fbpx

ဂျပန်ရုပ်ရှင်ဇာတ်ကားကောင်းများ ပြသမည့် ဂျပန်ရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့တွင် စတင်ပြုလုပ်လျက်ရှိပြီး ဝင်ကြေးအခမဲ့ဖြင့် ကြည့်ရှုအားပေးနိုင်

ဂျပန်ရုပ်ရှင်ဇာတ်ကားကောင်းများ ပြသမည့် ဂျပန်ရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့ရှိ နေပြည်တော်ရုပ်ရှင်ရုံ၊ JCGV Junction City ရုပ်ရှင်ရုံ၊ မင်္ဂလာတာမွေ ရုပ်ရှင်ရုံများ၌ ပြုလုပ်ရန်စီစဉ်ထားသည်ဟု သိရသည်။ အဆိုပါ ရုပ်ရှင်ပွဲတော်တွင် ဂျပန်နိုင်ငံမှ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ အချစ်အလွမ်းခံစားမှုများအား ပုံဖော်ထားသည့် ဇာတ်ကားများဖြင့် ပြသမည်ဖြစ်ကာ ဝင်ကြေးအခမဲ့ဖြင့် အားပေးကြည့်ရှုနိုင်မည်ဖြစ်သည်။ ဂျပန်ရုပ်ရှင်ပွဲတော်ကို ဇန်နဝါရီ ၁၀ ရက်မှ ၁၉ ရက်အထိ ပြုလုပ်နေခြင်းဖြစ်သည်။

“ ဂျပန်ရုပ်ရှင်ပွဲတော်ကို နှစ်စဉ်တိုင်းမှာလည်း ခမ်းနားစွာကျင်းပမြဲ ဖြစ်ပါတယ်။ ဒီနှစ်မှာလည်း အစဉ်အလာမပြတ် ကျင်းပသွားပါမယ်။ ဒီနှစ်မှာတော့ နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့ကြီး သုံးမြို့မှာ ကျင်းပသွားမှာပါ။ ရသစုံဇာတ်ကားအမျိုးအစားတွေ ပါဝင်သလို ဂျပန်တို့ရဲ့ ယဉ်ကျေးမှု၊ အစားအသောက်၊ နေထိုင်မှုပုံစံတွေကို တွေ့မြင်နိုင်မှာဖြစ်တဲ့အပြင် စိတ်လှုပ်ရှားစရာ ဇာတ်လမ်းကောင်းတွေလည်း ခံစားကြည့်ရှုနိုင်ပါမယ်” ဟု ဂျပန်ရုပ်ရှင်ပွဲတော်အတွက် တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဂျပန်ရုပ်ရှင်ပွဲတော်တွင်ပြသရန် ရွေးချယ်ထားသည့် Samurai Shifters ဇာတ်ကားမှာ ပဒေသရာဇ်ခေတ် အရှင်သခင်တစ်ဦး၏ ဖြစ်ရပ်မှန်အကြောင်းကို အခြေခံကာ ပုံဖော်ထားသည့် ဟာသဇာတ်မြူးဇာတ်ကား ဖြစ်သည်။ Masquerade Hotel ဇာတ်ကားတွင် စုံထောက်တစ်ဦးမှာ ဟိုတယ်ဝန်ထမ်း အယောင်ဆောင်ကာ ကွင်းဆက်လူသတ်မှုကို ဖော်ထုတ်သည့် လျှို့ဝှက်သည်းဖို ဇာတ်ကားတစ်ကားအဖြစ် ပုံဖော်ထားခြင်းဖြစ်သည်။ အင်နီမေးရှင်းဇာတ်ကားကောင်းဖြစ်သည့် Children of the sea ဇာတ်ကားတွင်လည်း နွေရက်ရှည်ကို တစ်ဦးတည်း ငြီးငွေ့စွာဖြတ်သန်းနေရသည့် ဆယ်ကျော်သက် မိန်းကလေးတစ်ဦးမှာ ပင်လယ်ရေသတ္တဝါများနှင့် ရင်းနှီးကျွမ်းဝင်လှသည့် ကောင်လေးနှစ်ဦးနှင့် တွေ့ဆုံခင်မင်ရာမှ စိတ်ဝင်စားဖွယ်များ ဖြစ်လာသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ A Banana? At This Time of Night ဇာတ်ကားမှာ အသက် ၃၄ နှစ်အရွယ်ရှိ ယာဆုအကိသည် ကြွက်သားကြုံလှီရောဂါကြောင့် လည်ပင်းနှင့် လက်များသာ လှုပ်ရှားနိုင်ပြီး ဝှီးချဲဖြင့် သွားလာနေရသူဖြစ်ကာ ၎င်းနှင့် စေတနာ့ဝန်ထမ်း မိန်းကလေးတို့ကြားမှ ဖြစ်ရပ်ကို ပုံဖော်ထားသည်။

Source : Eleven Media Group