွက် အိမ်တွင်းအကြမ်းဖက်မှု တိုက်ဖျက်ရေး ကြိုးပမ်းချက်များကို ပံ့ပိုးပေးရန် စေ့ဆော်ပေးသည့် အကြောင်းအရင်းတစ်ခုဖြစ်လာခဲ့သည်။

“ကျွန်မမိသားစုမှာ ကြုံတွေ့ခဲ့ရတဲ့ အိမ်တွင်းအကြမ်းဖက်မှုအကြောင်း ထုတ်ဖော်ပြောကြားရတဲ့အတွက် မရှက်ပါဘူး။ ဒီအကြောင်းတွေကို ကျွန်မတို့ ပြောပြမှ အိမ်တွင်းအကြမ်းဖက်မှုဆိုတာက တစ်ဦးတစ်ယောက်တည်းမှာပဲ ဖြစ်တာမဟုတ်ဘူးဆိုတာကို ပိုပြီး သဘောပေါက်လာလိမ့်မယ်လို့ ထင်တယ်” ဟု အသက် ၄၄ နှစ်အရွယ်ရှိ သီယွန်က ပြောကြားခဲ့သည်။

သီယွန်၏ဇာတ်ကားသစ် Bombshell သည်လည်း Fox News ရုပ်သံတွင် လိင်ပိုင်းစော်ကားမှုဖြစ်ပွားသည့် အကြောင်းအရာများကို အခြေခံရိုက်ကူးထားသည်။ ယင်းဇာတ်ကားတွင် သီယွန်က ရုပ်သံအစီအစဉ် တင်ဆက်သူ Megyn Kelly အဖြစ် သရုပ်ဆောင် ထားသည်။

Source : Eleven Media Group