fbpx

America’s Got Talent The Champion Season 2 တွင်မြန်မာကိုယ်စားပြုအဖွဲ့ Junior Creative ပါဝင်ခွင့်ရခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ထိ တက်ရောက်ခဲ့

ကမ္ဘာ့နိုင်ငံအသီးသီးမှ Talent အကောင်းဆုံး ပညာရှင်များအား ရွေးချယ်စုစည်းကာ ယှဉ်ပြိုင်စေသည့် America’s Got Talent The Champion Season2 ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြုအဖွဲ့ Junior Creative ကပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ နိုင်ငံအလိုက် Talent ပြိုင်ပွဲများထဲမှ ဆုရရှိထားသူများအနက်မှ အကောင်းဆုံးသူများအား ပြန်လည်ရွေးချယ်ကာ ယှဉ်ပြိုင်စေခဲ့သည့် ပြိုင်ပွဲဖြစ်သည်။

America’s Got Talent ပြိုင်ပွဲကို ဇန်နဝါရီ ၅ ရက်၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာကိုယ်စားပြုအဖြစ် ပါဝင်ခွင့်ရခဲ့သည့် Junior Creative အဖွဲ့က ဖြစ်ရပ်မှန်ကို အခြေခံသည့် အကြောင်းအရာအား အကဖြင့် တွဲဖက်၍ တင်ဆက်ခဲ့ခြင်းဖြစ်သည်။ ယင်းတင်ဆက်မှုတွင် ငြိမ်းချမ်းစွာ နေထိုင်ခဲ့သည့် မိသားစုတစ်ခုမှ ပဋိပက္ခနှင့် စစ်ပွဲများကြောင့် သားသမီးနှင့် မိဘများ ခွဲခွာခဲ့ရပုံ၊ မောင်နှမသားချင်းများ ဝေးကွာခဲ့ရပုံ၊ အဆိုပါ မိသားစုမှ ကြီးပြင်းလာသူ မိန်းကလေးမှာ အရွယ်ရောက်လာသည့်အချိန် သူမကဲ့သို့ ခံစားနေရသူများအား စာနာနားလည်ပြီး အပြန်အလှန် ကူညီရိုင်းပင်းနေသည့် ကောင်မလေးတစ်ဦး၏ ဘဝဇာတ်ကြောင်းအား အကပညာဖြင့် တင်ဆက်ခဲ့ခြင်းဖြစ်သည်။

မြန်မာကိုယ်စားပြုအဖွဲ့ Junior Creative ၏ယှဉ်ပြိုင်မှုအား အစီအစဉ် တင်ဆက်သူနှင့် အကဲဖြတ်ဒိုင်များမှ ကောင်းမွန်သည့် comment များဖြင့် သုံးသပ်ပြောကြား ပေးခဲ့ကြကြောင်း သိရသည်။ အကဲဖြတ်ဒိုင်နှစ်ဦးက Junioir Creative အဖွဲ့၏ ကပြယှဉ်ပြိုင်မှုအပြီးတွင် မတ်တပ်ရပ်၍ လက်ခုပ်တီးကာ အသိအမှတ်ပြု အားပေးခဲ့ပြီး အကဲဖြတ်ဒိုင်များအားလုံးက တင်ဆက်မှုအတွက် ဂုဏ်ယူကာ အံ့အားသင့်ဖွယ် တင်ဆက်နိုင်ခဲ့သည်ဟု မှတ်ချက်ပြု ပြောကြားပေးခဲ့သည်။

Junior Creative အဖွဲ့သည် Myanmar’s Got Talent 2018 တွင် Winner ဆုရရှိခဲ့သည့်အဖွဲ့ဖြစ်ကာ သက်ငယ်မုဒိန်း ဖြစ်ရပ်များ ကာကွယ်တားဆီးရန်အတွက် အသိပညာပေး တင်ဆက်မှုကို အကဖြင့် အကောင်းဆုံး ပုံဖော်နိုင်ခဲ့သည့် အဖွဲ့ဖြစ်သည်။ America’s Got Talent သို့ မြန်မာကိုယ်စားပြုအဖြစ် ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့သည့် Junior Creative အဖွဲ့အား မြန်မာပရိသတ်များနှင့် အနုပညာရှင်များက ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် အားပေးစကားများ ပြောကြားခဲ့ကြသည့်အပြင် အခြားသော နိုင်ငံအချို့မှ ပရိသတ်များကလည်း အံ့အားသင့်ဖွယ် တင်ဆက်မှုအတွက် အားပေးကြောင်းကို အသိအမှတ်ပြု ရေးသားခဲ့ကြသည်။

Source : Eleven Media Group