fbpx

ဘောလိဝုဒ်သရုပ်ဆောင် ဒီပီးကာပါဒူကွန်က ဆန္ဒပြကျောင်းသားများကို ထောက်ခံခဲ့မှုကြောင့် လူမှုမီဒီယာတွင် အုတ်အော်သောင်းတင်းဖြစ်ခဲ့

ဘောလိဝုဒ်၏ ထိပ်တန်းသရုပ်ဆောင် တစ်ဦးဖြစ်သည့် ဒီပီးကာပါဒူကွန်သည် ယခုသီတင်းပတ်အတွင်း အိန္ဒိယတက္ကသိုလ်တစ်ခု၌ တိုက်ခိုက်ခံခဲ့ရသည့် ဆန္ဒပြကျောင်းသားများနှင့် တစ်သားတည်းဖြစ်ကြောင်း ပြသခဲ့ပြီးနောက် လူမှုမီဒီယာတွင် ဝေဖန်မှုနှင့် ချီးကျူးမှုတို့ကို ရင်ဆိုင်ခဲ့ရသည်။

အိန္ဒိယရှိ ရုပ်ရှင်သရုပ်ဆောင်များသည် ၎င်းတို့၏ဇာတ်ကားများ ပိတ်ပင်ခံရမှု (သို့မဟုတ်) ဘေးကင်းလုံခြုံရေးအတွက် ခြိမ်းခြောက်ခံရမှုကို စိုးရိမ်မှုများကြောင့် အစဉ်အလာအားဖြင့် နိုင်ငံရေးကို ရှောင်ဖယ်ခဲ့ကြသည်။ Forbes မဂ္ဂဇင်းတွင် အိန္ဒိယ၏ ဝင်ငွေအများဆုံး အမျိုးသမီးသရုပ်ဆောင်အဖြစ် ဖော်ပြခံခဲ့ရသည့် ဒီပီးကာသည် နယူးဒေလီတွင် ဇန်နဝါရီ ၇ ရက်ကပြုလုပ်ခဲ့သည့် ဆန္ဒပြမှုတွင် ပါဝင်ခဲ့ပြီး ယင်းအစဉ်အလာကို ချိုးဖောက်ခဲ့သည်။

Jawaharlal Nehru University (JNU) ကျောင်းဝင်းတွင် အစိုးရဆန့်ကျင်သည့် ကြွေးကြော်သံများ ဟစ်အော်နေသည့် ကျောင်းသားများနောက်၌ မတ်တတ်ရပ်နေသည့် ဒီပီးကာ၏ ဓာတ်ပုံများသည် လူမှုမီဒီယာတွင် ပျံ့နှံ့ခဲ့ပြီးနောက် ဇန်နဝါရီ ၁၀ ရက်တွင်ဖြန့်ချိမည့် ၎င်း၏ဇာတ်ကားသစ် Chhapaak ကို သပိတ်မှောက်ရန် တိုက်တွန်းမှုများ မြင့်တက်လာခဲ့သည်။

အက်ဆစ်ဖြင့် တိုက်ခိုက်ခံခဲ့ရသော်လည်း အသက်ရှင်သန်ပြီး ဘဝကို အသစ်တဖန် ပြန်လည်တည်ဆောက်သည့် အမျိုးသမီးတစ်ဦး၏ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားသည့် ယင်းဇာတ်ကားတွင် ဒီပီးကာက အဓိကဇာတ်ကောင်အဖြစ် ပါဝင်ထားသည်။

ဟောလိဝုဒ်အက်ရှင်ဇာတ်ကား xXx: Return of Xander Cage တွင် ဗင်ဒီဇယ်နှင့် တွဲဖက်သရုပ်ဆောင်ခဲ့သည့် ဒီပီးကာက ဆန္ဒပြမှုတွင် ပါဝင်ခဲ့မှုနှင့်ပတ်သက်ပြီး မည်သည့်ကြေညာချက်မှ မထုတ်ပြန်ခဲ့ပေ။

ဆန္ဒပြမှုတွင် ဒီပီးကာပါဝင်မှုကိုအချို့က ချီးကျူးခဲ့ကြပြီး #ISupportDeepika ဟု လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

ဂုဏ်သတင်းကြီးသည့် (JNU) တက္ကသိုလ်ဝင်းအတွင်းသို့ မျက်နှာဖုံးစွပ်ထားသည့် တိုက်ခိုက်ရေးသမားများ ဆူပူရမ်းကားခဲ့ပြီး နှစ်ရက်အကြာတွင် ဆန္ဒပြမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ မျက်နှာဖုံးစွပ်အမျိုးသားများက တုတ်များဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် လူ ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

Source : Eleven Media Group