fbpx

စင်ကာပူနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်အတွက် မြန်မာဇာတ်ကားပွဲဦးထွက်ပြသမှုအဖြစ် Now & Ever ပြသခဲ့ပြီး အခြားမြန်မာရုပ်ရှင်ဇာတ်ကားများလည်း ပြသရန်ရှိ

စင်ကာပူနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်အ တွက်ပွဲဦးထွက်မြန်မာဇာတ်ကားပြသမှုအဖြစ် Now & Ever ရုပ်ရှင်ဇာတ်ကားအား ပြသခဲ့ပြီး အခြားမြန်မာရုပ်ရှင်ဇာတ်ကားများလည်း သွားရောက်ပြသရန်ရှိကြောင်း သိရသည်။ မြန်မာရုပ်ရှင်ထုတ်လုပ်သူများအနေဖြင့် ပြည်တွင်းတွင်ရုံတင်ပြသခဲ့ပြီး ပရိသတ် စိတ်ဝင်စားအားပေးမှု များပြားသည့် ဇာတ်ကားအချို့အား ကိုယ်တိုင်စီစဉ်၍သော်လည်းကောင်း၊ ကြားခံစီစဉ်ပေးသည့် ကုမ္ပဏီ၏အစီအစဉ်ဖြင့်သော်လည်းကောင်း သွားရောက်ပြသကြခြင်းဖြစ်သည်။ စင်ကာပူရောက် မြန်မာပရိသတ်များအနေဖြင့် မြန်မာဇာတ်ကားများအား ပြည်တွင်းတွင် ရုံတင်ပြသသည်နှင့် အချိန်များစွာမကွာခြားဘဲ ကြည့်ရှုခွင့်ရရှိခြင်းဖြစ်သည်။

“ စင်ကာပူကပရိသတ်တွေရဲ့ အားပေးမှုနဲ့ပတ်သက်ရင်တော့ မုဒြာရဲ့ခေါ်သံမှာရော၊ ဥပါယ်တံမျဉ်ဇာတ်ကားမှာပါ မှတ်မှတ်ထင်ထင်ဖြစ်ရပါတယ်။ သူတို့တခဲနက်အားပေးမှုကြောင့်လည်း တတိယဇာတ်ကား Now & Ever ကို စိတ်တိုင်းကျဖန်တီးခွင့်ရခဲ့တာပါ။ အခု တတိယမြောက်ဇာတ်ကား ကိုလည်း စင်ကာပူပရိသတ်တွေကို ပြသခွင့်ရတဲ့အတွက် ဝမ်းမြောက်ရပါတယ်။ အားပေးကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်” ဟု ဒါရိုက်တာ ခရစ္စတီးနားခီက ဆိုသည်။

၂၀၂၀ နှစ်ဆန်းပိုင်းဖြစ်သည့် ဇန်နဝါရီ လဆန်းတွင် Now & Ever ဇာတ်ကားကို စင်ကာပူနိုင်ငံရှိ Carnival Cinema နှင့် Golden Village Cinema များတွင် သွားရောက်ပြသခဲ့ရာ၌ ပရိသတ်များကတခဲနက် အားပေးခဲ့သဖြင့် ပွဲစဉ်အချို့အား ထပ်တိုးပြသခဲ့ရသည်။ ဇန်နဝါရီ ၁၂ ရက်နှင့် ၁၉ ရက်များတွင်လည်း ပြည်တွင်းတွင်ပရိသတ် အားပေးမှုများပြားခဲ့သည့် ရိုးမပေါ်ကျတဲ့ မျက်ရည်ဇာတ်ကားအားပြသရန် စီစဉ်ထားကြောင်း သိရသည်။ ယင်းဇာတ်ကားပြသချိန်တွင်လည်း ဇာတ်ကားဖန်တီးသူ အနုပညာရှင်များက ပရိသတ်များနှင့် လာရောက်တွေ့ဆုံမည်ဖြစ်သည်။

ဖေဖော်ဝါရီလအတွင်းတွင်လည်း အချစ်ခံစားမှုကို ပုံဖော်သည့် မြန်မာဇာတ်ကားအချို့အား ပြသရန်စီစဉ်လျက်ရှိကာ ပရိသတ်များ၏ တောင်းဆိုမှုအပေါ်မူတည်၍ ပြသမည်ဖြစ်ကြောင်း သိရသည်။ စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူများ၊ ကျောင်းတက်ရောက်နေသူများစသဖြင့် မြန်မာလူမျိုးများအတွက် ရုပ်ရှင်ဇာတ်ကား ပြသခြင်း၊ ဂီတဖျော်ဖြေပွဲကျင်းပခြင်းများ ပိုမိုပြုလုပ်လာခြင်းဖြစ်သည်။

Source : Eleven Media Group